အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကဦးဆောင်မည့်အစိုးရသစ်ကို ဂျပန်နိုင်ငံအနေနဲ့ ကူညီထောက်ပံပေးသွားမည်ဟု ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဖူမိယို ကီရှိဒါ ပြောဆိုလိုက်သည်။
မနေ့ကတိုကျိုမြို၌ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် NLDပါတီ စီးပွားရေးဆိုင်ရာ ကော်မတီဝင် ဦးမျိုးမြင့်အပါအဝင် တခြား သော အဖွဲ့ဝင်များတွေ့ဆုံ အပြီးထိုသို့ပြောကြားလိုက်ခြင်းဖြစ်ပြီး “ဂျပန်နိုင်ငံအနေနဲ့ အစိုးရသစ်ကို ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေနဲ့ ပုဂ္ဂလိကကဏ္ဍရင်းနှီးမြုပ်နှံမှုတွေ ထောက်ပံပေးဖို့ အရှိန်မြှင့်လုပ်ဆောင်သွားမယ်၊ NLDရဲ့ အောင်မြင် ဟာငြိမ်းချမ်းရေးနဲ့ မြန်မာနိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုတွေအတွက်အရေးကြီးတယ်၊ မြန်မာ့ဒီမိုကရေစီတိုးတက်မှု ကိုကြိုဆိုတယ်”ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးကပြောကြောင်း Bangkok Post သတင်းကဆိုသည်။
ဂျပန်နိုင်ငံအနေနဲ့ NLDဦးဆောင်တဲ့ အစိုးရသစ်နဲ့ အနီးကပ်ဆက်ဆံသွားမယ်လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြောင်းသိရသည်။
NLD ပါတီမှ ဦးမျိုးမြင့်ကလည်း “မြန်မာဟာ ခက်ခဲတဲ့အခြေအနေတခုမှာရောက်ရှိနေပြီး စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရ တယ်၊ ဒါကြောင့် ဂျပန်ရဲ့ အကူအညီဟာ အားတခုဖြစ်တယ်၊ ကျနော်တို့အနေနဲ့လည်း ဂျပန်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး မျိုး တည်ဆောက်ထားချင်တယ်”လို့ တွေ့ဆုံမှုအပြီးမှာ မီဒီယာတွေကို ပြောသည်။
NLD အစိုးရသစ် အနေနဲ့ စစ်အစိုးရနှင့် စစ်အစိုးရကျောထောက်နောက်ခံပြု အုပ်ချုပ်မှုမှ ပြောင်းလဲဖို့ မျှော်လင့်နေသလို၊ ဂျပန် နိုင်ငံကလည်း သဘာဝသယံဇာတများကြွယ်ဝသော မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရင်းအနှီးပြုရန် မျှော်လင့်ပြီး အစိုးရသစ်ကိုကူညီရန် စိတ်အားထက်သန်လျက်ရှိသည်။
NLD ပါတီ၏ စီးပွားရေးဆိုင်ရာ ကော်မတီဝင်များ၏ ၇ရက်ကြာဂျပန်ခရီးစဉ်အတွင်း ဂျပန်ဘဏ္ဍာရေး ဝန်ကြီး တာရိုအာဆို အပါအဝင် ဂျပန်ဘဏ်၊ ဂျပန်နိုင်ငံတကာ ကော်ပိုရေးရှင်းအေဂျင်စီမှ အကြီးတန်းအရာရှိကြီးများနှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။
Bangkok Post သတင်းပါ Japan vows support for new Myanmar government ကို ဆုမွန်ဖြိုး ဘာသာပြန်ဆိုသည်။