ရန်ကုန်မြို့က အသက် ၈ နှစ်အရွယ် မိန်းကလေး မစုဝေ ရိုက်နှက်ညှဉ်းပန်း ခံရမှုနှင့် ပတ်သက်ပြီး ရိုက်နှက်သူ ဒေါ်သန်းနွဲ့ကို ကလေး သူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို အရေးယူသွားမည် ဖြစ်ကြောင်း ဗဟန်းမြို့နယ်တရားရုံး က ယနေ့ ညနေပိုင်းတွင် အမိန့်ချမှတ်လိုက်သည်။
မစုဝေ ရိုက်နှက်ညှဉ်းပန်းခံရမှုနှင့် ပတ်သက်ပြီး တိုင်တန်းချက် မှန်ကန်သည့်အတွက် ပဲခူးတိုင်း တောင်ငူမြို့တွင် နေထိုင်သည့် ဒေါ်သန်းနွဲ့အား လာရောက်စစ်ဆေးမှုခံယူရန် ဆင့်ခေါ်သည့် သမန်စာကို တောင်ငူမြို့နယ် ရဲတပ်ဖွဲ့ထံ ပေးပို့ဆင့်ခေါ်မည်ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီ လ ၈ ရက်တွင် စစ်ဆေးမည်ဟု တရားစွဲဆိုသင့် မသင့် အမိန့်ချမှတ်သည့် ယနေ့ ရုံးချိန်း၌ ဗဟန်းမြို့နယ် တရားသူကြီး ဦးကျော်နိုင်က ပြောသည်။
ယနေ့ ရုံးချိန်းသည် ငါးကြိမ်မြောက် ရုံးချိန်းဖြစ်ပြီး ထိုအမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက်က ဗဟန်းမြို့နယ် တရားရုံး၌ စတင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
အရိုက်ခံရသည့် မိန်းကလေး မစုဝေ နှင့် မိခင်တို့ကို ရန်ကုန်မြို့ နတ်မောက် လမ်းရှိ အမျိုးသမီး အသက်မွေး အတတ်ပညာကျောင်း ၌ ပို့ဆောင်ထားကြောင်း သိရသည်။
ထိုအမှုဖြစ်စဉ်မှာ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ တိုက်အမှတ် 25 (C/4) နေအိမ်တွင် အသက် ၈ နှစ်အရွယ် မိန်းကလေး ငယ်တဦး ဒူးထောက်လျက်ရှိနေပြီး ထိုကလေး၏ လက်နှစ်ဘက်ကို အမျိုးသမီးတဦးက နောက်ပြန် ကြိုးတုတ်နေသည့် ဓာတ်ပုံများ နိုဝင်ဘာ ၁၉ ရက်က လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးမှု ပြုလုပ်ခဲ့ရာမှ ထိုအမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ယင်း အမှုနှင့်ပတ်သက်ပြီး အိမ်ရှင်ဖြစ်သူ ဗိုလ်မှူး ကျော်နုမော် အနေနှင့် သက်သေအဖြစ် ရဲစခန်းတွင် သွားရောက် စစ်ဆေးခံရန် ကျန်ရှိ နေသေးသည့် အတွက် တရားရုံးမှ ရုံးချိန်း နှစ်ချိန်းအထိ ထပ်မံ စောင့်ဆိုင်းခဲ့ရသည်။
ပြီးခဲ့သည့် စတုတ္တအကြိမ်မြောက် ရုံးချိန်းတွင်မှ ဗိုလ်မှူး ကျော်နုမော် သက်သေထွက်ဆိုခဲ့သည့် အတွက် ရဲ လုပ်ထုံးလုပ်နည်း တင်ပြ ချက် ပြည့်စုံခဲ့၍ ယခုကဲ့သို့ ဒေါ်သန်းနွဲ့အား တရားစွဲဆို အရေးယူရန် အမိန့်ချမှတ် နိုင်ကြောင်း သိရသည်။
မစုဝေ အမှုအား လိုက်ပါကူညီပေးနေသည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မမီးမီးက “ကျမတို့ကတော့ ဒီအမှု နဲ့ ပတ်သက်ပြီး တရားဥပဒေ အဆုံးအဖြတ်ကို စောင့်ကြည့်မှာပါ။ အစိုးရ အပြောင်းအလဲမှာ မြန်မာနိုင်ငံရဲ့ဂုဏ်က ဒီအမှုကို တရားဥပဒေအတိုင်း ဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီအမှုက အားလုံးစိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အမှုလို့လည်း ပြော လို့ ရပါတယ်”ဟု ပြောဆိုသည်။