“ရန်ကုန်တရားမျှတမှု စင်တာ” (Yangon Justice Center)သည် ပြစ်မှုဆိုင်ရာမှုခင်းများ ကြုံတွေ့နေရချိန်၌ ရှေ့နေငှားရန် ငွေကြေးမတတ်နိုင်သည့်သူများ၊ တရားဥပဒေမဲ့ မတရားချုပ်နှောင်ခံရသူများနှင့် ဖမ်းဆီးခံနေရစဉ် ကာလအတွင်း တရားခံတယောက်၏ အခွင့်အရေး အပြည့်အဝရရှိရန် လိုအပ်နေသူများအတွက် အခမဲ့ကူညီ ပေးနေသည့် နေရာတခု ဖြစ်သည်။
ထိုစင်တာရှိ ရှေ့နေများနှင့် ဥပဒေရေးရာ ကျွမ်းကျင်သူများက အကူအညီ တောင်းခံလာကြသူများကို မှုခင်းအမှန်တကယ် ကျူးလွန်ခဲ့သည်ဖြစ်စေ၊ မတရားခံရသည်ဖြစ်စေ ငွေကြေး တပြားတချပ်မှ မယူဘဲ စေတနာ့ဝန်ထမ်းပီသစွာ အမှုပြီးဆုံးအောင်မြင်သည်အထိ လိုက်ပါဆောင်ရွက် ပေးနေကြသည့်သူများ ဖြစ်သည်။
“ရန်ကုန်တရားမျှတမှု စင်တာ”(Yangon Justice Center)သည် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်း အောက်ဘလောက်တွင် ဖွင့်လှစ်ထားသည်။ ထိုစင်တာကို ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်က စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တရားမျှတမှု စင်တာသည် ဆင်းရဲနွမ်းပါးသူများ၊ တရားမျှတမှု မရှိဘဲ ဖမ်းဆီးချုပ်နှောင်ခံထားရသည်ဟု ယူဆသူများ၊ အမှုအခင်း ဖြစ်ပွားစဉ်ကာလအတွင်း အခမဲ့ရှေ့နေအဖြစ် ဆောင်ရွက်ပေးခြင်း၊ ကူညီခြင်းနှင့် ဥပဒေ အကြံဉာဏ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနေသည့် လွတ်လပ်သော အဖွဲ့အစည်းတခု ဖြစ်သည်။
အဆိုပါစင်တာကို ဦးကျော်မြင့် (Law Firm ) ဆိုသူက စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အများပြည်သူကို ကူညီတတ်သည့် စိတ်ဓာတ်ရှိသည့် ရှေ့နေများကို ထောက်ပံ့ကြေးပေး၍ ငှားရမ်းကာ ရန်ကုန်မြို့နှင့် အနီးတဝိုက်ရှိ ဆင်းရဲနွမ်းပါးသူများအတွက် အခမဲ့ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက် ပေးစေခြင်းဖြစ်သည်။
ထိုစင်တာတွင် အခမဲ့ကူညီပေးမည့် ရှေ့နေ ၂၀ ကျော်က “ရန်ကုန်တရားမျှတမှု စင်တာ” သို့ လာရောက်အကူအညီ တောင်းခံသည့် မည်သူကိုမဆို ကူညီပေးရန် အဆင်သင့်ရှိနေသည်။
“ကျနော်တို့အဖွဲ့က မတရားခံရတဲ့သူကိုပဲ ကူညီမှာမဟုတ်ဘူး။ တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ အမှုကိုကျုးလွန်တာ မှန်သည်ဖြစ်စေ တရားရုံးတော်မှာ တရားခံတယောက်ရဲ့ အခွင့်အရေး အမှန်တကယ် ရရှိဖို့အတွက် ကူညီပါတယ်”ဟု ရန်ကုန်တရားမျှတမှု စင်တာ၏ မန်နေဂျာ ဦးထွန်းလှိုင်က ရှင်းပြပြောဆိုသည်။
“ဆင်းရဲနွမ်းပါးသူတွေက ကျနော်တို့စင်တာကို အားကိုးတယ်။ တရားရုံးမှာ အမှုရင်ဆိုင်နေရသူတွေ၊ အချုပ်ခန်းထဲမှာ မိသားစုနဲ့ အဆက်အသွယ် ပြတ်နေတဲ့သူတွေ အမှန်တကယ် လွတ်သင့်ပါလျက်နဲ့ အမှုကြန့်ကြာနေတဲ့သူတွေအတွက် စင်တာက အများကြီး အကူအညီရတယ်လို့ သူတို့ပြောကြတယ်။ ကျနော်တို့အဖွဲ့က အကူအညီတောင်းခံသူတွေဆီက ဘာအကျိုးအမြတ်မှ မယူဘူး။ အမှုသည်တွေတိုက်တဲ့ရေတောင် မသောက်ရဘူးဆိုတဲ့ ကတိနဲ့ လုပ်ဆောင်ပေးနေကြတာပါ”ဟု ဦးထွန်းလှိုင်က ဆက်ပြောသည်။
ရန်ကုန်တရားမျှတမှု စင်တာ စတင်တည်ထောင်ခဲ့သည့် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ် နိုဝင်ဘာလအထိ အခမဲ့ ကူညီပေးနေသည့် အမှုပေါင်း ၇၈၃ မှုရှိပြီး၊ ၅၉ မှု အောင်မြင်မှု ရရှိထားကာ ဆက်လက်ကူညီနေဆဲ အမှုများလည်း ရှိနေကြောင်း သိရသည်။
“အမှုတခုဖြစ်လို့ တရားရုံးရောက်သွားတဲ့အခါ ပိုက်ဆံမပေးရင် မလွတ်ဘူးလို့ ပြည်သူတွေက ထင်ကြတယ်လေ။ ကျနော်တို့ လိုက်ခဲ့တဲ့ ၅၉ မှု စလုံးက ပိုက်ဆံတပြားမှ မပေးရဘဲ လွတ်လာတာ။ တချို့ကလည်း အမှန်တကယ် ကျူးလွန်လို့ အဖမ်းခံရတာတွေရှိတယ်။ အဲဒီလိုအမှုတွေလည်း ကျနော်တို့ဆီ ရောက်လာတယ်” ဟု ဦးထွန်းလှိုင်က ပြောပြသည်။
ခိုးဝှက်မှု၊ ဆဲဆိုမှု၊ ပြည့်တန်ဆာမှု၊ လိမ်လည်မှု၊ အမွေပစ္စည်းဆိုင်ရာ အငြင်းပွားမှု၊ လက်နက်ကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါးမှု၊ နာကျင်စေမှုနှင့် လုယက်မှုစသည့် ပြစ်မှုမြောက်သည့် ကိစ္စများအတွက် ထိုစင်တာက အဓိကထား ကူညီနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့နည်းတူ လယ်ယာမြေ အမှုအခင်းများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ပြဿနာများနှင့် လင်မယား ကွာရှင်းလိုမှု များတွင်လည်း အခမဲ့ အကြံဉာဏ်များ ပေးလျက်ရှိကြောင်းနှင့် စင်တာက ကူညီမှု မပေးနိုင်သည့်အခါတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
“အမှုတခု မပြီးဆုံးခင် ဘယ်သူမှန်တယ်။ ဘယ်သူမှားတယ် ဘယ်သူမတရား ခံရတယ်ဆိုတာ မသိနိုင်ပါဘူး။ အရင်တုန်းကဆိုရင် တရားရုံးက ကျနော်တို့အဖွဲ့လာရင် တချို့ဝန်ထမ်းတွေက မကျေနပ်တာ ရှိတယ်။ အခုတော့ လိုလိုလားလား ရှိလာပါပြီ” ဟု ဦးထွန်းလှိုင်က ရှင်းပြသည်။
ရန်ကုန်တရားမျှတမှု စင်တာသည် တောင်ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်တို့တွင် အကူအညီပေးခြင်းနှင့် အကြံပေးခြင်းဆိုင်ရာရုံးခွဲများ ဖွင့်လှစ်ထားသည်။ ထို့အပြင် ဆင်းရဲနွမ်းပါးသူများပြားသော အမှုအခင်းဖြစ်ပွားနှုန်းများသော လှိုင်သာယာမြို့နယ်တွင်လည်း သီးသန့်ရုံးခွဲတခု ဖွင့်လှစ်ကာ အုပ်ချုပ်သူတဦးထား၍ ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
ထိုစင်တာသည် အခမဲ့ရှေ့နေလိုက်၍ ဆင်းရဲနွမ်းပါးသူများကို ကူညီဆောင်ရွက်ပေးခြင်းအပြင် နိုင်ငံတွင်းရှိ တက္ကသိုလ်များ၌ တက်ရောက်နေကြသည့် ဥပဒေကျောင်းသားများကို ပြင်ပတရားစီရင်ရေးနှင့် ပတ်သက်ပြီး လက်တွေ့ကျကျ လေ့လာနိုင်စေရန် သင်တန်းများပေးခြင်း၊ ဥပဒေပညာရှင်များကို ငှားရမ်းကာ အတွေ့အကြုံများ ပို့ချစေခြင်းအပြင် စင်တာရှိ အခမဲ့ရှေ့နေများက အမှုလိုက်ပါ ဆောင်ရွက်ပေးနေချိန်တွင် ဥပဒေကျောင်းသားများကို တရားရုံးအထိ လိုက်ပါကြည့်ရှုစေခြင်းဖြင့် လက်တွေ့သင်တန်းများ ပို့ချပေးခြင်း၊ လေ့လာစေခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။
ရန်ကုန်တရားမျှတမှု စင်တာက ဆောင်ရွက်နေသည့် တွေ့ကြုံမှုများအရ စီမံကိန်း နယ်မြေများအတွင်းရှိ တရားရုံးများက ယခင်က အဖွဲ့အပေါ် အမြင်မှားမှုများရှိခဲ့ကြောင်း၊ သို့သော်နောက်ပိုင်းတွင် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်လာပြီး အဖွဲ့၏ လုပ်ဆောင်မှုများကို ယခင်ကထက် နားလည်မှုများ ရှိလာကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လာသည်ဟု သိရသည်။
လက်ရှိတွင် အခြေအနေအရ ရန်ကုန်မြို့ တခုတည်းကိုသာ ရန်ကုန်တရားမျှတမှု စင်တာ၏ စီမံကိန်းနယ်မြေအဖြစ် သတ်မှတ်ထားသော်လည်း နောက်ပိုင်းတွင် ထပ်မံတိုးချဲ့သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။
မည်သို့ပင်ဖြစ်စေ ဆင်းရဲနွမ်းပါးသူများ ပြစ်မှုဆိုင်ရာမှုခင်းများ ကျုးလွန်မိချိန် ရှေ့နေငှားခ မတတ်နိုင်သည့်အခါ၌ အားကိုးရာအဖွဲ့တခုဖြစ်သည့် လူမျိုးဘာသာမရွေး ကူညီပေးနေသော “ရန်ကုန်တရားမျှတမှု စင်တာ” ရှိနေပြီ ဖြစ်သည်။ ။