တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ယနေ့ မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အထူးသဖြင့် အစိုးရဖွဲ့စည်းရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး တို့ကို အဓိက ထားဆွေးနွေးကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
တပ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးရာတွင် ရွေးကောက်ပွဲလွန်ကာလ Transition နှင့် တည်ငြိမ် အေးချမ်း ရေး ကိစ္စရပ်များ၊ လွှတ်တော်နှင့်ပတ်သက်သော ကိစ္စရပ်များ၊ နောင်ဖြစ်ပေါ်လာ မည့် အစိုးရဖွဲ့စည်းရေး ဆိုင်ရာများ၊ NCA လက်မှတ် ရေးထိုးပြီးနောက်ပိုင်း ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ်မင်းအောင်လှိုင်တို့သည် ဒီဇင်ဘာလ ၂ ရက်နေ့က ပထမအကြိမ် တွေ့ဆုံခဲ့ပြီး ပထမအကြိမ် တွေ့ဆုံစဉ်က ၂ ဦးတည်း သီးသန့်တွေ့ဆုံခဲ့ခြင်းဖြစ်သော်လည်း ယခု ဇန်နဝါရီလ ၂၅ ရက်နေ့ တွေ့ဆုံရာတွင်မူ အဖွဲ့လိုက် တွေ့ဆုံခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အတူ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော် မြင့်မောင်နှင့် ဒေါက်တာတင်မျိုးဝင်း တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
“ဒေါက်တာတင်မျိုးဝင်းက အဓိက တပ်နဲ့ ရင်းနှီးမှုရှိတယ်။ တပ်မတော်က အရာရှိတွေနဲ့ သင်တန်း အတူတက်ဖူး တော့ ဆက်ဆံရေး ကောင်းတယ်။ ဒေါက်တာတင်မျိုးဝင်း တွေ့ဆုံမှုမှာ ပါလာတာက တပ်မတော်နဲ့ ဆက်ဆံရေး အဆင်ပြေလို့ အဓိကလို့ပဲ သုံးသပ်ပါတယ်။ အခြားအကြောင်းအရာတော့ မဖြစ်နိုင်လောက်ပါဘူး” ဟု NLD ကျန်းမာရေးကွန်ရက် အဖွဲ့ဝင် လွှတ်တော်အမတ် တဦးက သုံးသပ်သည်။
ယနေ့ တွေ့ဆုံမှုနှင့်ပတ်သက်၍ ဧရာဝတီက တပ်မတော်နှင့် NLD ထိပ်ပိုင်းခေါင်းဆောင်များထံ ဖုန်းခေါ် ဆိုခဲ့ သော် လည်း ဖုန်းကိုင်ခြင်းမရှိပေ။