ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖူးခက်ကမ်းခြေရှိ ဖယ်ရော့ တံငါဆိပ်ကမ်းတွင် ပိတ်လှောင်ခံထားရသည့် မြန်မာနိုင်ငံသား လှေလုပ်သား ၃၀ ကျော်ကို မြန်မာနိုင်ငံသား လူကုန်ကူးဂိုဏ်းအဖွဲ့တခုထံမှ ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ (AHDD)၏ အကူအညီဖြင့် ဇန်န ဝါရီလ ၂၈ ရက်နေ့က ကယ်ထုတ်နိုင်ခဲ့သဖြင့် လွတ်မြောက်လာပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့(MAT)က ပြောသည်။
မြန်မာနိုင်ငံသား လှေလုပ်သားများသည် ကျဉ်းမြောင်းသည့် အခန်းငယ်တခုအတွင်း၌ လှောင်ပိတ်ခံထားရပြီး အပြင်ထွက်ခွင့် မရ ကြောင်း၊ အခန်းအား သေ့ာခတ်ထားပြီး လူကုန်ကူးဂိုဏ်း ခေါင်းဆောင် ကိုပက်ဆိုသူ၏ အမျိုးသမီး ဖြစ်သူက အပြင်မှ စောင့်နေလေ့ ရှိကြောင်း လှေလုပ်သားများအား ကယ်ထုတ်ရာတွင် ပါဝင်ခဲ့သူ MAT မှ ဒါရိုက်တာ ဦးကျော်သောင်းက ဧရာဝတီသို့ ပြောသည်။
ဦးကျော်သောင်းက“မွန်းကြပ် ပူလောင်နေတဲ့ အခန်းကျဉ်းလေး တခုထဲမှာ လူ ၃၀ ကျော်ကို ပိတ်လှောင်ထားတယ်။ စားလည်း အဲဒီ နေရာ၊ အိမ်သာတက်လည်း အဲဒီနေရာ၊ တကယ့် ငရဲခန်းထဲ ရောက်နေသလိုပဲ။ သူတို့ကိုတွေ့တော့ ကျနော်တို့လည်း အတော် စိတ်မ ကောင်း ဖြစ်သွားတယ်”ဟု ဆိုသည်။
ဖူးခက်ကမ်းခြေရှိ အလုပ်လုပ်ကိုင်နေသည့် လူငယ်တချို့က သတင်းပေးရာမှတဆင့် ထိုလှေသမားများကို ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ် ကြောင်း၊ လူကူကုန်း ဂိုဏ်းခေါင်းဆောင် မြန်မာနိုင်ငံသား ဖြစ်သူ ကိုပက် ထွက်ပြေး လွတ်မြောက်သွားသော်လည်း ကိုပက်၏ ဇနီးကို ဖမ်းမိခဲ့ကြောင်း သိရသည်။
ကယ်ထုတ်ခံရသူများသည် မြန်မာပွဲစားအား ထိုင်းဘတ်ငွေ ၂၄၀၀၀ ဝန်းကျင် ပေးဆောင်ခဲ့ရကြောင်း၊ ကယ်ထုတ်ခံရသည့် လှေလုပ် သားများသည် ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းစသည့် ဒေသများမှ လာရောက်ကြသူများ ဖြစ်ကြောင်း၊ အသက် ၁၈ နှစ် မှ ၅၀ ဝန်းကျင်အထိ ပါဝင်ပြီး အများစုသည် လူငယ်ပိုင်းများ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသို့ ရောက်ရှိနေ သည်မှာ ၆ လ အထိ ရှိသူများလည်း ပါဝင်ကြောင်း သိရသည်။
ထို့ပြင် လှေပေါ်လိုက်ရာတွင်လည်း အနိုင်ကျင့်ခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိကြောင်း၊ လှေပေါ်မှ ပြန်နားပါကလည်း ထွက် ပြေးမည် စိုးရိမ်သည်ဟု အကြောင်းပြချက်ဖြင့် အပြင်သွားလာခွင့် မပေးဘဲ အခန်းကျဉ်းထဲ၌သာ ပိတ်လှောင်ခံထားရပြီး ပြင်ပနှင့်လည်း တယ်လီဖုန်း ဆက်သွယ်ခွင့် မရကြဟု ပြောဆိုကြကြောင်း MAT မှ ဦးကျော်သောင်းက ရှင်းပြသည်။
ကယ်ထုတ်ခံရသူ လှေလုပ်သားများအား ယခုအခါ ဖူးခက်ရဲစခန်း၌ ခေတ္တ ထိန်းသိမ်းထားပြီး မကြာမီ ကယ်ဆယ်ရေးစခန်းသို့ ပို့ဆောင် မည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဥပဒေအရ စိစစ်ဆောင်ရွက်ပြီးပါက မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးသွားမည်ဟု ဦးကျော်သောင်းက ပြောသည်။ မြန်မာလှေလုပ်သားအားလုံးသည် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ကတ်ပြား ဖြစ်သည့် ပန်းရောင်ကတ်ကို ကိုင်ဆောင်ထားကြကြောင်း သိရသည်။
ထိုင်းနိုင်ငံသည် လူကုန်ကူးမှုနှင့်ပတ်သက်၍ နိုင်ငံတကာက စောင့်ကြည့်ခံနေရသော်လည်း ယင်းကိစ္စကို ထိုင်းအစိုးရအနေဖြင့် ထိ ရောက်စွာ ကိုင်တွယ် ဖြေရှင်းပေးမှု အားနည်းနေကြောင်း၊ နိုင်ငံတကာအနေဖြင့် ထိုကိစ္စကို ထိရောက်သည့် ဆောင်ရွက်မှုဖြင့် လုပ် ဆောင်မှသာ လူကုန်ကူးမှု လျှော့ကျနိုင်မည်ဟု ယူဆကြောင်း MAT အဖွဲ့က ပြောသည်။
မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရမှုသည် လျော့ကျမသွားဘဲ ပိုမို များပြားလာကြောင်း၊ MAT အဖွဲ့ အနေနှင့်လည်း ထိုင်း နိုင်ငံ အစိုးရ အာဏာပိုင်များ၊ လူကုန်ကူးမှုအဖွဲ့များနှင့် ပူးပေါင်း၍ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် အတွင်း လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား စုစုပေါင်း ၁၀၀၀ ဝန်းကျင်ကို ကယ်တင်နိုင်ခဲ့ကြောင်း MAT အဖွဲ့က ပြောသည်။
လူကုန်ကူးခံရသူ အများစုသည် လှေလုပ်သား၊ စက်ရုံ၊ အလုပ်ရုံများသို့ ရောင်းစားခံရသူများ ဖြစ်ကြောင်း သိရသည်။