အရှေ့ အာရှ အအေးလှိုင်းကြောင့် မြန်မာနိုင်ငံမှာ ဆောင်းရာသီတွင် အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းများ တိုက်ခတ်ခဲ့ပြီး အဆိုပါ ဖြစ်စဉ်များသည် အနည်းဆုံး ရက်အနည်းငယ်အထိ ဆက်လက်ဖြစ်ပေါ်နိုင်ခြေရှိကြောင်း နေပြည်တော်၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ)က အတည်ပြု ပြောကြားသည်။
မိုးလေဝသနှင့်ဇလဗေဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက“ဒီမိုးက မြန်မာနိုင်ငံ မြောက်ပိုင်းမှာ နည်းနည်း လျော့ သွားပြီ။ ဒါပေမယ့် တခြား နေရာတွေမှာတော့ နောက် ၂ ရက်လောက်အထိ တော်တော်များများ ရွာဖို့ ရှိတယ်။ ဒီလိုမိုးကို သီးနှံ ဖျက် မိုးလို့ ခေါ်တယ်။ ဆောင်းသီးနှံ စိုက်ပျိုးတဲ့ တောင်သူတွေမှာ ထိခိုက်မှု ရှိနိုင်ပါတယ်”ဟု ပြောသည်။
ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့နယ်အတွင်း ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီး ကြွေ ခြင်း၊ လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အသီးစတင် ဖြစ်ပေါ်နေသည့် ပဲစိုက်ခင်းတချို့ သီးနှံ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုလျက်ရှိသည်။
အာရှ အရှေ့ပိုင်းဒေသတွင် တိုက်ခတ်နေသည့် အအေးလှိုင်းဒဏ်သည် လက်ရှိအချိန်တွင် ထိုင်းနိုင်ငံအထိ သိသိသာသာ သက် ရောက်မှုများ ကြုံတွေ့နေရသော်လည်း မြန်မာနိုင်ငံအတွင်း မိုးရွာသွန်းမှု အခြေအနေများကြောင့် အအေးလှိုင်းဒဏ်မှာ မိုးရွာနေ သည့် ရက်ပိုင်းအတွင်း အနည်းငယ် သက်သာနေခြင်းဖြစ်ကြောင်း မိုး/ဇလဋ္ဌာနက ပြောသည်။
“အာရှ အရှေ့ပိုင်းမှာ ဖြတ်သန်းနေတဲ့ အအေးလှိုင်း အခြေအနေက မြန်မာနိုင်ငံအပေါ် ဘယ်လောက် သက်ရောက်မှု ရှိမလဲ ဆိုတာကို ထိုင်းနိုင်ငံက ထုတ်ပြန်တဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။ မနေ့ကတော့ ထိုင်းနိုင်ငံမှာ အအေးဒဏ် သိသိ သာသာ ကျဆင်းနေတယ်လို့ ပြောတယ်။ ကျနော်တို့ နိုင်ငံမှာက မိုးရွာနေလို့ နည်းနည်းခံသာတာပါ။ မိုးမရွာတော့ဘူးဆိုရင် တရုတ်နိုင်ငံရဲ့ အခြေအနေ ကောင်း၊ မကောင်းပေါ် မူတည်ပြီး မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်နိုင်ပါတယ်။ အခုလည်း မိုးရွာနေပေမယ့် အအေးဒဏ်က သိသိသာသာ ရှိနေတာကို ခံစားရပါတယ်”ဟု ဦးကျော်မိုးဦးက ဆိုသည်။
မိုးလေဝသ ပညာရှင် ဦးထွန်းလွင်ကလည်း လက်ရှိ ရွာသွန်းနေသည့် မိုးသည် ၂၅ ရက်နေ့မှစ၍ နောက်ထပ် ၅ ရက်အထိ မြန်မာ နိုင်ငံ အရှေ့ဘက်ပိုင်း ဒေသများ၊ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် မိုးအနည်းငယ် ရွာနိုင်ကြောင်း၊ မိုးရေ ချိန် ပမာဏမှာ အများဆုံး ၁ လက်မခန့်နှင့် ၁ လက်မအောက် လျော့နည်းနိုင်ကြောင်း သူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။
လက်ရှိ မိုးရွာသွန်းမှု ဖြစ်ပေါ်ရခြင်းသည် တရုတ်ပြည်မကြီး ကုန်းတွင်းပိုင်း အရှေ့မြောက် လေအေးများသည် မြန်မာနိုင်ငံ အရှေ့ ဘက် ထိုင်းနိုင်ငံအတွင်း တိုးဝင်လာသည့်အတွက် မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများတွင် လေထု မငြိမ်မသက်ဖြစ်ရာမှ မိုးတိမ်များ ဖြစ်ပေါ်ကာ မိုးရွာသွန်းမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း ဦးထွန်းလွင်က ပြောသည်။
ဦးထွန်းလွင်က“ဒီလို အရှေ့မြောက်လေအေးတွေ အားကောင်းကောင်းနဲ့ တိုးဝင်လာတာဟာ အန္တရာယ် ရှိပါတယ်”ဟု သူ၏ ဖေ့စ်ဘုတ်တွင် ရေးသားထားသည်။
မြန်မာနိုင်ငံတွင်လည်း မကြာသေးမီ ရက်ပိုင်းက နေရာအနှံ့အပြားတွင် သိသိသာသာ အအေးပိုခဲ့ပြီး တချို့နေရာများတွင် အနိမ့်ဆုံး အပူချိန် စံချိန်ချိုးသည်အထိ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုအခါတွင်လည်း မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် အချိန်အခါ မဟုတ် မိုးရွာ သွန်းမှုများ ဖြစ်ပေါ်လာနေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံနည်းတူ ဒေသတွင် အရှေ့အာရှ နိုင်ငံအများစုမှာ ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို ဆိုးဝါးစွာ ကြုံတွေ့နေရသည်။
တရုတ်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ် မြောက်ပိုင်း၊ အိန္ဒိယမြောက်ပိုင်းတို့တွင် အအေးလွန်ကဲနေပြီး တချို့ ဒေသများတွင် ဆီးနှင်းများ ကျဆင်းလျက် ရှိသည်။ အအေးဒဏ်ကြောင့် လူ ၈၅ ဦး ထိုင်ဝမ်တွင် သေဆုံးခဲ့သည်။ တရုတ်တွင် လူ ၈၀ ဒဏ်ရာ ရသည်။
ဂျပန်တွင် ၅ ယောက် သေဆုံးပြီး လူ ၁၀၀ ဒဏ်ရာရကြောင်း၊ တောင်ကိုရီးယားရှိ အပန်းဖြေကျွန်း ဂျေဂျူးတွင် လေကြောင်းလိုင်း များ ရပ်ထားသဖြင့် လူ ၉ သောင်းခန့် သောင်တင်နေသည်ဟု ဒေသတွင်း သတင်းများက ဖော်ပြသည်။