လပွတ္တာမြို့ အမှတ် ၉ ရပ်ကွက် ၅ လမ်း၌ တည်ဆောက်နေသည့် တယ်လီနော ဆက်သွယ်ရေး တာဝါတိုင် စီမံကိန်းကို ဒေသခံများက ဝိုင်းဝန်းကန့်ကွက်နေကြောင်း သတင်းရရှိသည်။
တယ်လီနောတာဝါတိုင်တည်ဆောက်ခြင်းကြောင့် ရေမြောင်းများပိတ်ဆို့ခြင်း၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်း၊ မြေများကျွံကျခြင်းတို့ ဖြစ်ပေါ်မှုကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း အမှတ် ၉ ရပ်ကွက်မှ ဒေသခံ ကိုမင်းမင်းစိုးက ဧရာဝတီကို ပြောသည်။
“တာဝါတိုင်ဆောက်တဲ့အတွက် မြေကြီးတွေကို ရေမြောင်းတွေပေါ်မှာ ပုံလိုက်တော့ မြောင်းတွေ အကုန်ပိတ်ကုန်တယ်။ မိုးတွေလည်းရွာရော ရေတွေလမ်းပေါ်လျှံကုန်ပြီး ရပ်ကွက်ထဲက ပြည်သူတွေရော၊ ကျောင်းသားတွေပါ ဒုက္ခရောက်ရတယ်။ တည်ဆောက်ရာမှာလည်း လမ်းနယ်နိမိတ် ကိုပါ ကျော်ယူပြီး ဆောက်ထားတယ်။ ဒီကိစ္စကို ဧရာဝတီတိုင်းအစိုးရအဖွဲ့အပါအဝင် ဌာနဆိုင်ရာ တွေကို ၄ ကြိမ်တိုင်ထားပေမယ့် ခုချိန်အထိ ဘာမှလုပ်ပေးတာမရှိဘူး”ဟု သူက ပြောသည်။
အလားတူ တာဝါတိုင် တည်ဆောက်နေသည့် နေရာ အနီးတွင် နေထိုင်သူ ဦးအေးထွန်းကလည်း တာဝါတိုင်တည်ဆောက်ရန် အနီးအနားနေသူများကို အကြောင်းကြား သဘောတူညီချက် ရယူခြင်း မရှိကြောင်း၊ တခြားနေရာသို့ ရွေ့ပြောင်းတည်ဆောက်ရန် လိုလားကြောင်း ပြောသည်။
လက်ရှိ တယ်လီနောတာဝါတိုင် တည်ဆောက်နေသည့်နေရာမှာ အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်စိုးပိုင်ဆိုင်သည့်မြေကွက်ဖြစ်ပြီး တယ်လီနောကုမ္ပဏီအား မြေငှားရမ်းခ တလလျှင် ၂ သိန်း ၅ သောင်း ကျပ်နှုန်းဖြင့် ၁၅ နှစ်စာ သဘောတူညီ၍ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
မြေကွက်ပိုင်ရှင် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်စိုးကမူ တာဝါတိုင်တည်ဆောက်ရာတွင် လမ်း နယ်နိမိတ်ကို ယာယီအသုံးပြုခြင်းသာဖြစ်ကြောင်း၊ တာဝါတိုင် တည်ဆောက်ပြီးသည့်အချိန်၌ ရေမြောင်းများကို စနစ်တကျ ပြန်လည်တည်ဆောက်ပေးသွားမည် ဖြစ်ပြီး စီမံကိန်းအနီးရှိ နေအိမ်တချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ပါကလည်း ကုမ္ပဏီမှ ပြန်လည် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။
ရပ်ကွက်ဒေသခံများကမူ ကန့်ကွက်နေသည့်ကြားက တာဝါတိုင်ကိုဆက်လက်တည်ဆောက်ပါက တယ်လီနော ကုမ္ပဏီနှင့် ဒေသအာဏာပိုင်များကို တရားဝင်ဆန္ဒဖော်ထုတ်သွားမည်ဟု ပြောသည်။