ကျူးကျော်နေထိုင်သူများကို ပြန်လည်နေရာချထားပေးရေးအတွက် မည်သည့်အစီအစဉ်မှ ဆောင်ရွက်ထားခြင်းမရှိဘဲ အင်အားသုံး ဖယ်ရှားနေခြင်းသည် အဖြေမှန်မဟုတ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်နေကြသည်။
သက်တမ်းကုန်ဆုံးတော့မည့် အစိုးရက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်နေထိုင်သူများကို အင်အားသုံး ဖယ်ရှားမှုများ ယခုလပိုင်းအတွင်း ဆက်တိုက်ပြုလုပ်နေခြင်းကို ယင်းသို့ ဝေဖန်ပြောဆိုကြခြင်း ဖြစ်သည်။
“လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ထောက်ပြခဲ့တာပဲ။ အင်အားသုံးပြီး ဖြေရှင်းလို့မရဘူး။ ပြဿနာရဲ့အရေးက အင်အားပေါ်မှာ မူမတည်ဘူး။ ဆင်းရဲမွဲတေမှုပေါ်မှာ မူတည်တယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။
ဖယ်ရှားခံရသည့် ကျူးကျော်နေထိုင်သူများအတွက် ယာယီကယ်ဆယ်ရေးစခန်းများ အရေးတကြီးဖွင့်ပေးရန် လိုအပ်သည်ဟု လည်း ယင်းက အကြံပြုသည်။
နိုင်ငံဆင်းရဲမွဲတေမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသော နေထိုင်စရာမရှိ၍ ကျူးကျော်နေထိုင်ကြသူများကို ရေတို နည်းဖြင့် အင်အားသုံးဖယ်ရှားခြင်းမပြုဘဲ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင်၊ အဓိကအားဖြင့် ကျေးလက်ဒေသစီးပွားရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် အစိုးရအနေဖြင့် ဦးစွာအကောင်အထည် ဖော်ဆောင်ရန် လိုအပ်နေကြောင်း ပညာရှင်များကလည်း ပြောဆိုကြ သည်။
သို့မဟုတ်ပါက လက်ရှိနေရာမှ ကျူးကျော်များကို ဖယ်ရှားလိုက်လျှင်လည်း တခြားနေလို့ရမည့်နေရာတွင် ထပ်ပြီးကျူးကျော်နေကြ ဦးမည်ဖြစ်သည်ဟုလည်း ဆိုသည်။
“ဒီကိစ္စရဲ့အဖြေကတော့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖို့ ကျေးလက်မှာရှိတဲ့ လယ်မဲ့ယာမဲ့တွေအတွက် အလုပ်အကိုင်အခွင့် အလမ်းတွေကို ဖန်တီးပေးနိုင်မယ့် စိုက်ပျိုးရေးကိုအခြေခံတဲ့ စက်မှုလုပ်ငန်းတွေ ဖြစ်လာအောင် ဘယ်လို လုပ်မလဲ။ ဒါကို ရေရှည် စီမံချက်ချပြီး လုပ်ဖို့လိုတယ်”ဟု ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့ ဒါရိုက် တာ ဒေါက်တာ သောင်းထွန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ကျူးကျော်နေထိုင်သူများအား မည်သည့်အချိန်တွင် နောက်ဆုံးထား ရှင်းလင်း ဖယ်ရှားသွား မည်ဟူ၍ သတ်မှတ်ထားခြင်းမရှိသော်လည်း ယခုအစိုးရ လက်ထက်ပါမက နောက်အစိုးရလက်ထက် အထိပါ တောက်လျှောက် ရှင်းသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
ကျူးကျော်နေထိုင်သူများတွင် အမှန်တကယ် နေထိုင်စရာမရှိသောကြောင့် ကျူးကျော်နေထိုင်သူများရှိသလို လျော်ကြေးနှင့် အစား ထိုးနေရာများ စီစဉ်ပေးရန် မျှော်လင့်ချက်ဖြင့် တနေရာမှတနေရာသို့ ကျူးကျော်နေထိုင်သူတချို့လည်း ရှိကြောင်း သိရသည်။
မြို့နယ်တချို့ရှိ ရပ်ကွက်များတွင် လူမိုက်အဖွဲ့ဆန်ဆန် ကျူးကျော်ဝင်ရောက် နေထိုင်မှုများ ရှိသည့်အတွက် ဒေသခံများအနေဖြင့် ယင်းတို့မြေကွက်အား သံစူးကြိုးခတ်ခြင်း၊ ဆိုင်းဘုတ်ထောင်ခြင်းများ ပြုလုပ်လျက် ကာကွယ်ထားရကြောင်း၊ ရပ်ကွက်လုံခြုံရေးကို လည်း အလှည့်ကျ ကင်းစောင့်နေကြရကြောင်း ကျောက်တန်းမြို့နယ် အနောက်ပိုင်း ရပ်ကွက်တွင် နေထိုင်သူ ဦးမျိုးဝင်းက ပြောပြ သည်။
“ကျနော်တို့ကတော့ ဒီပလပ်မြေ နေရာတွေမှာ စီမံကိန်းအရ ဖော်မယ်ဆိုလည်း စည်းစနစ် ကျကျပေါ့။ နိုင်ငံတော်က ဖော်ဆောင်တဲ့ ဟာကိုတော့ လိုလိုလားလားနဲ့ လက်ခံပါတယ်။ အခုလို မင်းမဲ့စရိုက်ဆန်ဆန် ကျူးကျော်တာတွေကျတော့ လူစုံ စရိုက်စုံလေ။ အမှုပေါင်းမျိုးစုံ ဖြစ်လာမှာကိုလည်း ရပ်ကွက်သူရပ်သားတွေက စိုးရိမ်တယ်”ဟုလည်း ၎င်းက ဆိုသည်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် အတွင်းရှိ ရပ်ကွက်(၅)ခုတွင်လည်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီး ဌာနပိုင် အကွက်ချမြေနေရာများနှင့် သီလဝါ အထူးစီးပွားရေးဇုန် မြေနေရာများတွင် ကျူးကျော် အဆောက်အအုံများ ဆောက်လုပ်ထားသည်ကို တွေ့ရှိရသဖြင့် ယင်းကျုးကျော်အိမ်များအား ဖယ်ရှားပေးရန် ကျောက်တန်းမြို့နယ် အုပ်ချုပ်ရေးဦးစီးဋ္ဌာနက အမိန့်ထုတ်ပြန်ထား သည်။
မည်သို့ပင်ဆိုစေကာမူ ကျူးကျော်အားလုံးသည် မည်သည့်အထောက်အထားမှမရှိဘဲ ကျူးကျော်နေထိုင်ခြင်းဖြစ်ပြီး ဥပဒေနှင့်မညီ သည့်အတွက် နိုင်ငံတော် စီမံကိန်းနေရာများ အကောင်အထည် ဖော်ရတော့မည့်အချိန်တွင် ရှင်းလင်း ဖယ်ရှားရမည်ဟု ရန်ကုန် တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောသည်။
ယင်းသို့ ကျူးကျော်များကို ရှင်းလင်းဖယ်ရှားရာတွင် လက်လွတ်စပယ် ဖယ်ရှားခြင်းမဟုတ်ဘဲ အကြိမ်ကြိမ် သတိပေးစာများပေးပြီး မှသာ ဖယ်ရှားခြင်းဖြစ်ကြောင်း၊ ယင်းတို့အတွက် ပြန်လည်နေရာချထားရေးအတွက်ကိုမူ မြေကိုပိုင်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် သာ သက်ဆိုင်ကြောင်းလည်း ၎င်းက ပြောပြသည်။
ဗိုလ်မှူးကြီး တင်အောင်ထွန်းက“ကျနော်တို့ကတော့ လုံခြုံရေးပိုင်းဆိုတော့ လုံခြုံရေးပိုင်း တာဝန်ယူပေးတာပဲ။ အသေးစိတ်ကျတော့ သက်ဆိုင်ရာဝန်ကြီးဌာနကပဲ သိလိမ့်မယ်။ အဓိကကတော့ ဒီကျူးတဲ့သူတွေနဲ့ ရှင်းတဲ့သူတွေကြား ပြဿနာမဖြစ်အောင် လုံခြုံရေး ကူညီဆောင်ရွက်ပေးတာပဲ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်က ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရပ်ကွက် ၇၃၊ ၇၄၊ ၇၅ နှင့် ၆၁ ရပ်ကွက်များရှိ ကျူးကျော်အိမ်ခြေ ၂၀၀ ကျော်ကို ရဲလုံခြုံရေးများဖြင့် အင်အားသုံး ရှင်းလင်းဖျက်ဆီးခဲ့ရာ လူဦးရေ ထောင်ချီ၍ အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့သည်။
ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင်လည်း ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် စက်မူဇုန်အတွင်းရှိ အိမ်ထောင်စု ၅၀၀ ကျော်ကို ကျူးကျော်နေထိုင်သည်ဟုဆိုကာ ရဲတပ်ဖွဲ့နှင့် အရပ်ဝတ်လူများက အင်အားသုံး ဝင်ရောက်ရှင်းလင်းခဲ့ပြန်ရာ လူပေါင်း ၂၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ယင်းနေရာတွင် နေထိုင်သူများက ဧရာဝတီသို့ ပြောသည်။
ထိုသို့ အင်အားသုံးဖယ်ရှားလိုက်ခြင်း၏ အကျိုးဆက်အဖြစ် ဖေဖော်ဝါရီလတွင် စာမေးပွဲများဖြေဆိုရမည့် ကလေးငယ်များ အခက် အခဲဖြစ်သွားမည်ဖြစ်ကြောင်း၊ ဖယ်ရှားခံရသူများအနေဖြင့် ဆင်းရဲတွင်းပိုနက်ကာ စားဝတ်နေရေးမှအစ ကျန်းမာရေးအဆုံး အခြေ အနေ ပိုမိုဆိုးသွားနိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဝေဖန်ထောက်ပြသည်။
မင်္ဂလာဒုံမြို့နယ်မှ အိမ်အဖျက်ခံရသူ တဦးဖြစ်သည့် ဒေါ်အေးရွှေက “မိုးထဲ လေထဲမှာ ကလေးတွေ ကျောင်းမသွားရတော့ဘူး။ အလုပ်သမားတွေ အလုပ်အကိုင်ပျက်ရတယ်။ ကိုယ့် မြန်မာပြည်မှာနေပြီး နေစရာ မရှိဘူး။ ကျုးကျော်လို့ သတ်မှတ်ခံရတယ်။ လုံးဝ တရားမျှတမှု မရှိဘူး”ဟု ပြောဆိုသည်။
ကျူးကျော်များ ဖယ်ရှားခံရသည့်အချိန်နှင့် တိုက်ဆိုင်စွာပင် ရာသီဥတုဖောက်ပြန်မှုကြောင့် ဆောင်းနှင့်မိုးရောသည့် အအေး ဒဏ် ကို ခံစားနေကြရသော အိုးမဲ့အိမ်မဲ့ လူကြီးလူငယ် ကလေးများ၏ ဓာတ်ပုံများက လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့လျက်ရှိရာ ပြည်သူများက စိုးရိမ်ပူပန်မှုများ ဖြစ်နေကြသည်။
ယင်းပြဿနာကို အင်အားသုံးဖယ်ရှားနေခြင်းက အဖြေမှန်မဟုတ်ဘဲ တတ်သိနားလည်သည့် မြို့ပြပညာရှင်များ၊ လူမှုရေးပညာရှင် များ၊ ဥပဒေပညာရှင်များ၊ စိတ်ဝင်တစား လေ့လာနေသည့် မီဒီယာလောကမှ ပုဂ္ဂိုလ်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး သမားများ ပါဝင်သည့် စုံစမ်းရေးကော်မတီ တခုကို အမြန်ဆုံးဖွဲ့သင့်သည်ဟုလည်း ဦးသိန်းညွန့်က အကြံပြုသည်။
ယခုကဲ့သို့ ကျူးကျော်နေထိုင်သူများကို အင်အားသုံးဖယ်ရှားခြင်းသည် နောက်တက်လာမည့် အစိုးရသစ်အတွက်လည်း အခက်အခဲ ပိုမိုဖြစ်စေမည်ဖြစ်ပြီး အစိုးရသစ် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများစွာထဲက တခုဖြစ်လာမည်ဟုလည်း နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ကြ သည်။
အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းမည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင်မူ သဘာဝဘေး အန္တရာယ်ကြောင့် လည်းကောင်း၊ စီးပွားရေးအကြောင်းများကြောင့် လည်းကောင်း၊ လယ်ယာမြေ သိမ်းဆည်းခံရသည့်အတွက် လည်းကောင်း မြို့ပြသို့ ပြောင်းရွှေ့လာသည့် အိုးမဲ့၊ အိမ်မဲ့ဖြစ်သူများ ပြန်လည် နေရာချထားရေးအတွက် စီမံကိန်းများ အမြန်ဆုံး အကောင်အထည် ဖော်မည်ဟု ပါရှိသည်။
သို့သော် လက်ရှိအစိုးရသက်တမ်းသည် ၂ လကျော် ကျန်ရှိနေသေးသည်။
ယင်းအချိန်အတွင်း သောင်းနှင့်ချီသော ရန်ကုန်မြို့ရှိ ကျူးကျော်နေထိုင်သူများကိုလည်း အင်အားသုံး ဖြေရှင်းခြင်းမျိုးမလုပ်ဘဲ အခြေ အနေမှန်ကို သိအောင်လုပ်ကာ တတ်သိပညာရှင်များနှင့်ပူးပေါင်း၍ အကောင်းဆုံး အဖြေထုတ်ပြီး ဖြေရှင်းသင့်ကြောင်း တိုက်တွန်း ရေးသား လိုက်ရပါသည်။ ။