ခြံရှေ့ကားရပ်လိုက်သည်နှင့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီး တယောက်၏ ဖော်ရွေသော အပြုံးဖြင့် ဆီးကြို နှုတ်ဆက်ခြင်းနှင့် အတူ အံ့အားသင့်စရာ မြင်ကွင်းတခုကို ကြုံတွေ့လိုက်ရသည်။
အံအားသင့်စရာကား တခြားမဟုတ် အန်တီကြီး၏ အနောက်ဘက်ဆီမှ တကောင်နှင့် တကောင် တဝုန်းဝုန်း တရုန်းရုန်း တိုးဝှေ့ ဆော့ကစားနေကြသည့် အရွယ်အစားမျိုးစုံရှိသော ဧရာမ ခွေးအုပ်ကြီးကို တွေ့မြင် လိုက်ရခြင်း ကြောင့် ဖြစ်သည်။
ယင်း ခွေးအုပ်ကြီးကို ပြုစုစောင့်ရှောက်ထားသည့် ခွေးဂေဟာ ပိုင်ရှင်ကား ပြင်ဦးလွင်၊ နန္ဒဝန် ရပ်ကွက်အတွင်း ပေ ၁၅၀ x ၂၀၀ ရှိ “ပန်းမြတ်ဟေမာ” ဆိုသည့် ခြံဝန်းကျယ်ကြီး၏ ပိုင်ရှင် ဒေါ်ခင်သန်းဝေ ဖြစ်သည်။ ပန်းမြတ်ဟေမာကို ၁၉၉၆ ခုနှစ်ကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စဆောက်စဉ်က သူ၏အိမ်တွင် ခွေးအကောင် ၇၀ လောက်သာ ရှိသည်ဟု ဒေါ်ခင်သန်းဝေက ရှင်းပြသည်။
ငယ်စဉ် ကလေးဘဝ ကတည်းက ခွေးချစ်တတ်သူပီပီ ဒုက္ခမျိုးစုံ ကြုံတွေ့နေရသည့် ခွေးကလေးများကို သနားကြင်နာ သည့် စိတ်ဖြင့် ခေါ်ယူမွေးစား စောင့်ရှောက်ရာမှ လွန်ခဲ့သည့် ၈ နှစ်လောက် ကတည်းက ခွေးအကောင်ရေ ပိုမိုများပြား လာပြီး ယခုအခါ အကောင် ၃၀၀ ကျော်နေပြီဟု ၎င်းက ပြောသည်။
“ခွေးတွေ ဒုက္ခဖြစ်တာ၊ ခွေးတွေ အရိုက်ခံရတာ၊ ခါးကျိုးတာ၊ သူများတွေက ရေနွေးနဲ့ ပက်တာမြင်ရရင် စိတ်မကောင်း ဘူး။ ငါ့မှာသာ ခြံအကျယ်ကြီးနဲ့ အိမ်ပိုင်ရှိရင် ဒီခွေးလေးတွေကို မွေးမယ် ဆိုတဲ့ ရည်ရွယ်ချက် ငယ်ငယ်ကတည်းကရှိခဲ့ တာ” ဟု သူက ဆိုသည်။
သူက တိရစ္ဆာန်ဆိုလျှင် မည်သည့်တိရစ္ဆာန်မဆို အကုန်သနားတတ်သည်။ သို့သော် တကယ့်တကယ် အဆိပ်ကျွေးခံရ၊ အရိုက်ခံရ၊ ရေနွေးပူပက်ခံရနှင့် ဒုက္ခဖြစ်နေသည်က သနားစရာ ခွေးကလေးများ ဖြစ်နေသည့် အတွက် ယခုကဲ့သို့ ခေါ်ယူ စောင့်ရှောက်ထားခြင်း ဖြစ်သည်ဟု သူက ရှင်းပြသည်။
တိရစ္ဆာန်ထဲမှာမှ ခွေးဆိုလျှင် နိမ့်ပါးသည့် သတ္တဝါဟု ထင်မြင်ကြပြီး တခြားတိရစ္ဆာန်များထက် နှိမ်တတ်သည်။ တချို့ ဆို ရွံရှာကြသည့်အတွက် ထိပင် မထိချင်ကြ။ အောက်တန်းကျသည့်တိရစ္ဆာန်ဟု မြင်ပြီး ခွေးအပေါ်တွင် ပိုမို အနိုင်ကျင့် ကြသည် ဟု သူ၏ အမြင်ကို ပြောသည်။
သူမသိခင် ခြံထဲသို့ လာပစ်ထားတတ်ကြသည့် ခွေးကလေးများကို သူက ကောက်ယူမွေးလိုက်သည်။ နွေရာသီတွင် ခွေးများကို အဆိပ်ကျွေး သတ်ဖြတ်ကြပြီ ဆိုလျှင်လည်း ခေါ်ယူမွေးစားပြီး အသက်ဘေးမှ ကယ်တင်လိုက်သည်။
ကိုယ်ဝန်ရှိနေသည့် ခွေးအမကြီးများကို လမ်းဘေးတွင် တွေ့လျှင်ဖြစ်စေ၊ တခြားသူများက လာရောက်ပို့ပေးလျှင်ဖြစ်စေ အကြောင်း အမျိုးမျိုးကြောင့် လက်ခံရန် ခက်ခဲနေသော်လည်း ကိုယ်ချင်းစာသနားပြီး လက်ခံထားလိုက်မိ ပြန်သည်။
ကားတိုက်ခံရပြီး လက်ကျိုး ခြေကျိုး ခါးကျိုးသွားသည့် အကျိုးအပဲ့ ခွေးဒုက္ခိတ ကလေးများ၊ အကြောင်း အမျိုးမျိုး ကြောင့် လမ်းဘေးတွင် ဒုက္ခရောက်နေကြသည့် ခွေးဒုက္ခသည်များ၊ ပိုလီယိုကဲ့သို့သော မွေးကတည်းက အင်္ဂါချို့ယွင်း လာခြင်း၊ လေဖြတ်နေခြင်း စသည့် ခွေးမသန်စွမ်းလေးများကို ဆေးဝါးကုသပေးခြင်းက အစ သူတို့၏ အညစ်အကြေးများ အဆုံး ကိုယ်တိုင် စိတ်ရှည်လက်ရှည် လုပ်ပေးသည်ဟု သိရသည်။
“အန်တီက ခွေးဒုက္ခသည် ဆို ပိုပြီးသနားတယ်။ ပြုစုတဲ့ ဝါသနာလည်း ပါတယ်။ သူတို့ကို ဖင်ဆေးတာ၊ ချီးကျုံးတာက အစ အန်တီကိုယ်တိုင် လုပ်ပေးတယ်” ဟု ဆိုသည်။
ခွေးကလေးများသည် ပုံစံမျိုးစုံ၊ အကြောင်းအမျိုးစုံဖြင့် သူ၏ အိမ်ဂေဟာသို့ ရောက်လာကြသည်။ ခွေးအမျိုးအစားက လည်း စုံလင်လှသည်။ Alaskan၊ ခွေးဘီလူးအသေး (Pug)၊ တယ်ရီယာအစပ် အမျိုးအစားနှင့် တရုတ်-မြန်မာ မျိုးစပ် ထားသည့် ခွေးကလေးများကိုလည်း တွေ့ရသည်။
သူ၏ အိမ်ဂေဟာသို့ ရောက်လာသည့် ခွေးကလေးများ၏ အမူအကျင့်ကို ကြည့်ပြီး ချစ်စဖွယ် အမည်နာမများ ပေးထား ကြောင်း၊ သူတို့၏ အမည်များကို ခေါ်လိုက်သည်နှင့် အမြီးလေးတနှံ့နှံ့ဖြင့် သူ့အနား ရောက်လာတတ်ကြောင်း သူက ပြောရင်း သဘောကျနေသေးသည်။
အကောင်ရေ များလွန်းသည့်အတွက် ယင်းတို့၏ အမည်များကို အကုန် မမှတ်မိသော်လည်း မှတ်မိသလောက်ကို သူက စိတ်ရှည်လက်ရှည် ရွတ်ပြနေသည်။ Alaskan အမျိုးအစား ချစ်စဖွယ် အကောင်ကြီးကို အတိတ်နိမိတ် ကောင်းစေရန်၊ တိုးပွားစေရန် ရည်ရွယ်ပြီး တိုးတိုး၊ အင်္ဂလိပ် အစားအစာသာ ကြိုက်သည့် ခွေးဘီလူး အသေးလေးကို ဂျွန်၊ ကားတိုက်ခံရပြီး ခြေထောက် တဘက် ပြားနေသည့် အကောင်ကို ရွှေပြား၊ လေဖြတ်၍ ပြန်ကုထားသော်လည်း ဆန့်ငင်ဆန့်ငင် ဖြစ်နေသည့်ခွေးကို အိုပါဂန်းနား၊ ပိုလီယို ဖြစ်နေသည့် ခွေးမလေးကို ပိုလီယိုမ စသည်ဖြင့် အမည်များ ပေးထားကြောင်း သိရသည်။
မိဘမဲ့ ခွေးကလေးများကိုမူ နို့ဘူးတိုက်ပြီး အသက်ဆက်ရှင်အောင် မွေးသည်။ ယခုလောလောဆယ် ခွေးကလေး အကောင် ၂၀ ကျော် ရှိပြီး ခွေးကြီးများ၏ အနိုင်ကျင့် မခံရစေရန် သပ်သပ် ခွဲထားသည်။ သူတို့ကို ဘုတ်ဘုတ်နှင့် မိကျား ဆိုသည့် ခွေးအပျိုကြီး ညီအစ်မနှစ်ကောင်က စောင့်ရှောက် ပေးထားသည်။
ကျန်းမာရေး စောင့်ရှောက်မှုအတွက် အရေးပေါ်ဆိုလျှင် တိရစ္ဆာန်ဆရာဝန်က လာကုသပေးပြီး နောက်ပိုင်း သက်သာ သွားသည့် အချိန်တွင် ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် သူမကိုယ်တိုင် ပြုစုစောင့်ရှောက် ပေးသကဲ့သို့ ကာကွယ် ဆေးများ ကိုလည်း ပုံမှန်ထိုးပေးကြောင်း သိရသည်။
“ကာကွယ်ဆေး ထိုးထားတယ် အကုန်လုံးကို။ မန္တလေးတိုင်း တိရစ္ဆာန် ဆရာဝန်အသင်းက ဘုန်းကြီးကျောင်းတွေ အကုန်ပြီးရင် အန်တီ့အိမ်ကို လာထိုးပေးတယ်။ ၄ နှစ် ရှိပြီ ခွေးရူးပြန် ကာကွယ်ဆေးရယ် တားဆေးရယ်။ အခု ဝဲဆေး ကတော့ ဆရာဝန်မလေး တယောက်က ကုသိုလ်လာလုပ်ပေးတယ်။ ၃ နှစ်လောက်ရှိပြီ” ဟု သူက ပြောသည်။
ခွေးကလေးများကို ပြုစုစောင့်ရှောက်ရန် အတွက် သူ့ကို ကူညီရန် ဒိုးပင်အောင်ကံသာ ပရဟိတကျောင်းမှ ကလေး ၄ ယောက်ကို ဘုန်းဘုန်းထံ လျှောက်ထားပြီးခေါ်ထားကာ လစာမုန့်ဖိုး တလ ၃၅၀၀၀ ကျပ်နှင့် ထမင်းကျွေးထား ကြောင်း၊ အိမ်တွင်လည်း ဝိုင်းဝန်းကူညီပေးသည့် ကောင်မလေး ၂ ယောက် ရှိကြောင်း သိရသည်။
ပရဟိတကျောင်းမှ ကလေး ၄ ယောက်သည် ခွေးကလေးများကို ချစ်ကြပြီး ခွေးများနှင့် အတူဆော့ကာ ခွေးအိပ် ယာများကို နေထုတ်လှမ်းခြင်း၊ အစာကျွေးခြင်းတို့ကို မညည်းညူ လုပ်ကိုင်ပေးကြသည်ဟု ယင်းအိမ်တွင် အလုပ်လုပ် နေသည့် အသက် ၁၈ နှစ်အရွယ် သက်မွန်က ပြောပြသည်။
“သူတို့ကို ပြုစုရတာ အရမ်းပျော်တယ်။ သူတို့က သနားဖို့လည်း ကောင်းပါတယ်။ သူတို့နဲ့ ခွဲရမှာ စိုးလို့ ယောကျာ်မယူ တော့ဘူး။ တသက်လုံး အန်တီနဲ့အတူနေပြီး ဒီခွေးကလေးတွေကို ဝိုင်းဝန်းပြုစု စောင့်ရှောက်မယ်” ဟု သူက ပြောပြီး ရယ်နေသည်။
ဒေါ်ခင်သန်းဝေ အတွက် ခွေးမွေးလာသည့် နှစ်ပေါင်း ၂၀ ကျော်အတွင်းတွင် တခြားကြီးကြီးမားမား အခက်အခဲများ မကြုံတွေ့ ခဲ့ရသော်လည်း ခွေးကလေးများကို နေ့စဉ် ဝလင်စွာ ကျွေးမွေးနိုင်ရေး အတွက်ကိုမူ အတော်လေး ရုန်းကန်ခဲ့ ရသည်ဟု ပြောပြသည်။
သူတို့အတွက် တနေ့လျှင် ဆန် ၂ အိတ် (၄ သောင်းကျပ်)၊ အသား မနက်ည စုစုပေါင်း ၁၀ ပိဿာ (၂ သောင်းကျပ်) ကို တနေ့နှစ်ကြိမ် ချက်ပြုတ်ကျွေးမွေးပြီး မနက်စောစောကို ခွေးစာ (Dog Food) ကျွေးသည်ဟု သိရသည်။
သူ၏ ခင်ပွန်းဖြစ်သူက ဦးနှောက်သွေးကြောပေါက်ပြီး အိပ်ရာထဲ လဲနေသည်မှာ ၆ နှစ်ခန့် ရှိပြီ ဖြစ်ပြီး သူ့ကို ဆေးကု သရသည့် စရိတ်ကလည်း ရှိကြောင်း၊ မိသားစု ၅ ယောက်ရှိသည့် သူ့အဖို့ ခင်ပွန်း၏ တပ်ပင်စင်လစာနှင့် သူ၏ခြံမြေ အရောင်းအဝယ်က ရသည့် ပိုက်ဆံများဖြင့် ကျပ်ကျပ်တည်းတည်း လည်ပတ်ခဲ့ရသည်။
ပြီးခဲ့သည့် ၁ နှစ်ခွဲလောက်ကမှ သူ၏ ခွေးဂေဟာကို လူသိများလာပြီး အလှူရှင်များ ရောက်လာသည့် အတွက် အသက်ရှူ အနည်းငယ် ချောင်သွားရကြောင်း၊ သူ့အနေဖြင့် လှူမည့်သူများက စေတနာအလျောက် လာရောက် လှူဒါန်းသည် ကိုသာ လက်ခံခဲ့ပြီး သူကိုယ်တိုင်ကမူ စတင် အလှူခံခြင်း မရှိခဲ့ပေ။
“ခွေးတွေ ပြပြီး အလှူခံတယ်လို့ အမြင်မခံနိုင်ဘူး လေ။ နောက်ဆုံး ငါ့မှာ ပိုက်ဆံ မရှိတော့ဘူး ဆိုရင်လည်း ထမင်းရည် တိုက်မယ်၊ ဆန်ပြုတ်တိုက်မယ်ဆို သူတို့ အသက်တော့ ရှည်မှာပဲ။ နောက် အန်တီ့ အိမ်ထဲမှာ သူများ လာမသတ်နိုင် ဘူး၊ Cover ပေးနိုင်တယ် ပေါ့။ အဲဒီတချက်တည်းနဲ့ပဲ ခွေးဒုက္ခသည်တွေကို လက်ခံတယ်” ဟု သူက ပြောသည်။
သူ၏ လက်ထဲတွင် အကြောင်း အမျိုးမျိုးကြောင့် ပြုစုရင်းက ဆုံးပါးသွားသည့် ခွေးကလေးများ အတွက် ဘုန်းကြီးကျောင်း သို့ ဆွမ်းပို့ပေးရုံသာမက သူတို့မဆုံးခင် အချိန်တွင် ဘေးနားမှာထိုင်ပြီး ဘုရားစာရွတ်ပေးကြောင်း၊ သူပြုသမျှ ကုသိုလ် အဖို့ဘာဂကို အမျှပေးဝေပေးကြောင်း သိရသည်။
“သူတို့က သာဓုမခေါ်နိုင်ပေမယ့် နားထဲကြားတာနဲ့ စိတ်ထဲက သိနိုင်တယ်။ အန်တီပြောတဲ့ ကုသိုလ်တွေကို သမီးတို့ သားတို့ ရပါစေ၊ ရောက်ရာ ဘဝကနေ သာဓုခေါ်ပြီး ကောင်းသော ဘုံဘဝ ရောက်ပါစေ။ တိရစ္ဆာန်ဘဝက ကျွတ်ပါစေ။ သူတို့ ခွေးဖြစ်ရတဲ့ ဘဝ ဒါနောက်ဆုံးဖြစ်ပါစေ ပေါ့။ သူတို့ကို အရမ်းလည်း သနားတယ်။ ခွေးပြန်ဖြစ်ရင် ဒုက္ခ တအားများလို့ပါ” ဟု ပြောရင်း သူ မျက်ရည်ကျသည်။
ခြံဝန်း အကျယ်ကြီးရှိသော်လည်း ငွေရေးကြေးရေး သိပ်အဆင်မပြေသောကြောင့် သူတို့ အတွက် သီးသန့်အိမ်ကလေး များ မလုပ်ပေးနိုင်ပေ။ ခွေးလေးများ အတွက် ပိုမိုပြည့်စုံ ကောင်းမွန်သည့် နေရာထိုင်ခင်းများ ပြုလုပ်ပေးကာ၊ တခြား ဒုက္ခရောက်နေသည့် ခွေးများကိုလည်း ဒီထက်ပိုမို အကူအညီပေးကာ ပြုစုစောင့်ရှောက်ချင်ကြောင်း သူ၏ စိတ်ဆန္ဒကို ပြောပြသည်။
သူ၏ လုပ်ရပ်ကို အစက ဒေသခံများက နားမလည်နိုင်ခဲ့၊ မိုက်မဲသည်ဟု ထင်ကြသော်လည်း ရေရှည်တွင် သူ၏ အပြုအမူ များကြောင့် အများက လက်ခံလာပြီး ချီးမွမ်းကြသည်၊ အကောင်းမြင်လာကြသည့် အတွက် ဝမ်းသာရသည်။ သူ၏ မိသားစုများကလည်း သူ့အား တားဆီးပိတ်ပင်ခြင်းမရှိဘဲ မြေးများအထိ ခွေးချစ်တတ်သူများ ဖြစ်နေ သောကြောင့် သူ၏ ဘဝ ဖြတ်သန်းမှုအပေါ် သူ ကျေနပ်ဂုဏ်ယူနေသည်။
“ဒီခွေးတွေကို စောင့်ရှောက်နိုင်မယ်၊ ကျွေးနိုင်မယ် ဆိုရင် စိတ်ချမ်းသာတာပါပဲ” ဟု သူက ပြောသည်။
သူ၏ အချိန်နှင့် ငွေတို့ကို မြှုပ်နှံထားပြီး လုပ်ဆောင်နေသည့် သူ၏ လုပ်ဆောင်ချက်အပေါ်တွင် တခါမျှ အကျိုး တစုံတရာ မျှော်မှန်းခဲ့ခြင်း မရှိခဲ့သလို ခွေးလေးများအပေါ်တွင်လည်း တခါမျှ မငြိုငြင်ဖူးခဲ့ပေ။ ဘုရားရှိခိုင်းတိုင်းလည်း နိဗ္ဗာန်ဆုကို မတောင်း၊ မှန်သောသစ္စာ စကားတခွန်းကိုသာ သူအမြဲဆိုသည်။
“တပည့်တော်မ ဒီခွေးတွေကို ကျွေးတာ ငယ်ငယ်ကတည်းက ကျွေးခဲ့တာ ခုအချိန်ထိ၊ ခုအသက်အရွယ် အထိ တခါဖူးမျှ နှမျောတွန့်တိုခြင်း မရှိခဲ့ပါဘူး။ ဤမှန်သော သစ္စာစကားကြောင့် ကျွေးနိုင်ပါရစေ။ မပူမပင် မကြောင့်မကြနဲ့ ကျွေးနိုင်ပါရစေ” ဟုသာ သူ သစ္စာဆိုလေ့ရှိပါသည်။ ။