လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းမှုတွင် ဖမ်းဆီးခံရသူများ၏ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ မရရှိခြင်း နှင့် ပတ်သက်ပြီး စစ်တမ်းကောက်ယူ၍ ယနေ့ ထုတ်ပြန်လိုက်သည်။
ဖမ်းဆီးခံခဲ့ရသော ကျောင်းသားများ၊ ဝန်းရံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများကို ပိုမိုသိရှိနိုင်ရန် ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)၊ Justice Trust အဖွဲ့နှင့် လက်ပံတန်း အကြမ်းဖက်မှု တရားမျှတရေး ကော် မတီ တို့ ပူးပေါင်းပြီး ဆေးကုသခွင့် အကျပ်အတည်း ရှင်းလင်းချက် စစ်တမ်းကို ကောက်ယူခဲ့ပြီး ထုတ်ပြန်ခြင်း ဖြစ်သည်။
ထိုစစ်တမ်းကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း နှစ်လကြာ လေ့လာကောက်ယူခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်း လက်ပံတန်း ကျောင်းသား သပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု အတွင်း ရိုက်နှက်ခံခဲ့ရသူ ၇၀ ရာခိုင်နှုန်းသည် အကျဉ်းထောင်ထဲတွင် ဆေးကုသခွင့် မရရှိဘဲ ရောဂါပိုဆိုးလာသည့် အချိန်မှသာ ဆေးကုသခွင့်ရရှိသည်ကို စစ်ဆေးတွေ့ရှိရသည်ဟု ယင်း ဆေးကုသခွင့်ရှင်းလင်းချက် စစ်တမ်းနှင့် ပတ်သက်ပြီး ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗကသ မှ ပြောရေး ဆိုခွင့်ရှိသူ ကိုအောင်နေပိုင် က ပြောသည်။
“သာယာဝတီ ရုံးထုတ်ကို သုံးခေါက်သွားခဲ့တယ်။ တခေါက်နဲ့ တခေါက် စစ်ဆေးမှုမှာတွေ့ရတာက သူတို့ရဲ့ ကျန်းမာရေးက ပိုပြီး ဆိုးဝါး လာတာပါပဲ။ ဒါပေမယ့် သူတို့မှာ ဆေးကုသခွင့်တွင် မရပါဘူး။ ရောဂါဆိုးဝါးမှသာ ဆေးရုံတက်ခိုင်းတာကို တွေ့ရပါတယ်” ဟု ဗကသ မှ ကိုအောင်နေပိုင် က ပြောဆိုသည်။
လက်ပံတန်း အကြမ်းဖက်ဖြိုခွင်းမှုတွင် ပါဝင်သော ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်းရံပြည်သူများထဲတွင် ၇၀ ရာခိုင်နှုန်းသည် အကြမ်းဖက် ရိုက်နှက်ခံခဲ့ရကြောင်း ရိုက်နှက်ခံခဲ့ရသူများထဲမှ ၇၄ ရာခိုင်နှုန်းသည် ဆေးကုသခွင့် လုံးဝမရရှိခဲ့ကြောင်း၊ တချို့ဆိုလျှင် ဆေးမြီးတိုများဖြင့်သာ ရောဂါသက်သာရေးအတွက် အသုံးပြုခဲ့ရကြောင်းလည်း ထိုစစစ်တမ်းတွင် ဆက်လက်ဖော်ပြထားသည်။
လက်ရှိအချိန်အထိ အဖမ်းခံရသူများထဲမှ ဆေးရုံးတက် ကုသခွင့်ရရှိသူ စုစုပေါင်း ၂၂ ဦး ရှိသော်လည်း ဆေးကုသခွင့် ရရှိသူများသည် ၎င်းတို့ ခံစားနေရသည့် ရောဂါအခြေအနေ ပိုမိုဆိုးဝါးစွာ ဖြစ်ပွားခဲ့ပြီးမှသာ ဆေးဝါးကုသခွင့် ရရှိခဲ့ခြင်းဖြစ်သည်ဟု ကိုအောင်နေပိုင် က ဆက်ပြောသည်။
“ကိုအောင်မှိုင်းဆန်းတို့၊ ကိုမင်းမင်းဇော် တို့ဆိုရင် ဆေးရုံကသာ ဆင်းသွားရတယ်၊ နောက်ထပ်ဆေးကုသ စောင့်ရှောက်မှုတွေ ထပ် မရဘူး။ သူတို့က ရောဂါပျောက်လို့ ဆေးရုံဆင်းတာ မဟုတ်ပါဘူး။ ရောဂါအနည်းငယ် သက်သာတယ်လို့ ဆေးရုံကပြောလို့သာ သာယာဝတီ အကျဉ်းထောင်ကို ပြန်သွားရတာပါ။ အကျဉ်းထောင်ထဲ ရောက်သွားပေမယ့် ဆေးကုသ စောင့်ရှောက်မှု လုံး၀ မရရှိတော့ဘူး”ဟု ကိုအောင်နေပိုင်က ပြောဆိုသည်။
ကျန်းမာရေးဆိုးဝါးစွာ ခံစားနေရသည့် ကျောင်းသားများနှင့် ဝန်းရံသူ ၂၃ ဦး အနေဖြင့် အာမခံလျှောက်ထားမှုများ လုပ်ခဲ့သော် လည်း ၈ ဦးသာ အာမခံရရှိခဲ့ကြောင်း သိရသည်။
ဆေးကုသခွင့် အကျပ်အတည်း ရှင်းလင်းချက် စစ်တမ်း ကောက်ယူပြုစုရာတွင် ပါဝင်ခဲ့သော Justice Trust အဖွဲ့အစည်းသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာ တရားဥပဒေ အဖွဲ့အစည်း တခုဖြစ်ပြီး ဥပဒေနှင့် လူ့အခွင့်အရေး ဆုံးရှုံးမှုများကို အဓိက ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတခု ဖြစ်သည်။
အလားတူ လက်ပံတန်းအကြမ်းဖက်မှု တရားမျှတရေးကော်မတီသည် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၉ ရက်က စတင်ဖွဲ့စည်း လိုက်သည့် လက်ပံတန်း ကျောင်းသား သပိတ် အကြမ်းဖက်ဖြိုခွင်းမှုတွင် ပါဝင်ခဲ့သည့် ကျောင်းသားများ၊ ကျောင်းသားမိဘများနှင့် ဝန်းရံပြည်သူများ ပါဝင်သည့် အဖွဲ့အစည်းတခု ဖြစ်သည်။