ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် နယ်ခြားစောင့်တပ်(BGF)နှင့် တိုးတက်သော ဗုဒ္ဒဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)တို့အကြား စစ်ရေးအခြေအနေ တင်းမာလျက်ရှိသည်ဟု သတင်းရရှိသည်။
စစ်ရေး တင်းမာရသည့် အကြောင်းရင်းသည် အစိုးရ တပ်မတော်နှင့် BGF တို့က DKBA တက်စခန်းရှိရာသို့ တိုးလာခြင်း၊ လက်နက် ကြီးဖြင့် ပစ်ခတ်မှုတို့ ပြုလုပ်လာခြင်းကြောင်း ဖြစ်ကြောင်း DKBA မှ ယာယီ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး ရဲထက်က ဧရာဝတီ သို့ ပြောသည်။
ယခု DKBA တပ်ဖွဲ့သည် ဗိုလ်ချုပ်ကြီး စောလားပွယ် ဦးဆောင်နေသည့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) အဖွဲ့ မဟုတ်ဘဲ ယင်းအဖွဲ့မှ ထုတ်ပယ်ခံထားရသူများ စုစည်း၍ ယခင် အဖွဲ့အမည်ဟောင်း ဖြစ်သည့် တိုးတက်သော ဗုဒ္ဒဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)အမည်ဖြင့် ပြန်လည် ဖွဲ့စည်းထားသည့် အဖွဲ့တဖွဲ့ ဖြစ်သည်။
DKBA မှ ဗိုလ်ကြီး ရဲထက်က“မနက် ၆ နာရီ ဝန်းကျင်က လက်နက်ကြီးနဲ့ပစ်တာ ၃လုံး ကျတယ်။ ကျနော်တို့ဘက်က ဘာမှမတုံ့ပြန် သေးဘူး။ သူတို့ဘက်က အင်အားတွေ တိုးပြီး ရှေ့တိုးလာတယ်။ ဒီအပေါ်မှာ ကျနော်တို့ စောင့်ကြည့်နေပါတယ်”ဟု ပြောသည်။
DKBA က ပြန်လည်ပစ်ခတ်ခြင်း မရှိသေးသော်လည်း အစိုးရဘက်မှ တပ်များ ထပ်မံ တိုးချဲ့လာပါက ပြန်လည် တုံ့ပြန်သွားမည် ဖြစ် ကြောင်း၊ ဒေသခံများကိုလည်း ကြိုတင် တိမ်းရှောင်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်ထားစေကြောင်း DKBA က ဇန်နဝါရီလ ၂၅ ရက်စွဲဖြင့် သတင်းလည်း ထုတ်ပြန်ထားသည်။
BGF နှင့် DKBA တို့သည် ဇန်နဝါရီလ ၂၃ ရက် ည ၁၀ နာရီ ဝန်းကျင်က ကော့ကရိတ်မြို့နယ်၊ ကောင်းမှု ကျေးရွာအနီးတွင် ၁ နာရီ ကျော် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားပြီးနောက် BGF နှင့်အတူ တပ်မတော်မှ တပ်ရင်းတချို့သည် DKBA တပ်ဖွဲ့များ တည်ရှိရာ ကောင်းမှု တောင်ကြားအနီးသို့ တိုးလာပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း ဗိုလ်ကြီး ရဲထက်က ပြော သည်။
အထက်ပါ ကိစ္စများနှင့် ပတ်သက်၍ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)မှ ပြောရေးဆိုခွင့်ရှိသူများထံသို့ ဧရာဝတီက ဆက် သွယ် ခဲ့ရာ ကျန်းမာရေး အခြေအနေအရ လည်းကောင်း၊ ခရီးသွားလာနေခြင်းတို့ကြောင့် လည်းကောင်း ဖြေကြားပေးနိုင်ခြင်း မရှိသေးဟု ပြောဆိုသည်။
ကော့ကရိတ်မြို့ ရဲစခန်းမှ တာဝန်ကျ ဝန်ထမ်းက“တပ်ဘက်ကတော့ လုံခြုံရေး သူတို့ ယူထားပါတယ်။ ကျနော်တို့ဘက်ကတော့ တာဝန်ယူပေးရတာ ထွေထွေထူးထူး မရှိပေမယ့် ညရေးညတာ ဆိုရင်တော့ သတိနဲ့ သွားလာရပါတယ်”ဟု ပြောသည်။
ကော့ကရိတ်မြို့မှ မြဝတီမြို့သို့သွားသည့် လမ်းဟောင်း(ကောင်းမှုဂိတ်)သည် ယခင်က ဗိုလ်မှူးချုပ် စောကျော်သက် ဦးစီးသည့် တပ်ဖွဲ့ဝင်များ၏ ဂိတ်ကြေးကောက်သည့် စခန်းဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော်နှင့် BGF က နေရာယူထားလိုက်သည်ဟု သိရသည်။
၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းက ကော့ကရိတ်မှ မြဝတီသို့ သွားသည့် အာရှ လမ်းမကြီးပေါ်တွင် အခွန်ကောက်ခံသည့် ဂိတ်များ ထားရှိခြင်းနှင့် ပတ်သက်၍ တပ်မတော်၊ BGF တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA)က ဗိုလ်မှူးချုပ် စောကျော်သက် ဦးစီးသည့် တပ်ရင်းတခုလုံးကို ထုတ်ပယ်လိုက်သည်။
ထို့အတူ ဗိုလ်မှူးချုပ် စောကျော်သက်တို့နှင့် ပူးပေါင်းခဲ့သည့် ကလို့ထူးဘော စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး စောဆန်းအောင်နှင့် တပ် မဟာ ၂ ခု ကိုလည်း ထုတ်ပယ်ခဲ့သည်။
ဗိုလ်မှူးချုပ် စောကျော်သက်၊ ဗိုလ်မှူးကြီး စောဆန်းအောင် တို့နှင့် တပ်ဖွဲ့ဝင်များ ထုတ်ပယ်ခံရပြီးနောက် တပ်မတော်၊ BGF တို့နှင့် ၎င်းတို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းများရှိပြီး အရှေ့တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကလည်း ဖမ်းဝရမ်းများ ထုတ်ပြန်ထားသည်ဟု သိရ သည်။
ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) လက်မှတ် ထိုးထားပြီး တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA)သည် တိုင်းရင်းသား လက်နက် ကိုင် အားလုံး မပါဝင်သဖြင့် NCA ကို လက်ခံနိုင်သည့် သဘောထား မရှိသေးကြောင်း ဧရာဝတီသို့ ပြောသည်။