မြန်မာ့စာပေ လောကတွင် မော်ဒန်နှင့် ပို့စ်မော်ဒန် စာပေဆိုင်ရာ သီအိုရီများ၊ စာပေလက်ရာများ ရေးသားပြုစုခဲ့သူ စာရေးဆရာ ဇော်ဇော်အောင် (၇၉ နှစ်) သည် ယမန်နေ့ ည ၉ နာရီခွဲခန့်က မရမ်းကုန်မြို့နယ်၊ နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။
စာရေးဆရာ ဇော်ဇော်အောင်ကို အဖ ဦးဘသက်၊ အမိ ဒေါ်တုတို့က ၁၉၃၇ ခုနှစ် မေလ ၁၃ ရက်နေ့တွင် မုံရွာခရိုင်၊ ဆားလင်းကြီး မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဇော်မြင့်သက် ဖြစ်ပြီး ငယ်စဉ်က မုံရွာမြို့ အမှတ် (၁) အစိုးရ အထက်တန်း ကျောင်းတွင် မူလတန်းမှ အထက်တန်း အထိ ပညာသင်ကြားခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး ရန်ကုန်တက္ကသိုလ် မြန်မာစာ ဌာနတွင် နည်းပြ အဖြစ်မှ ကထိက အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၅၄ ခုနှစ်ထုတ် သွေးသောက် မဂ္ဂဇင်းတွင် စာညွန့်တပုဒ် ဖော်ပြခံရပြီး ၁၉၅၆ ခုနှစ်၊ မန္တလေးတက္ကသိုလ် နှစ်လည် မဂ္ဂဇင်းတွင် အင်္ဂလိပ်ဘာသာဖြင့် The story of a friend pie seller ဝတ္ထုတို ရေးသားခဲ့ပြီး စာပေ လောကသို့ ရောက်ရှိသည်။ ယင်းနောက် ရှုမဝ၊ သရဖူ၊ ဟန်သစ်၊ မဟေသီ၊ ရနံ့သစ်၊ စတိုင်သစ်၊ ရုပ်ရှင် သစ္စာ မဂ္ဂဇင်းစသည့် စာနယ်ဇင်းများတွင် ဆောင်းပါး၊ ဝတ္ထုတို၊ အက်ဆေးများစွာ ရေးသားခဲ့သည်။
ထို့အပြင် တခြား လုံးချင်း ဝတ္ထုနှင့် စာအုပ်များလည်း ရေးသားခဲ့သည်။ ထင်ရှားသည့် စာပေလက်ရာတချို့ မှာ ပို့စ်မော်ဒန် သီဝရီများ၊ အနုပညာ၏ အသုံးဝင်မှုတန်ဖိုးနင့် အနုပညာ၏ တန်ဖိုး၊ စာပေါင်းသိုက်အက်ဆေးများ၊ ယုဇန မခင်ပျို၊ ဝေဝေရီရီ ဝတ္တုနှင့် တခြား မော်ဒန်နှင့် ပို့စ်မော်ဒန် ဝတ္ထုတိုများ ဖြစ်သည်။
စာရေးဆရာ ဇော်ဇော်အောင်၏ ခံစားကြည့်ပါ မကြည်ပြာ၊ မော်ဒန်ဝတ္ထုတိုများသည် ခေတ်စနစ်နှင့် လူမှုအသိုက်အဝန်းကို အမြင်ရှုထောင့် တမျိုးမှ ချဉ်းကပ်တင်ပြထားသည့် လက်ရာများဖြစ်ပြီး မြန်မာ့စာပေလောကတွင် မော်ဒန်စာပေ၏ မှတ်တိုင် တခုလည်း ဖြစ်ခဲ့သည်။
စာရေးဆရာဇော်ဇော်အောင်၏ ဈာပနကို ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီတွင် ရေဝေးသုဿန်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။