ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် စက်မှုဇုန်ဝင်းအတွင်းရှိ အိမ်ထောင်စု ၅၀၀ ကျော်ကို ကျူးကျော် နေထိုင် သည်ဟုဆိုကာ ရဲတပ်ဖွဲ့နှင့် အရပ်ဝတ် လူအင်အား ၁၅၀၀ ခန့်က ယနေ့ နံနက် ၇ နာရီခန့်တွင် အင်အားသုံး ဝင်ရောက် ရှင်း လင်းကြောင်း သတင်း ရရှိသည်။
ထိုသို့ အင်အားသုံး ဖယ်ရှားသဖြင့် မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်ကျေးရွာ ပျဉ်းမပင် စက်မှုဇုန်ဝင်းအတွင်းရှိ မြေ ၅၆၀ ဒသမ ၀၆ ဧက တွင် နေထိုင်သည့် လူပေါင်း ၂၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ယင်းနေရာတွင် နေထိုင်သူများက ဧရာဝတီသို့ ပြော သည်။
ရဲလုံခြုံရေးနှင့် ဦးထုပ် အပြာဝတ် တစက(ရက) အမည်ပါ ကတ်ပြားများ ဆွဲထားသည့် အရပ်ဝတ်လူများက ယင်းနေရာရှိ အိမ်များ၊ ခြံစည်းရိုးများနှင့် စိုက်ခင်းများကို တုတ်များ၊ ဓားများသုံး၍ ဖယ်ရှားရှင်းလင်းခြင်းနှင့် အိမ်များကို စက်ယန္တရားကြီးများ အသုံးပြုကာ ဖြိုချ ဖျက်ဆီးပစ်ခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း ၎င်းတို့က ပြောဆိုသည်။
အိမ်အဖျက်ခံရသူ တဦးဖြစ်သည့် ဒေါ်အေးရွှေ ဆိုသူ အမျိုးသမီးက“သမ္မတ ဦးသိန်းစိန် ပြောတော့ နေရာတခုမှာ ၅ နှစ်ထက် ပိုနေ ရင် ကျုးကျော် မဟုတ်ဘူးဆိုပြီး အခုတော့ ဖျက်ဆီးတယ်။ ကူညီပါရစေဆိုတဲ့ ရဲတပ်ဖွဲ့ကလည်း ဖျက်ဆီးတဲ့အထဲ ပါတယ်။ မိုးထဲ လေထဲမှာ ကလေးတွေ ကျောင်းမသွားရတော့ဘူး။ အလုပ်သမားတွေ အလုပ်အကိုင်ပျက် ရတယ်။ ကိုယ့်မြန်မာပြည်မှာနေပြီး နေစရာ မရှိဘူး။ ကျုးကျော်လို့ သတ်မှတ်ခံရတယ်။ လုံးဝ တရားမျှတမှု မရှိဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ထိုနေရာကို ပိုင်ဆိုင်သူမှာ မည်သူဖြစ်ကြောင်း မရှင်းလင်းသေးသော်လည်း ဇန်နဝါရီလ ၂၅ ရက်က မြန်မာ့စီးပွားရေး ဦးပိုင် လီမိ တက်၊ တပ်မတော်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံများ ဆွေးနွေးခဲ့ရာတွင် သီးပင်စားပင်နှင့် စိုက်ခင်းများကို လုံးဝဖျက်ဆီးမည်မဟုတ်ဘဲ နေအိမ်များကိုသာ ဇန်နဝါရီ ၂၅ ရက်တွင် နောက်ဆုံးထား ဖျက်သိမ်းရန် ညွှန်ကြားခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက တာဝန်ရှိသူများကို ပြောဆိုခဲ့သည်ဟု ဒေသခံများက ပြောပြသည်။
“လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကတည်းက ချုံနွယ်တွေကို ရှင်းလင်းပြီး နေလာတဲ့ ဓားမဦးချမြေယာတွေကို အခုမှ သူတို့ပိုင်တယ်ဆိုပြီး လုပ်ကြတာ။ ဝန်ကြီးဌာနတွေကို စာတင်တော့ အကြောင်းကြားစာရပါသည်ဆိုတဲ့ အကြောင်းပြန်တာကလွဲပြီး ပြည်သူတွေကို ပြန်မကြည့်ဘူး”ဟု ကျူးကျော်အဖြစ် သတ်မှတ်ခံရသူ တဦး ဖြစ်သော ဦးအောင်ကိုဦး က ပြောသည်။
မင်္ဂလာဒုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အဆိုပါမြေနေရာကို အမိန့်မရှိဘဲ လက်ရှိ လုပ်ကိုင်နေထိုင်လျက်ရှိသူများ အနေဖြင့် မနေထိုင်ဘဲ ထွက်ခွာသွားရမည့်အပြင် ၎င်းမြေပေါ်ရှိ အစိုးရပိုင်ပစ္စည်းမှ တပါး အခြားပစ္စည်းများကို ရွှေ့ပြောင်းရမည် ဖြစ် ကြောင်း၊ မလိုက်နာသူများကို ဖမ်းဆီး၍ ရက်ပေါင်း ၃၀ အကျဉ်းချ ပြစ်ဒဏ် သတ်မှတ်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၇ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်ဟု သိရသည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့က ကျူးကျော်နေထိုင်သူများအား မည်သည့်အချိန်တွင် နောက်ဆုံးထား ရှင်းလင်း ဖယ်ရှားသွားမည်ဟူ၍ သတ်မှတ်ထားခြင်း မရှိသော်လည်း ယခုအစိုးရ လက်ထက်သာမက နောက်အစိုးရ လက်ထက်အထိပါ တောက်လျှောက် ရှင်းလင်း သွားမည်ဟု ထုတ်ပြန် ပြောဆိုထားသည်။
ဇန်နဝါရီ ၂၄ ရက်ကလည်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရပ်ကွက် ၇၃၊ ၇၄၊ ၇၅ နှင့် ၆၁ ရပ်ကွက်များရှိ ကျူးကျော် အိမ်ခြေ ၂၀၀ ကျော်ကို ရဲလုံခြုံရေးများဖြင့် အင်အားသုံး ရှင်းလင်းဖျက်ဆီးခဲ့ရာ လူဦးရေ ထောင်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။
ထို့နည်းတူ ကျောက်တန်းမြို့နယ် အတွင်းရှိ စံချိန်မီ ရပ်ကွက်၊ အနောက်ပိုင်း ရပ်ကွက်၊ သီတာမြိုင်ရပ်ကွက်၊ ရွှေပြည်သာယာ ရပ်ကွက်၊ အေးမြသီတာ ရပ်ကွက်များရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် အကွက်ချ မြေနေရာများ နှင့် သီလဝါ အထူးစီးပွားရေးဇုန် မြေနေရာများတွင် ကျူးကျော် အဆောက်အအုံများ ဆက်လုပ်သည်ဟုဆိုကာ ဖယ်ရှားရန် ကျောက်တန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဋ္ဌာနက အမိန့်ထုတ်ပြန်ထားသည်ဟု သိရသည်။