Human Rights

ကျူးကျော်များ ရှင်းလင်းဖယ်ရှားမှု အရှိန်မြှင့်နေ

This article has been converted from Zawgyi One to Unicode

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျူးကျော်နေထိုင်သူများကို ရှင်းလင်းဖယ်ရှားမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။

ကျူးကျော်နေထိုင်သူများအား မည်သည့်အချိန်တွင် နောက်ဆုံးထား ရှင်းလင်းဖယ်ရှားသွားမည်ဟူ၍ ကန့်သတ်ထားခြင်း မရှိသော်လည်း ယခုအစိုးရ လက်ထက်ပါမက နောက်အစိုးရ လက်ထက်အထိပါ တောက်လျှောက် ရှင်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဧရာဝတီသို့ ပြောသည်။

“နိုင်သလောက်တော့ တောက်လျှောက် ရှင်းသွားမယ်။ နောက်အစိုးရရယ်၊ အခုအစိုးရရယ် မဟုတ်ပါဘူး။ ဘယ်နေ့ အပြီးဆိုတာတော့ မရှိပါဘူး။ အစိုးရအဆက်ဆက် ဒီကျူးတွေက ရှိနေမှာပဲလေ။ တာဝန်ရှိနေသရွေ့ ရှင်းနေရမှာပဲပေါ့” ဟု ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သောင်းဂဏန်းကျော်ရှိသည့် ကျူးကျော်နေအိမ်များကို ဖေဖော်ဝါရီလ နောက်ဆုံးထား အပြီးဖယ်ရှားသွားမည် ဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ ယင်းတို့ဌာနအနေဖြင့် ကျူးကျော်သူများနှင့် ကျူးကျော်ဖယ်ရှားသည့် ဝန်ကြီးဌာနအကြား ပြဿနာ မဖြစ်စေရန် လုံခြုံရေး ကူညီဆောင်ရွက်ပေးခြင်းသာ ဖြစ်ပြီး ဖယ်ရှားလိုက်သော ကျူးကျော်များအတွက် ပြန်လည် နေရာချထားရေး အတွက်ကိုမူ သက်ဆိုင်ရာ ဝန်ကြီးဌာနများကသာ အသေးစိတ်သိရှိ မည်ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

စီမံကိန်းနယ်မြေများအတွင်း ကျူးကျော်နေထိုင်သည်ဟုဆိုကာ ရန်ကုန်မြို့ ၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရပ်ကွက် ၇၃၊ ၇၄၊ ၇၅ နှင့် ၆၁ ရပ်ကွက်များရှိ ကျူးကျော်အိမ်ခြေ ၂၀၀ ကျော်ကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကို လုံခြုံရေးခေါ်ယူပြီး ဇန်နဝါရီ ၂၃ ရက်တွင် အင်အားသုံး ဖယ်ရှားခဲ့သည်။

ဖယ်ရှားခံရသည့် ကျူးကျော်များသည် ယင်းတို့၏ နေအိမ်များ ဖျက်ဆီးဖယ်ရှား ခံရသော်လည်း နေစရာမရှိသောကြောင့် ယင်းနေရာတွင်ပင် ပြန်လည်၍ ယာယီတဲများထိုးကာ နေထိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် စက်မှုဇုန်အတွင်းရှိ ရာနှင့်ချီသော ကျူးကျော်အိမ်များကိုလည်း ဇန်နဝါရီ ၂၅ ရက် နောက်ဆုံးထား၍ ပြောင်းရွှေ့ရန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက စာထုတ် ညွှန်ကြားထား ကြောင်းသိရသည်။

ဖယ်ရှားရန် ပထမအကြိမ် စာထွက်စဉ်က ဒေသခံများအနေဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် တိုင်းအစိုးရ အဖွဲ့ရုံးများထံသို့ အသနားခံစာ တင်ခဲ့သော်လည်း ထူးခြားမှုမရှိဘဲ ဇန်နဝါရီ ၂၁ ရက်က ဒုတိယအကြိမ် စာထုတ် အသိပေးခဲ့ခြင်း ဖြစ်ကြောင်း ယင်းနေရာတွင် နေထိုင်သူများက ပြောသည်။

“လာပြီးညှိနှိုင်းတဲ့ တာဝန်ရှိသူတွေကို ဒေသခံတွေက တောင်းပန်တယ်။ ၃ လပိုင်း အကုန်လောက်အထိ ဆက်နေခွင့်ပေးဖို့ပေါ့။ ဒါကို တာဝန်ရှိသူတွေက တိုင်းဝန်ကြီးချုပ်ကို ဖုန်းဆက်ပြီး ချက်ချင်းတင်ပြပေမယ့် မရဘူးလို့ ပြောတယ်။ မနက်ဖြန် ဖျက်မယ်ပြောတယ်။ စိုက်ခင်းတွေကိုတော့ ဒီအတိုင်း ထားခွင့်ရမယ်ပြောတယ်။ ကျန်တာတော့ ဒေသခံတွေ ညှိနှိုင်းနေတုန်းပဲ။ ကျနော်တို့ကတော့ အခုလိုလုပ်တာကို လုံးဝ လက်မခံနိုင်ဘူး။ စာတွေလည်း တင်ပြထားတယ်။ ညှိနှိုင်း ပြီးဆောင်ရွက်စေချင်တာ” ဟု မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာ ကုန်းတလပေါင်ရွာ မြဲမြံအောင် စိုက်ခင်းရပ်နေဒေသခံ ဦးရွှေသီးက ပြောသည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် အတွင်းရှိ စံချိန်မီ ရပ်ကွက်၊ အနောက်ပိုင်း ရပ်ကွက်၊ သီတာမြိုင်ရပ်ကွက်၊ ရွှေပြည်သာယာ ရပ်ကွက်၊ အေးမြသီတာ ရပ်ကွက်များရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် အကွက်ချ မြေနေရာများ နှင့် သီလဝါ အထူးစီးပွားရေးဇုန် မြေနေရာများတွင် ကျူးကျော် အဆောက်အအုံများ ဆောက်လုပ် ထားသည်ကို တွေ့ရှိရသဖြင့် ဆောက်လုပ်ထားသည့် ကျုးကျော်အိမ်များအား ၃ ရက်အတွင်း ဖျက်သိမ်းပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဇန်နဝါရီ ၁၁ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။

ကျူးကျော်နေထိုင်သူများကို ယာယီ ခိုလှုံနိုင်ရေးအတွက် မည်သည့် အစီအစဉ်မှ ပြုလုပ်ဆောင်ရွက်ထားခြင်း မရှိဘဲ ယခုကဲ့သို့ အင်အားသုံး ဖယ်ရှားခြင်းသည် အဖြေမှန်မဟုတ်ဘဲ နောက်တက်လာမည့် အစိုးရသစ်ကို အခက်အခဲပိုမို ဖြစ်စေမည်ဟုလည်း ဝေဖန်မှုများ ရှိနေသည်။

Loading