လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှုကို ကန့်ကွက်ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံထားရသူ ၆ ဦးကို မြင်းခြံမြို့နယ်တရားရုံးက ယနေ့နေ့လည်ပိုင်းတွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ရာ ၅ ဦးမှာ ချုပ်ရက်ခံစားခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၁၅ခုနှစ် မတ်လ ၂၇ရက်နေ့က မြင်းခြံပြည်သူ့ဆေးရုံကြီးရှေ့တွင် လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရခြင်းအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြသည့် ဉာဏ်ကြီး (ခေါ်) ဉာဏ်မြင့်ကျော်၊ ကိုသန့်ဇင်၊ ကျော်သန်းထွန်း၊ စည်သူမြတ်၊ စိန်ဝင်းနှင့် မဖြူ တို့ ၆ ဦးကို ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၅ တို့ဖြင့် အသီးသီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ကို ဒီနေ့အမိန့်ချတယ်။ စုစုပေါင်း ၉ လကျခံရတာပေါ့။ ဒါပေမယ့် ချုပ်ရက်ခံစားခွင့်ရှိတော့ ပြန်လွတ် လာတယ်။ ကိုသန့်ဇင်ကတော့ ထောင်ထဲမှာ ၁ လ နေရဦးမယ်။ သူက နောက်ထပ် ပုဒ်မ ၁၈ နဲ့ ၂ မှု စွဲခံထား ရပြီး ထောင် ၂ လ ချမှတ်ခံထားရသေးတော့ နောက်ထပ် ၁ လ ကျန်မယ်” ဟု ယနေ့တွင် ပြန်လည်လွတ်မြောက် လာသည့် ကိုဉာဏ်ကြီးက ပြောသည်။
ထိန်းသိမ်းတရားစွဲဆို ခံထားရသူများသည့် ပုဒ်မ ၅၀၅ (ခ) အရ ထောင်ဒဏ် ၆ လ၊ ပုဒ်မ ၁၄၃ အရ ထောင်ဒဏ် ၁ လ၊ ပုဒ်မ ၁၄၅ အရ ပုဒ်မ ၂ လဖြင့် စုစုပေါင်းချုပ်ရက် အပါအဝင် ထောင်ဒဏ်ကိုးလ အသီးသီး ချမှတ်ခံရခြင်း ဖြစ်သည်။ တရားစွဲဆိုခံထားရသူများထဲတွင် ကိုသန့်ဇင်မှလွဲပြီး ကျန်သူ ၅ ဦးစလုံးမှာ ချုပ်ရက်ပေါင်း ဆယ်လနှင့်တရက် ကြာမြင့်ခဲ့သည့်အတွက် ချုပ်ရက်ဖြင့် ပြန်လည်လွတ်မြောက်လာကြခြင်း ဖြစ်သည်။
ယင်းအမှုတွဲ ၆ ဦးထဲမှ ကိုဉာဏ်ကြီးနှင့် ကိုသန့်ဇင်မှာ ထပ်တိုး ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံခဲ့ရပြီး မကြာမီလပိုင်းက ထိုထပ်တိုး ပုဒ်မ ၁၈ ဖြင့် ကို ဉာဏ်ကြီးကို ထောင်ဒဏ် ၁ လ၊ ကိုသန့်ဇင်ကို ထောင်ဒဏ် ၂ လ ချမှတ်ခံခဲ့ရပြီး ကိုသန့်စင်မှလွဲ၍ ကျန်သူများမှာ ချုပ်ရက်ပြည့်ဖြင့် ပြန်လည် လွတ်မြောက်လာကြခြင်း ဖြစ်သည်။