စစ်ကိုင်းတိုင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပါဝင်သော လယ်မြေများအား သီးနှံလျော်ကြေးပေးရန် နေ့စဉ်တောင်းဆို နေသည့် ဒေသ ခံများကို ဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် လျော်ကြေးပေးရန် အစီအစဉ်မရှိဟု လာရောက်ပြောဆိုကြောင်း သိရသည်။
ဒေသခံများ တောင်းဆိုနေသည့်နေရာသို့ ယမန်နေ့ နေ့လယ်ပိုင်းက ဝမ်ပေါင်ကုမ္ပဏီဘက်မှ တာဝန်ခံ ဦးသန်းထိုက်၊ စစ်ကိုင်းတိုင်း နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်တို့ အပါအဝင် တာဝန်ရှိသူများ လာရောက်ပြီး ဒေသခံများနှင့် တွေ့ဆုံ၍ သီးနှံလျော်ကြေးများ မပေးနိုင်ကြောင်း ပြောကြားသွားသည်ဟု တုံရွာ ဒေသခံတဦးဖြစ်သည့် ဒေါ်မာမာချိုက ပြောသည်။
ကြေးနီစီမံကိန်းတွင် ပါဝင်နေသည့် မြေယာလျော်ကြေး မယူထားသော လယ်ယာမြေများထဲမှ သီးနှံများအတွက် တနှစ်စာ သီးနှံလျော်ကြေးအဖြစ် တဧကလျှင် ကျပ် ၂ သိန်းမှ ၄ သိန်းကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ အတွင်းကရရှိခဲ့ပြီး ၂၀၁၅ ခုနှစ် တနှစ်စာ သီးနှံလျော်ကြေး ထပ်မံရရှိရန်နှင့် အလုပ်အကိုင်များ ဖန်တီးပေးရန် ဒေသခံများက ပြီးခဲ့သည့် ဒီဇင်ဘာလ ကတည်းက တောင်းဆိုနေကြခြင်း ဖြစ် သည်။
“ကျမတို့ ဒေသခံတွေဘက်က အယောက် ၃၀၀ နီးပါးလောက် လာကြတယ်။ သူတို့ဘက်ကလည်း နယ်လုံဝန်ကြီးရော ဝမ်ပေါင်က တာဝန်ရှိသူပါလာပြီး လယ်ယာမြေတွေထဲမှာ သီးနှံတွေစိုက်ပျိုးထားတာ မရှိလို့ လျော်ကြေးမပေးနိုင်ဘူးလို့ ပြောတယ်။ မနှစ် ကတည်း က ကျမတို့ လယ်ယာမြေတွေကို အတင်းခြံဝင်ခတ်ထားတာ ဘယ်လိုလုပ် သီးနှံစိုက်လို့ရမှာလဲ။ မနှစ်မိုးတွင်းကတည်းက ကျမတို့လည်း ကိုယ့်လယ်ကိုယ်ထွန်ဖို့ သူတို့ကို တောင်းဆိုခဲ့ပါတယ်။ သူတို့က လက်မခံလို့ မစိုက်ခဲ့ရတာပါ။ အခုမစိုက်လို့ မပေး ဘူးပြောတော့ ကျမတို့ ဒေသခံတွေနဲ့ အခြေအတင် ဖြစ်နေပါတယ်”ဟု ဒေါ်မာမာချိုက ဧရာဝတီကို ပြောသည်။
ဒေသခံများအား သီးနှံလျော်ကြေး ပေးရန် ရှိ၊ မရှိ သိရှိနိုင်ရန် ယမန်နေ့ ညနေပိုင်းက ဝမ်ပေါင်ကုမ္ပဏီကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းရာ ဝမ်ပေါင်ကုမ္ပဏီ၏ တာဝန်ရှိသူ Mr Dong Yunfei က ထိုကိစ္စသည် အစိုးရ၏ ဆုံးဖြတ်ချက်ဖြင့်သာ သက်ဆိုင် သည်ဟု ဖြေကြားသည်။
“ကျနော်တို့မှာ ဒီအတွက် လျော်ကြေးပေးဖို့ အစီအစဉ် မရှိပါဘူး။ ဒီကိစ္စကို အစိုးရပိုင်းက ရှင်းရမှာပါ။ အခုထိ အစိုးရပိုင်းက မဆုံးဖြတ်ရသေးဘူး ထင်တယ်။ ဒါကြောင့် ကျနော်တို့လည်း အစိုးရဘက်က ဆုံးဖြတ်ချက်ရလာမှ အဲဒီဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက် သွားမှာပါ” ဟု Mr Dong Yunfei က ဧရာဝတီကို ပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် လယ်ယာမြေဧက ၇,၀၀၀ ကျော်တွင် အကောင်အထည် ဖော်နေခြင်းဖြစ်ပြီး ထိုလယ် ယာ မြေ ၏ သုံးပုံနှစ်ပုံခန့်မှာ လယ်ယာမြေ လျော်ကြေးများ ရယူထားခြင်းမရှိကြောင်း တုံရွာဒေသခံ ဒေါ်မာမာချိုက ပြောဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက သီးနှံလျော်ကြေးပေးရန် ဝမ်ပေါင်ကုမ္ပဏီရှေ့သို့ သွားရောက်တောင်းဆိုခဲ့မှုကြောင့် မိုးကြိုးပြင်ကျေးရွာမှ ဦးဝင်းကျော်၊ တုံရွာမှ ဒေါ်မာမာချိုနှင့် မညိုလေး၊ အလယ်တောရွာမှ ဒေါ်စန္ဒာ အပါအဝင် ၆၅ ဦးကို ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် သက်ဆိုင်ရာက အရေးယူ အမှုဖွင့်ထားသည်ဟုလည်း ဒေါ်မာမာချို ပြောပြသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေ သိမ်းဆည်းခံထားရသည့် မိုးကြိုးပြင် အလယ်ရွာ၊ တောင်ရွာ၊ မြောက်ရွာ၊ လယ်တီရွာ၊ ဆီးတောရွာ၊ တောကျောင်း၊ ရွာသစ်၊ အလယ်တော၊ ဝှက်မှေးနှင့် ဆည်တည်းရွာမှ တောင်သူများက သီးနှံလျော်ကြေး များ ရရှိရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။