ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှ ပြည်သူ့စစ် ခေါင်းဆောင် ဦးတီခွန်မြတ်ကို အစိုးရသစ် လွှတ်တော်တွင် ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဌ တာဝန်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာလိုက်မှုအပေါ် လူမှုအဖွဲ့ အစည်း များနှင့် နိုင်ငံရေးအသိုင်းအဝိုင်းများက ဝေဖန်ပြောဆို နေကြသည်။
ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် ဦးဝင်းမြင့်၊ ဒုတိယ ဥက္ကဌ အဖြစ် ကြံ့ခိုင်ရေးပါတီ မှ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော် ဥက္ကဌ အဖြစ် ဦးမန်းဝင်ခိုင်သန်း နှင့် ဒုတိယ ဥက္ကဌ အဖြစ် ရခိုင် အမျိုးသားပါတီ မှ ဦးအေးသာအောင် တို့ကို ခန့်အပ်မည်ဖြစ်ကြောင်း NLD ကကြေညာလိုက်သည်။
နိုင်ငံတော်တွင် အရေးပါသည့် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ နေရာ ကို သန့်ရှင်းသည့် ပုဂ္ဂိုလ်၊ လူ့အခွင့်အရေး ချိုးဖောက်မှု အပိုင်းကဏ္ဍ မရှိသူကို လိုလားကြောင်း၊ မူးယစ်ဆေးဝါး စိုက်ပျိုးသည့် ပြည်သူ့စစ်ခေါင်းဆောင် ဦးတီခွန်မြတ် ကို ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ အဖြစ်ခန့်အပ်သည့် ကိစ္စ မဖြစ်သင့်ကြောင်းကို ကွတ်ခိုင်ဒေသ အတွင်း လှုပ်ရှားနေသည့် ပလောင်(တအာင်း) အမျိုးသမီး အဖွဲ့အစည်း အလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင် တဦး ဖြစ်သည့် လွေးပိုးကျိန်ကီက ဧရာဝတီသို့ပြောသည်။
“ ဦးတီခွန်မြတ်ကို ကျမတို့အနေနဲ့ သူ့ရဲ့ နောက်ကြောင်းကို ကြည့်မယ်ဆိုရင် ကွတ်ခိုင်ဒေသမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ် တဲ့သူလို့ တော်တော်ကို နာမည် ကြီးနေတယ်။ သူ့ကို ကွတ်ခိုင်ဒေသခံတွေ မကြိုက်တဲ့ သူများတယ်” လွေးပိုးကျိန်ကီ က ဆိုသည်။
ဦးတီခွန်မြတ် သည် ကွတ်ခိုင်မြို့နယ် အခြေစိုက် “ အထူး ပြည်သူ့စစ် အဖွဲ့” ခေါင်းဆောင် တဦးဖြစ်ပြီး၊ ၂၀၁၀ ရွေးကောက်ပွဲ နှင့် ၂၀၁၅ ရွေးကောက်ပွဲ တွင် ကြံ့ခိုင်ရေး ပါတီ မှ ပြည်သူ့လွှတ်တော်အမတ်အဖြစ် ဝင်ရောက် အရွေးချယ် ခံခဲ့ပြီး အနိုင်ရရှိခဲ့ သူတဦးဖြစ်သည်။
သူ၏ ထိန်းချုပ်ခွင့်ရသည့် နယ်မြေအတွင်းတွင် ကိုယ်ပိုင် ဘိန်းစိုက်ပျိုး ထုတ်လုပ်ဖြန့်ဖြူးမှု၊ အခွန်အခ ကောက်ယူပြီး ဘိန်းစိုက်ပျိုးခွင့်ပြုမှု ဘိန်းဖြူ၊ ဘိန်းမဲ အပါအဝင် တခြား မူးယစ်ဆေးဝါ များကို လက်သိပ်ထိုး ရောင်းချ ခွင့်ပြု မှုများ တွင် အဓိက ပါဝင် ပတ်သက်နေသည်ကို ယင်းဒေသသို့ ဧရာဝတီ၏ ကွင်းဆင်းလေ့လာမှုအရ သိရှိရသည်။
ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ နေရာ ကို နာမည်ကောင်းပြီး သန့်ှရင်းသည့် သူကို ဖြစ်သင့်ပြီး၊ နောက်ခံသမိုင်း မရှင်းလင်းသည့် သူကို ခန့်အပ်လိုက်သည့်အတွက် NLD ကို အံ့သြမိကြောင်း လည်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောသည်။
ကချင် ငြိမ်းချမ်းရေး ကွန်ရက် မှ ဒေါ်ခွန်ဂျာ “ ဦးတီခွန်မြတ် က ဘိန်းစိုက်ပျိုးတယ် ဆိုပြီး ကျော်စောတယ် ဆိုတာ ကျမ ကြားပါတယ်။ ကျမတို့ ရှင်းရှင်းလင်းလင်း ရှိချင်တယ်။ NLD အနေနဲ့ ဒီလို ခန့်အပ်လိုက်တဲ့အပေါ်မှာ ဘယ်လို ကိုင်တွယ် မလဲဆိုတာ ကျမ မသိတော့ဘူး။ ဒီနေရာက တော်တော် အရေးကြီးတဲ့နေရာ ဖြစ်တယ်။ ဘာဖြစ်လို့ နာမည် ရှင်းရှင်း လင်းလင်း ရှိတဲ့ ရိုးရိုးအမတ်ကို မခန့်အပ်နိုင်တာလဲ” ဟု ဧရာဝတီသို့ပြောသည်။
ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ အတွင်းရေးမှူး ဦးစိုင်းလိတ်က “ ဘိန်းကိစ္စနဲ့ ပတ်သတ်ပြီးကျနော်တို့ လက်ဆုတ်လက်ကိုင် ပြလို့မရဘူး။ ဒါပေမယ့် သတင်းထဲမှာ တော့ သူက ပြည်သူ့စစ် ခေါင်းဆောင် တဦးဖြစ်ခဲ့ဖူးတယ်။ နောက် ဘိန်းနဲ့ပတ်သတ်တဲ့စီးပွားရေးလုပ်ငန်းမျိုးတွေနဲ့ သတင်းကို ကြားရတယ် ဆိုတော့ လွှတ်တော်ရဲ့ ပုံရိပ်ကို တစုံတရာ ထိခိုက်နိုင်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ သည် ကြံ့ခိုင်ရေး ပါတီ ထဲမှ တိုင်းရင်းသား တဦးဖြစ်သည့် ကချင်တိုင်းရင်းသား တယောက်ကို ရွေးချယ်လိုက်သည့် သဘောဖြစ်နေကြောင်း၊ ကချင်တိုင်းရင်းသားဖြစ်သည့်အတွက် တိုင်းရင်းသားအရေး နှင့် ပတ်သက်ပြီး ကိုယ်စားပြု လုပ်နိုင်မည် ဟု ယုံကြည်ကြောင်း ကိုလည်း ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ ဥက္ကဌ ဒေါက်တာ တူးဂျာ က ဧရာဝတီသို့ပြောသည်။
ထို့ပြင် ဒေါက်တာတူးဂျာ က “ သူ(ဦးတီခွန်မြတ်) နောက်ခံ သမိုင်း အနေနဲ့ ကတော့ ပြောစရာရှိပါတယ်။ ပြည်သူလူထုအ မြင်မှာတော့ သဘောမကျစရာဖြစ်ပါတယ်။ ပြည်သူ့စစ် ခေါင်းဆောင်တဦးဖြစ်သလို မူးယစ်ဆေးဝါးနဲ့ မကင်းမရှင်းတော့ ပြောစရာ တခုတော့ဖြစ်ပါတယ်။ ရွေးချယ်တဲ့ သူကလည်း သိပြီးသားဖြစ်မယ်။ ကျနော်အနေနဲ့ ကိုယ်စားပြုမယ် သူက သင့်တော်တဲ့ တခြား မရှိတော့ဘူးလား။ ဘာတွေ လုပ်ဆောင်မှာလဲ ဝိုင်းကြည့်ရတော့မယ်” ဟု ဆိုသည်။
ဦးတီခွန်မြတ်သည် ဒေသကောင်းကျိုးအတွက် အစဉ်လုပ်ဆောင်နေသည့် သူတဦးဖြစ်ကာ မလိုလားသူများက နာမည်ဖျက် လိုသည့် သဘောဖြင့် အမျိုးမျိုး ပြောဆိုနေကြကြောင်း၊ ဦးတီခွန်မြတ် သည် ဘိန်းစိုက်ပျိုးခြင်း ဘိန်းအရောင်းအဝယ် လုပ်ကိုင် နေသူ မဟုတ်ကြောင်းကိုလည်း ကွတ်ခိုင်ဒေသခံ ဒေါ်လုတွယ် က ဧရာဝတီသို့ပြောသည်။
“ကျမတို့ မျက်စိစေ့မှာ တကယ်တကယ်ကျတော့ သူက အားလုံးရဲ့ အားကိုးရတဲ့ ဖခင်ကြီးပေါ့နော်။ သူက ဒေသကို ကောင်း ကျိုး အတွက် အရမ်း လုပ်ပါတယ်။ အခုလည်း သူကို အားကိုး ယုံကြည်ထိုက်လို့ ခန့်အပ်တယ်လို့ ထင်ပါတယ်။ ကျမတို့က တော့ အတိုင်းမသိ ဝမ်းမြောက်ပါတယ်” ဟု ဒေါ်လုတွယ်က ဆိုသည်
၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း မှ ဦးမြအေး “ ကျနော်ဘာမှ မပြောချင်သေးဘူး။ အချက် အလက် တွေ ပြောရမှာလေ။ ယေဘုယျ အနေနဲ့ကတော့ မကြိုက်ဘူးပေါ့ဗျာ” ဟု ဧရာဝတီသို့ပြောသည်။
ဆက်စပ်သတင်းများ
အမတ်လောင်း တဖြစ်လည်း လက်နက်ကိုင် ခေါင်းဆောင် ဟောင်းများနှင့် မူယစ်ဆေး ဆက်စပ်သူများ
လွှတ်တော်အမတ် ၂ ဦးနဲ့ ရှမ်းမြောက်တောင်တန်း မူးယစ်နယ်မြေ