
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) နှင့် ဗိုလ်ချုပ် စောကျော်သက် ဦးစီးသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA) တို့အကြား ယနေ့နေ့လည် ၁နာရီခွဲခန့်က စတင်ကာ ကော့ကရိတ်မြို့နယ် ကောင်းမှုကျေးရွာ အနီး၌ တိုက်ပွဲထပ်မံ ဖြစ်ပွားနေကြောင်း BGF မှ ဗိုလ်မှူးနိုင်မောင်ဇော်က ဧရာဝတီ သို့ပြောသည်။
ပြီးခဲ့သည့် စနေနေ့ ညကလည်း ကောင်းမှုရွာအနီးမှာပင် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲကြောင့် ပျားပင်ကျေးရွာရှိ နေအိမ်တချို့လည်း မီးလောင်ပျက်စီးခဲ့သေးသည်။
အဆိုပါ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)အဖွဲ့ဆိုသည်မှာ ဗိုလ်ချုပ်ကြီး စောလားပွယ်ဦးစီး သည့် ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)မှ ထုတ်ပယ်ခံရသူများဖြစ်သည့် စောကျော်သက်၊ စောဆန်းအောင်တို့က ဦးဆောင်ကာ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့ကမှ မူလအမည်ဟောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)အမည်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။