ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်အမျိုးသား ပါတီ (ANP) မှ အနိုင်ရ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဦးလှအောင်ညွန့်ကို ဇန်နဝါရီလ ၂၈ ရက်နေ့က မြေပုံမြို့နယ် တရားရုံးက ထောင်ဒဏ် ၁ နှစ်ချမှတ်လိုက်ကြောင်း ၎င်း၏ အမှု၏ အကျိုးဆောင်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။
တရားလွှတ်တော်ရှေ့ ဒေါ်အေးနုစိန်က “သူ့ကို ဒီကနေ့ အမိန့်ချလိုက်တာ ဟုတ်ပါတယ်။ ၆ လစီ တပေါင်းတည်း ကျခံစေ ဆိုပြီးတော့ ချမှတ်လိုက်တာပါ။ ကျမတို့က ဥပဒေအရ မြောက်ဦးခရိုင် တရားရုံးကို အယူခံ တက်ပါမယ်” ဟု
ဧရာဝတီသို့ ပြောသည်။
အဆိုပါ အနိုင်ရ ပြည်နယ် လွှတ်တော်အမတ် ဦးလှအောင်ညွန့်ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၆ ခြိမ်းခြောက်မှု၊ ၄၅၁ အိမ်ကျော်နင်းမှု စသည့် ပုဒ်မများဖြင့် ပုဒ်မ တခုစီအတွက် ထောင်ဒဏ် ၆ လ စုစုပေါင်း ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း အကျိုးဆောင်ရှေ့နေ ဒေါ်အေးနုစိန်က ဆိုသည်။
ထောင်ဒဏ် ချမှတ်ခံရသော အနိုင်ရ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှအောင်ညွန့်သည် မင်းပြားမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) နေရာတွင် အဓိက ပြိုင်ဘက်ပါတီတခုဖြစ်သည့် ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာ စံရွှေအောင်နှင့် အပြိုင် အရွေးခံခဲ့သူတဦးလည်း ဖြစ်သည်။
ဦးလှအောင်ညွန့် ယခုကဲ့သို့ ထောင်ဒဏ် ချမှတ်ခံရခြင်းမှာ မင်းပြားမြို့နယ်၊ ပြည်တော်လှ ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတဦးက တရားစွဲဆိုခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ရေကြီးခဲ့သည့် အချိန်အတွင်းက ဒေါက်တာ စံရွှေအောင်မှ လှူဒါန်းသည့် ရေဘေးကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ရာတွင် ပါဝင်ကူညီ ဆောင်ရွက်ခြင်း မပြုလုပ်ရန် သွားရောက် တားဆီးခဲ့သည်ဆိုသည့် ခြိမ်းခြောက်မှု၊ အိမ်ကျော်နင်းမှု စွပ်စွဲချက်များနှင့် တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း သိရသည်။
အမှုသည်က မင်းပြားမြို့နယ် တရားရုံးအစား မြေပုံမြို့နယ်တွင် အမှုကို ရုံးပြောင်းလျှောက်ထားခဲ့သည်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မဲဆန္ဒနယ် အမှတ် ( ၂ ) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများမှာ ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာ စံရွှေအောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ဦးထွန်းဦးကျော်၊ ချင်းအမျိုးသားပါတီမှ ဦးကြာအောင်၊ ရခိုင်အမျိုးသားပါတီမှ ဦးလှအောင်ညွန့်၊ အမျိုးသာဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဒေါက်တာ ခင်မောင်ဝင်းတို့ ဖြစ်သည်။