Environment

မြန်မာနိုင်ငံ မြောက်ပိုင်း ရေခဲမှတ်အောက်အထိ အအေးပိုမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် ဆောင်းရာသီ ဖြစ်သော်လည်း ယခုရက်ပိုင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် မြောက်ပိုင်း ဒေသ၌ ရေခဲမှတ် အောက်ထိ ကျဆင်း၍ အအေးပိုမည်ဟု နေပြည်တော် မိုးလေဝသ နှင့် ဇလ ဗေဒ ဒု ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဧရာဝတီ သို့ ပြောသည်။

မြန်မာပြည် မြောက်ပိုင်း ဒေသဖြစ်သည့် ကချင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်တွင် ယခုရက်ပိုင်း အအေးပိုလာမည် ဖြစ် သကဲ့သို့ တချို့နေရာတွင် ရေခဲမှတ်အောက် အထိ အပူချိန် ကျဆင်းမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောပြသည်။

“အဓိကကတော့ ချင်းပြည်နယ် ဟားခါးမှာ ရေခဲမှတ်အောက် ၂ ဒီဂရီ ရှိပြီး ရှမ်းပြည်နယ် လွိုင်လင်မှာဆိုရင် ၂ဒီဂရီ၊ ၃ဒီဂရီ အထိ ရှိမယ်။ ကချင်ပြည်နယ် ပူတာအို မှာလည်း ၃ဒီဂရီ လောက်အထိ အေးမယ်။ နောက်ထပ် ၂ရက် ၃ရက်ထိ ဆက်အေးနေဦးမယ်”ဟု ဦးကျော်မိုးဦး က ပြောသည်။

မြန်မာနိုင်ငံတွင် မကြာသေးမီ ရက်ပိုင်းက နေရာအနှံ့အပြားတွင် သိသိသာသာ အအေးပိုခဲ့ပြီး တချို့နေရာများတွင် အနိမ့်ဆုံးအပူချိန် စံချိန်ချိုးသည်အထိ ဖြစ်ပေါ်ခဲ့သည်။

ရှမ်းပြည်နယ် တောင်ပိုင်းလွိုင်လင်မြို့တွင် ယမန်နေ့မှ စတင်၍ နှင်းမိုးများရွာသွန်းခဲ့ပြီး ဒေသခံများ အိမ်ပြင်သို့ ထွက်ရန် ခက်ခဲသည် အထိ အေးနေကြောင်း၊ ကလေး စာသင်ကျောင်းများပါ ပိတ်လိုက်ရသည့် အထိ နှင်းမိုးရွာသွန်းနေကြောင်း လွိုင်လင်မြို့ ဒေသခံ ဒေါ်နန်းရွှေအုံ က ဧရာဝတီ သို့ ပြောသည်။

“အခုချိန်ထိ နှင်းမိုးတွေ ရွာနေတယ်။ လောလောဆယ်တော့ အအေးဒဏ် တော်တော်ခံစားနေရတယ်။ အရမ်းအေးလို့ ပြည်သူတွေ အပြင်တောင် မထွက်နိုင်ဘူး”ဟု ဒေါ်နန်းရွှေအုံ က ပြောပြသည်။

ရှမ်းပြည်နယ် တောင်ပိုင်း တချို့ဒေသဖြစ်သည့် မိုင်းရှူးမြို့နှင့် ပင်လုံမြို့တွင် ယမန်နေ့က မိုးသီးများကျပြီး အအေးပိုလာကြောင်း လည်း ဒေသခံများက ပြောဆိုသည်။

ချင်းပြည်နယ် ဟားခါး မြို့ ဒေသခံတဦးကလည်း“ကျနော်တို့ ဆီမှာကတော့ ရေခဲတဲ့အထိပါပဲ။ နှင်းမိုးတွေ ရွာတာကတော့ မရှိပါဘူး။ အားလုံးကတော့ စိုးရိမ်စရာ မရှိပါဘူး။ ကျနော်တို့ ဆီမှာကတော့ ရေခဲမှတ် ၂ဒီဂရီကတော့ အရင်နှစ်တွေမှာ ရှိခဲ့ဖူးပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

ကချင်ပြည်နယ် တရုတ် မြန်မာနယ်စပ် ဒေသရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများတွင်လည်း ရေခဲမှတ်အထိ အအေးဒဏ် ခံနေရကြောင်း၊ ယခုရက်ပိုင်း ရေပိုက်ထဲရှိ ရေများခဲသည်အထိ ဖြစ်ပြီး ရေခက်ခဲမှု အနည်းငယ်ရှိကြောင်းကိုလည်း ကချင်ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဟိန်းဝေါမ် ကလည်း ပြောပြသည်။

အရှေ့အာရှ အအေးလှိုင်းကြောင့် မြန်မာနိုင်ငံ ဆောင်းရာသီတွင် အချိန်အခါ မဟုတ် မိုးရွာသွန်း၍ လေပြင်းများ တိုက်ခတ်ခဲ့ပြီး အဆိုပါ ဖြစ်စဉ်များသည် အနည်းဆုံး ရက်အနည်းငယ်အထိ ဆက်လက် ဖြစ်ပေါ်နိုင်ခြေရှိကြောင်းကိုလည်း နေပြည်တော် မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာန (မိုး/ဇလ) က ပြောသည်။

လက်ရှိ မိုးရွာသွန်းမှု ဖြစ်ပေါ်ရခြင်းသည် တရုတ်ပြည်မကြီး ကုန်းတွင်းပိုင်း အရှေ့မြောက် လေအေးများသည် မြန်မာနိုင်ငံ အရှေ့ ဘက် ထိုင်းနိုင်ငံအတွင်း တိုးဝင်လာသည့်အတွက် မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများတွင် လေထု မငြိမ်မသက်ဖြစ်ရာမှ မိုးတိမ်များ ဖြစ်ပေါ်၍ မိုးရွာသွန်းမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က ပြောကြားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading