မင်္ဂလာဒုံ အိမ်အဖျက်ခံရသူများကို NLD အားပေး နှစ်သိမ့်
This article has been converted from Zawgyi One to Unicode

မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်စက်မှုဇုန် ဧရိယာအတွင်း ကျူးကျော်ဝင်ရောက် နေထိုင်သည်ဟုဆိုကာ ဇန်နဝါရီလ ၂၆ ရက်နေ့က ရဲလုံခြုံရေးနှင့် အ ရပ်ဝတ်လူများက အိမ်ခြေပေါင်း ၅၀၀ ကျော် ဖျက်ဆီးခဲ့ပြီးနောက် လတ်တလော စားဝတ်နေရေး ဒုက္ခရောက်နေသည့့် မိသားစုဝင်ပေါင်း ၁၀၀၀ ခန့်ကို မင်္ဂလာဒုံမြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)အဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းတွင် အစားအသောက်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် တခြား စေတနာရှင်များနှင့် သံဃာတော်တပါးကလည်း ကော်ဖီမစ်၊ အဝတ်အစားနှင့် ထမင်းထုပ်များ ဝေငှပေးခဲ့သည်ဟု အိမ်အဖျက်ခံရသူ ဦးရွှေသီးက ဧရာဝတီသို့ ပြောသည်။
၎င်းတို့မှာ ရာသီဥတု ဆိုးဝါးခြင်းနှင့် အိမ်ငှားရန် နေရာရှာရ မလွယ်သည့်အတွက် စက်မှုဇုန်ဧရိယာနယ်မြေရှိ Myanmar Posco Steel ကုမ္ပဏီ နှင့် သံပြားစက်ရုံတရုံ ဘေးကပ်လျက် လမ်းမျက်နှာစာတွင် တဲများထိုးနေကြရကြောင်း၊ အချို့မှာလည်း နီးစပ်ရာ ဘုန်းကြီးကျောင်းများနှင့် အသိ မိတ်ဆွေများကို အကူအညီတောင်းကာ ခိုလှုံနေရကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းကမူ ရန်ကုန်မြို့တွင်းရှိ အမှန်တကယ် မြေယာ မရှိသူ များကို ဒေသတွင်းရှိ မြေလွတ်နေရာများတွင် စိစစ်ချထားပေးရန် အစီအစဉ်ရှိကြောင်း ယနေ့ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။