ကျောင်းသားခေါင်းဆောင် မင်းသွေးသစ်၊ ကိုရဲမင်းဦး၊ မပိုပို၊ မတင်တင်ခိုင် အပါအဝင် ၁၀ ဦးကို လွန်ခဲ့သည့် တနှစ်ကျော်က အရှေ့ပိုင်းတက္ကသိုလ် မုဒ်ဝရှေ့၌ လှည့်လည်ဆန္ဒပြခဲ့မှုနှင့် ပတ်သက်ပြီး သန်လျင်မြို့မရဲစခန်းက ပုဒ်မ ၁၈ ဖြင့် ၎င်းတို့အား တရားစွဲဆိုရန် ချိန်းဆိုခဲ့ကြောင်း သိရသည်။
“အမှုဖွင့်ထားတာတော့ အဲဒီကတည်းကပါ။ ဒီကြားထဲမှာ မင်းသွေးသစ်တို့ကလည်း ဟိုအမှုဒီအမှုနဲ့ ဟိုရောက် ဒီရောက်ဖြစ်နေလို့ အခုမှ တရားစွဲဆိုဖို့ ခေါ်လိုက်တာပါ။ မင်းသွေးသစ် အပါအဝင် ၁၀ ဦးလုံးကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားပါတယ်” ဟု တောင်ပိုင်းခရိုင် ဒုရဲမှူးကြီး ကြည်လွင်က ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သြဂုတ်လ ၈ ရက်က အရှေ့ပိုင်းတက္ကသိုလ်ရှေ့တွင် ခွင့်ပြုမိန့်မယူဘဲ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့သည့်အတွက် သန်လျင်မြို့မစခန်းမှူး အောင်ဆန်းဦးက သန်လျင်မြို့နယ် တရားရုံးသို့ တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ တရားစွဲဆို ခံထားရသူများအား လာမည့်ဇန်နဝါရီလ ၂၉ ရက်တွင် သန်လျင်မြို့မရဲစခန်းသို့ လာရောက်ရန် အကြောင်းကြားစာများ ပေးပို့ထားကြောင်း သိရသည်။