လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ ထည့်သွင်း ရေး အဆိုပြုတင်သွင်းမှုအား လတ်တလောဆောင်ရွက်ရန် မသင့်ဘဲ အစိုးရသစ်၏ သဘောထားနှင့် အညီ ဆောင် ရွက်သင့်ကြောင်း ယနေ့ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။
လွှတ်တော်သက်တမ်း ပြီးဆုံးမည့်အချိန် နီးကပ်နေပြီး ကူးပြောင်းရေးကာလ ဖြစ်သည့်အတွက် ဆောင်ရွက်ရန် အချိန်အခက်အခဲ ရှိေနေကြာင်း၊ ယင်းကိစ္စရပ်များကို နောက်တက်လာမည့် အစိုးရသစ်၏ သဘောထားနှင့်အညီ ဆောင်ရွက်သင့်ကြောင်း ဟူသည့် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်အပေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အများစုက ထောက်ခံအတည်ပြုခဲ့ကြခြင် းဖြစ်သည်။
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက “ဆွေးနွေးပွဲ တက် ရောက်တဲ့ ကိုယ်စားလှယ် အများစု ကလည်း လက်ရှိအခြေအနေနဲ့ အချိန်အခါတွင် ဆောင်ရွက်ရန် မသင့် ကြောင်း ဆွေးနွေးခဲ့ကြသဖြင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင်အားလုံးကလည်း လက်ရှိအခြေအနေနဲ့ အချိန်အခါတွင် ဆောင်ရွက်ရန်မသင့်ကြောင်း တညီတညွတ်တည်း သဘောထားကို အစီရင်ခံစာ တင်ပြပါတယ်။ နာယက အနေနဲ့လည်း ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့တင်ပြချက်ကို မှန်ကန်သင့်မြတ်တယ်လို့ ယူဆပါတယ်” ဟု ပြောသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီး ဌာနအောက်သို့ ထည့်သွင်းပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက် ရယူပေးနိုင်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယက ထံသို့ ဇန်နဝါရီလ ၂၂ ရက်စွဲဖြင့် ပေးပို့ထားခြင်း ဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေး လုပ်ငန်း၊ အမျိုးသား မှတ်ပုံတင်ရေးနှင့် နိုင်ငံသား မှတ်ပုံတင်ရေးလုပ်ငန်း၊ ပြည်သူ့အင်အား စာရင်းကောက်ယူ ထိန်းသိမ်းရေးလုပ်ငန်း စသည့် လုပ်ငန်းတာဝန် ၃ ရပ်ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ ဝန်ကြီးဌာနများကို ပိုမိုကျစ်လျစ်စွာ ဖွဲ့စည်းနိုင်ခြင်းဖြင့် အစိုးရဘဏ္ဍာငွေ ကုန်ကျမှုကို လျော့ချရန်၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေး ကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် နယ်စပ်ဒေသမှ တရားမဝင် ခိုးဝင်ခိုးထွက်မှုများ၊ နိုင်ငံခြားသားများ တရားမဝင် ခိုးဝင်စိမ့်ဝင်မှုများကို ပြည်ထဲရေး ဝန်ကြီးဌာန၏ ကွပ်ကဲမှု အောက်ရှိ ဦးစီးဌာနများနှင့် ဟန်ချက်ညီ ပူးပေါင်းကာကွယ်တားဆီး ဆောင်ရွက်နိုင်ရန်၊ ပြည်သူ့ဝန်ဆောင်မှု ရုံးများ၏ လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည်ဟု သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
လာမည့်အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းမည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် နိုင်ငံတော်အသုံးစရိတ် သက်သာနိုင်ရန်နှင့် စွမ်းဆောင်ရည်ပြည့်၍ ကျစ်လစ်သော အစိုးရတရပ် ဖွဲ့စည်းနိုင်ရန် ဝန်ကြီးဌာနများကို လျော့ချသွားမည်ဟု ဖော်ပြထားသည်။