ယခုလအတွင်းတွင် ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့တဖွဲ့ ဆွစ်ဇာလန်နိုင်ငံသို့ သွားရောက်၍ ဖက်ဒရယ်စနစ်နှင့် ပတ် သက်၍ လေ့လာခဲ့ကြောင်း အဆိုပါအဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တခု၏ အဆိုအရသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် နှင့် ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့အစည်းတခုမှ အကြီးတန်း အဖွဲ့ဝင်တယောက်ဖြစ်သော စာနယ်ဇင်းသမား ဦးခွန် ဆိုင်းဂျာယန် တို့ကဲ့သို့သော ထင်ရှားသည့် သူများလည်း ကိုယ်စားလှယ် အဖွဲ့တွင်ပါဝင်နေသည်။
ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များနှင့် ပညာတတ်လူငယ်များက ဖက်ဒရယ်စနစ်နှင့် ပတ်သက်၍ လေ့လာခဲ့ကြကြောင်း အဆိုပါ အမည်မဖော်လိုသူ သတင်းရင်းမြစ်က ဧရာဝတီသို့ ပြောသော်လည်း အသေးစိတ် ကိုမသိရှိရပါ။
ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ၏ လက်နက်ကိုင်အဖွဲ့ အစည်း ဖြစ်သည့် ရှမ်းပြည်တပ်မတော်-တောင်ပိုင်း(SSA-S) ၏ တပ်မှူးဖြစ်သည်။ SSA-S သည် အင်အား ၇၀၀၀ ခန့်ရှိပြီး အောက်တိုဘာလအတွင်းက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သည့် လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ ထဲတွင် ပါဝင်ခဲ့သည်။
ဦးခွန်ဆိုင်းဂျာယန်သည် ဥရောပမြန်မာရုံး (EBO) ၏ အထောက်အပံ့ဖြင့် တည်ထောင်ထားသည့် ပြည်ထောင်စု အင်စတီကျုကို ကိုယ်စားပြု၍ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့ခြင်း ဖြစ်ပါသည်။ (EBO) ၏ ဒါရိုက်တာဖြစ်သော ဦးဟန်ညောင်ဝေသည် ရှမ်းစော်ဘွားမျိုးနွယ်ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်းတွင် သြဇာလွှမ်းမိုးနိုင်သော်လည်း သဘောထားကွဲပြားမှု ပုံရိပ်တခုလည်း ဖြစ်သည်။
ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့က See ခရိုင်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတခုဖြစ်သည့် Murten သို့ သွားရောက်လေ့လာခဲ့သည်ဟု သိရသည်။ ခရီးစဉ်ကို ဥရောပမြန်မာရုံး (EBO) က စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်း ဟုတ် မဟုတ်ကိုမူ ရှင်းလင်းစွာ မသိရပါ။