ကချင်ပြည်နယ် လိုင်ဇာမြို့ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည့် ကချင် လွတ်လပ်ရေး အဖွဲ့/ကချင် လွတ်လပ် ရေး တပ်မတော် (KIO/KIA)အတွင်း စစ်ဘက်ရေးရာ နှင့် နိုင်ငံရေးဆိုင်ရာ ထိပ်သီး ရာထူး ၅ နေရာကို အပြောင်းအလဲ ပြုလုပ်လိုက် သည်ဟု သတင်းရရှိသည်။
ယခင်က KIA စစ်ဦးစီးချုပ် တာဝန်ယူထားသည့် ဗိုလ်ချုပ် ဂမ်ထန်ဂမ်ရှောင် ကို နိုင်ငံရေးဆိုင်ရာ KIO ဒု ဥက္ကဋ္ဌ(၁) အဖြစ် ပူးတွဲ ရာထူး ထပ်မံပေးလိုက်ပြီး ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်ကို KIO ဒုဥက္ကဋ္ဌ (၂) အဖြစ် ရာထူးပြောင်းလဲ ခန့်အပ်လိုက်သည်ဟု KIA ၏ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ (PCG) မှ အကြီးတန်း အရာရှိ ဦးလမိုင်ဂွမ်ဂျာက ဧရာဝတီကို ပြောသည်။
“ဗိုလ်ချုပ်ဂမ်ရှောင်က အရင်ရာထူးရော နိုင်ငံရေးဘက် KIO မှာရော တာဝန်ယူမယ်။ ဗိုလ်ချုပ်ဂွန်မော် ကတော့ အရင်က စစ်ဘက် ရေးရာမှာ ဒုစစ်ဦးစီးချုပ်ပေါ့၊ အခုတော့ နိုင်ငံရေးဘက်ဆိုင်ရာ တခုတည်းကိုပဲ ပြောင်းလဲပြီး တာဝန်ယူမယ် အဲ့ဒီလိုပါ”ဟု ဦးလမိုင် ဂွမ်ဂျာက ပြောပြသည်။
KIO ၏ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လမှာ KIO/KIA ၏ နိုင်ငံရေးဆိုင်များကို အဓိက ဦးစီးဦးဆောင် လုပ်ဆောင်မည့် ကချင်လွတ် လပ် ရေး ကောင်စီ(KIC) တွင် ဒုဥက္ကဋ္ဌ တာဝန်ကို ပြောင်းလဲယူမည်ဟုလည်း ဆိုသည်။
ထို့အပြင် လစ်လပ်သွားသည့် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် နေရာတွင် ဗိုလ်မှူးချုပ် ခေါန်လွန်း နှင့် ဗိုလ်မှူးချုပ် အောင်ဆိုင်းလ တို့ကို ပူးတွဲတာဝန် ထမ်းဆောင်ရန် ခန့်အပ်လိုက်သည်ဟု သိရသည်။
ဗိုလ်မှူးချုပ် ခေါန်လွန်းမှာ ယခင်က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)တွင် ဒုစစ်ဦးစီးချုပ် တာဝန် ယူထားသည့် KIA ကိုယ်စားလှယ် တဦး ဖြစ်သည်။
ဗိုလ်မှူးချုပ် အောင်ဆိုင်းလမှာ KIA ၏ စစ်ဦးစီးချုပ်ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် စစ်ဘက်ရေးရာ အရာရှိတဦးဖြစ်သည်။
KIA တွင် ယခင်က ဒုစစ်ဦးစီးချုပ်မှာ တဦးတည်းဖြစ်ပြီး ယခုအခါ ဒုစစ်ဦးစီးချုပ်ကို နှစ်ဦး ခန့်အပ်လိုက်သည်။ ယခင်က KIO ဒုဥက္ကဋ္ဌ မှာ တဦးတည်း ဖြစ်ပြီး ယခုအခါ တဦးထပ်တိုး ခန့်အပ်လိုက်၍ နှစ်ဦး ဖြစ်သွားသည်။
အဆိုပါ ရာထူး အပြောင်းအလဲများကို ဇန်နဝါရီလ ၂၁ ရက်မှ ၂၅ ရက်အထိ ပြုလုပ်ခဲ့သည့် KIO/KIA ၏ ဗဟိုကော်မတီ အစည်း အဝေး၊ လူထုနှင့် တွေ့ဆုံ ဆွေးနွေးရေး အစည်းအဝေးများတွင် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု PCG မှ ပြောရေးဆိုခွင့်ရှိသူ ဦးဆန်အောင်က ပြောသည်။
ဦးဆန်အောင်က“ရာထူးတွေ တိုးတာ ပြောင်းလဲတာတွေက သတ်မှတ်တာရယ် မရှိပါဘူး။ လိုအပ်ချက် အရ လုပ်ဆောင်တဲ့ သဘော ပါပဲ။ အရင်က ဗိုလ်ချုပ် ဂွန်မော်က စစ်ရေးရော ငြိမ်းချမ်းရေးကိစ္စတွေရော လုပ်ရတယ်။ အခုက နိုင်ငံရေးဘက်တခုတည်း ဆိုတော့ငြိမ်းချမ်းရေး ကိစ္စကို ပိုပြီးလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။
ဗိုလ်ချုပ် ဂွန်မော်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ပေါ်ပေါက်လာစေရန် အစိုးရနှင့် ဆွေးနွေးရာတွင် KIA ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။
လာမည့် အစိုးရသစ်လက်ထက်တွင်လည်း ဗိုလ်ချုပ် ဂွန်မော်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ကိုင်သွားမည်ဟု ဆို သည်။
KIO/KIA ၏ ဗဟိုကော်မတီ အစည်းအဝေးအတွင်း အစိုးရသစ် လက်ထက်တွင် NCA လမ်းစဉ်အတိုင်း သွားရန် ကိစ္စရပ်များနှင့် အစိုးရသစ် လက်ထက်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်ဆောင်ရာတွင် KIO/KIA ဘက်မှ ပြင်ဆင်ထားရမည့် အချက်များကိုလည်း ဆွေးနွေး ခဲ့သည်ဟု သိရသည်။
သို့သော် ဆွေးနွေးခဲ့သည့် အကြောင်းအရာအသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
KIO/KIA သည် ကချင်ပြည်နယ် လိုင်ဇာမြို့တွင် အခြေစိုက်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီမှု စာချုပ် ချုပ်ဆိုထားခြင်းမရှိသည့် အဖွဲ့အစည်း ဖြစ်သည်။
ယခု အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးနေသော်လည်း တပ်မတော်နှင့် KIA သည် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက် ရှိသည်။