ရန်ကုန်မြို့လည် ကိုလိုနီခေတ် အဆောက်အအုံများကြား တည်ရှိနေပြီး ရှေးဟောင်းအမွေအနှစ် တန်ဘိုးများ လျော့ကျစေသည်ဟု ဝေဖန်ခံနေရသော ပြင်ဆင်ဆောက်လုပ်ထားသည့် အဆောက်အဦး၏ လက်ရှိပုံစံသည် ရေးဆွဲတင်သွင်းခဲ့သော ဒီဇိုင်းပုံစံနှင့် များစွာကွဲပြားနေကြောင်း ဗိသုကာများက ပြောသည်။
ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်တွင်တည်ရှိသည့် ခြောက်ထပ်ထက်မနည်း မြင့်သည့် ရွှေဘဏ် အဆောက်အဦးကို ရွှေသံလွင်ကုမ္မဏီ Sky Net ရုပ်သံပိုင်ရှင် ဦးကျော်ဝင်းက ပြန်လည်ပြင်ဆင် တည်ဆောက်ခဲ့သည်။
ရွှေဘဏ် အဆောက်အအုံ၏ ရှေ့မျက်နှာပြင်ပိုင်းမှာ အညိုရောင် သတ္တုများဖြင့် ဖွဲ့စည်းထားသောကြောင့် ကြည့်ရဆိုးကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့(YHT) က ပြောသည်။ အဆိုပါ ရွှေဘဏ်အဆောက်အဦးဒီဇိုင်းက မြို့လည်ကောင် အမွေအနှစ် ထိန်းသိမ်းရေးဧရိယာနှင့် မလျော်ညီသောကြောင့် အဆောက်အဦး၏ ပြင်ပဒီဇိုင်းကို ပြန်ပြင်သင့်ကြောင်း (YHT) က အကြံပြုခဲ့သည်။ ထိုအဆောက်အုံနေရာသည် အာရှတွင် တနေရာတည်း ကျန်ရှိသည့် ကိုလိုနီခေတ် ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားသည့် အဆောက်အဦးများ ပြည့်နှက်နေသော မြင်ကွင်းဖြစ်သည်။
ယင်းအဆောက်အအုံ ပုံစံဒီဇိုင်းအား ရေးဆွဲပေးရန် ငှားရမ်းခံခဲ့သူ ဦးအောင်မြင့်က ဆောက်လုပ်သူများကို ပေးခဲ့သည့် သူရေးဆွဲထားသည့် ပုံစံဒီဇိုင်းနှင့် ယခုပုံစံဒီဇိုင်းသည် ၅၀ ရာခိုင်နှုန်း မတူဟု ဧရာဝတီသို့ ပြောသည်။ “အခု တွေ့နေရတဲ့ပုံစံက ကျနော် ရေးဆွဲခဲ့တဲ့ ပုံစံနဲ့ တော်တော်ကို ကွာနေပါတယ်” ဟု ဦးအောင်မြင့်က ပြောသည်။
ဦးအောင်မြင့်က ၎င်း၏ ဒီဇိုင်ကို အထပ် ၂၀ မှ ၈ ထပ်အထိ ပြန်လည်လျော့ချခြင်း အပါအဝင် ၁၀ ကြိမ်နီးပါး ထပ်ခါ တလဲလဲ ပြန်ဆွဲခဲ့ကြောင်း ရှင်းပြခဲ့သည်။ နောက်ဆုံးထုတ်သည့် ပုံစံဒီဇိုင်းကို လွန်ခဲ့သည့် ၈ နှစ်က ပေးခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများနှင့် လိုက်ဖက်နိုင်သော ရိုးရာနှင့် ဂန္တဝင် ဟန်များကို ထည့်သွင်းရေးဆွဲခဲ့ကြောင်း ဦးအောင်မြင့်ကပြောသည်။
“ရှေးဟောင်းအဆောက်အအုံတွေနဲ့ ကပ်လျက်ရှိနေတဲ့ နေရာမှာ ဒီလို ဒီဇိုင်းကို သုံးဖို့ ကျနော်အကြံပြုခဲ့တယ်။ ဒါပေမယ့် သူတို့က မသုံးခဲ့ဘူး”ဟု ဦးအောင်မြင့်က ပြောသည်။
အသက် ၆၆ နှစ်ရှိ မြို့ပြစီမံကိန်း ဗိသုကာပညာရှင် ဦးအောင်မြင့်က အဆောက်အအုံ စတင် ပြင်ဆင် ဆောက်လုပ်သော ၂၀၀၀ နှစ်များ အစောပိုင်းမှ လွဲ၍ နောက်ပိုင်း ဆောက်လုပ်ရေးကာလများတွင် ၎င်းအား မဆက်သွယ်ခဲ့ကြောင်း ပြောသည်။
“အဆောက်အအုံရဲ့ အပြင်ဘက်ကို အညိုရောင် သတ္တု အသုံးပြုမယ်ဆိုတာ ကျနော်ကို အသိမပေးခဲ့ပါဘူး။ သူတို့အနေနဲ့ ကျနော်ကို ပြောသင့်ပါတယ်။ ဒါပေမဲ့ မပြောခဲ့ဘူး။ ကြည့်ရတာ သူတို့ ပြောင်းချင်ရာကို သူတို့ အတွင်းလူ အင်ဂျင်နီယာတွေနဲ့ပဲ ပြောင်းလိုက်ကြပုံပဲ”ဟုလည်း ဦးအောင်မြင့်က ပြောသည်။
အဆောက်အဦး၏ အပြင်ဒီဇိုင်းပုံစံကို သဘောမတွေ့သော အခြားဗိသုကာများလည်း ရှိသည်။
မြန်မာနိုင်ငံ ဗိသုကာ အသင်း ဥက္ကဌ ဦးစန်းဦးက ထိုအဆောက်အအုံ၏ ဒီဇိုင်းကို ကန့်ကွက်ကြောင်း ဧရာဝတီသို့ ပြောသည်။ “ ရွာလယ်လမ်းပေါ် ပန်းကန်ပြားပျံတခု ရောက်နေသလို ဖြစ်နေတယ်။ ရှေးဟောင်း အဆောက်အအုံတွေရှိတဲ့နေရာမှာ တကယ့်ကို အမြင်ရှုပ်စေပါတယ်။ ပြန်ပြီး ပြင်ဆင်ဖို့ တောင်းဆိုပါတယ်”ဟု ဦးစန်းဦးက ပြောသည်။
အဆောက်အအုံအပြင်ဘက် ဒီဇိုင်းအား ပြန်လည်ပြင်ဆင်ရန် YHT၏ တောင်းဆိုမှုကို ထောက်ခံကြောင်းနှင့် “သူတို့ သဘောတူတယ်ဆိုရင် ကျနော် ပြန်ပြီး ပြင်ပေးချင်ပါတယ်”ဟု ဦးအောင်မြင့်က ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သတ်၍ မေးမြန်းရန် ရွှေသံလွင် ကုမ္မဏီအားဆက်သွယ် မရပေ။