ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်၊ ဆိုင်းတောင် ကျေးရွာအုပ်စုအတွင်းရှိ တစ်သုံးလုံး မြေစာပုံမှာ ဇန်နဝါရီလ ၂၅ ရက် နေ့လယ် ၃ နာရီကျော်က ပြိုကျခဲ့သဖြင့် ရေမဆေးကျောက် ရှာဖွေနေသူ ၃ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
ဖားကန့်မြို့၊ ရပ်မိရပ်ဖတဦးဖြစ်သူ ဦးဖိုးတူက“အခုတော့ ၃ ယောက်ပဲ အတည်ပြုနိုင်ပါတယ်။ ပျောက်နေတာတွေက ဘယ်သူမှန်း မသိဘူး။ ညပြန်မလာမှ ပျောက်တယ် ပြောလို့ရမှာ။ မနက်ကျမှ ရှာဖို့ အပျောက်စာရင်းကို အတည်ပြု ပြောနိုင်မှာပါ”ဟု ဧရာဝတီသို့ ပြောသည် ။
မြေစာပုံမှာ နေ့လည် ၃ နာရီကျော်တွင် ခါးလည်မှ ပြိုကျလာခဲ့ခြင်းဖြစ်ပြီး မြေစာပုံထိပ်တွင် ရေမဆေး ကျောက်ရှာနေသူတဦးနှင့် အောက်ခြေမှ ၂ ဦး မြေပုံပိသွားခဲ့ပြီး ၂ ဦးမှာ ထွက်ပြေး လွတ်မြောက်ခဲ့သည်ဟု ဖားကန့် ဒေသခံများက ပြောသည်။
ရေမဆေး ကျောက်သမားတဦးဖြစ်သည့် ကိုစိုင်းအောင်က“ဒီတခေါက်ပြိုတာ အရမ်းကြမ်းတယ်။ ခါးလည်ကနေ ပြတ်ပြီး ပြိုတာ။ ကျနော်တို့လည်း ပြိုပြီဆိုတာနဲ့ ခြေကုန်သုတ်ပြီး ပြေးလာတာ။ နောက်မှာ ဘာတွေဖြစ်လဲ မသိတော့ဘူး”ဟု ပြောသည်။
ယခုတကြိမ် ပြိုကျခဲ့သည့် တစ်သုံးလုံး မြေစာပုံမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း တကြိမ်ပြိုကျခဲ့ဖူးပြီး မြေစာပုံ အနီးတွင် နေထိုင်သည့် ရေမဆေးကျောက် ရှာဖွေသူ အလုပ်သမားတို့၏ အိမ်ခြေ ၈၀ ကျော် နှစ်မြုပ်ခဲ့ကာ လူဦးရေ ၁၅၀ ခန့် သေဆုံးခဲ့သည်ဟု ဖားကန့်ဒေသခံများက ပြောသည်။
၂၀၁၅ ခုနှစ်အတွင်း ဖားကန့်မြို့နယ်တွင် မြေစာပုံပြိုကျမှု ၆ ကြိမ်အထိ ဖြစ်ပွားခဲ့သဖြင့် ယင်းကိစ္စအပေါ် အများပြည်သူ၏ ဝေဖန်မှုများကြောင့် သတ္တုတွင်း ဝန်ကြီးဋ္ဌာနက လွှတ်တော်တွင် ရှင်းလင်း ပြောဆိုခဲ့ရသည်။
သတ္တုတွင်းဝန်ကြီးဌာန၏ စာရင်းများအရ ဖားကန့်မြို့တွင် ကုမ္မဏီ ၆၂၇ ခု ကို လုပ်ကွက်ပေါင်း ၇၇၁၄ ကွက် ၊ ကုမ္မဏီ ၂၃၀ ခုကို အစိုးရနှင့် အကျိုးတူ လုပ်ကွက် ၃၁၁ ကွက် တို့ ပေး၍ ကျောက်စိမ်း တူးဖော်ခွင့် ပြုထားသည်။
ဖားကန့်မြို့ အုပ်ချုပ်ရေးမှူး၏ ပြောဆိုချက်အရ ဖားကန့်မြို့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများမှ စွန့်ပစ်သည့် မြေစာပုံများတွင် ရေမဆေးကျောက် ကောက်နေသည့် အလုပ်သမား ၂ သိန်း ဝန်းကျင် ရှိသည်ဟု သိရသည်။
စွန့်ပစ်မြေစာပုံ ပြိုကျ၍ မတော်တဆ သေဆုံးသူများအရေးနှင့် ပြည်သူတို့ စိုးရိမ်မှုများကို ဖြေရှင်းနိုင်ရန် ပြည်ထောင်စု လွှတ်တော် တွင် ဆွေးနွေးထားသော်လည်း ပြည်ထောင်စု အစိုးရအဖွဲ့က ဖားကန့်ကိစ္စကို ဖြေရှင်းနိုင်ရန် လုပ်ငန်းများကို လုံး၀ ပိတ်သိမ်းခြင်း၊ ရဲတပ်ဖွဲ့က ထိန်းသိမ်းခြင်း၊ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်၍ လုပ်ငန်း ဆက်လက်လုပ်ကိုင်ခြင်း ဟူသည့် နည်းလမ်း ၃ ခုဖြင့် ဖြေရှင်း မည်ဟု ပြောဆိုထားသည်။
သို့သော် ယခုတဖန် လူသေဆုံးမှုများ ထပ်မံဖြစ်ပွားလာခြင်းအတွက် အစိုးရ၏ ဖားကန့်အရေး ကိုင်တွယ်မှုအပေါ် ဒေသခံများနှင့် ပြည်သူလူထုက မေးခွန်းထုတ်နေကြကြောင်း သိရသည်။