သတင်း

ဖမ်းဆီးခံ ကျောင်းသားများကို ထပ်တိုး တရားစွဲဆိုခြင်းများ ဆက်တိုက်ပြုလုပ်နေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အစိုးရသစ် အပြောင်းအလဲမဖြစ်ခင် ကာလအတွင်း ဖမ်းဆီးခံကျောင်းသားများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတချို့ကို ပုဒ်မ ၁၈ အပါအဝင် ထပ်တိုး တရားစွဲဆိုမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

မြို့နယ်ပေါင်း ၁၀ မြို့နယ်ကျော်တွင် တရားစွဲဆိုခံထားရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)မှ အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်က သူ့ကို ပုဒ်မ ၁၈ နှင့် တရားရုံးထုတ်ရန် ရန်ကုန်တိုင်း လှိုင်မြို့နယ် တရားရုံးနှင့် သင်္ဃန်း ကျွန်း မြို့နယ် တရားရုံးမှ ထပ်မံ ဆင့်ခေါ်ထားကြောင်း ဧရာဝတီကို ပြောပြသည်။

“မန္တလေး-ရန်ကုန် အမြန်လမ်းမက မြို့နယ်တွေမှာလည်း အမှုဖွင့်ထားတယ်လို့ ကြားပါတယ်။ အမှုဖွင့်ထားတဲ့ အမှုပေါင်း ၂၀ လောက် မှာ ပုဒ်မ ၁၈ နဲ့ က အများဆုံးပဲ။ အခုလို တက်ကြွ လှုပ်ရှားသူတွေကို အမှု တခုမိ တခု ထပ်တိုး တရားစွဲနေတာဟာ လက်ရှိ အစိုးရရဲ့ အငြိုးကြီးကြီး လုပ်ဆောင်နေတာကို ပြသတာပဲ။ ပြည်ထဲရေးဝန်ကြီးဌာနက နောက်တက်လာမယ့် အစိုးရသစ်ကို အခက် အခဲဖြစ်စေတယ်လို့ မြင်တယ်”ဟု ယမန်နေ့ က ကမာရွတ်မြို့နယ် တရားရုံးထုတ်ကို ရောက်ရှိနေသည့် မဖြိုးဖြိုးအောင်က တယ်လီ ဖုန်း မှ တဆင့် ပြောသည်။

ဗကသ ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ကိုကျော်ကိုကို ကိုလည်း ဗိုလ်တထောင်မြို့နယ် တရားရုံးက ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ ၁၈ နှင့် ထပ်မံ တရားစွဲဆိုထားပြီး ဇန်နဝါရီလ ၂၉ ရက် ရုံးထုတ်ရန် ဆင့်ခေါ်ထားကြောင်း သိရသည်။

“အခုထိ ကျနော့်ကို ပုဒ်မ ၁၈ နဲ့ တရားစွဲထားတယ်ဆိုတဲ့ အကြောင်း လက်မှတ်လာထိုးခိုင်းလို့သာ သိရတာ။ ဘယ်နေ့ ဘယ်ရက်က ဘယ်ဖြစ်စဉ်ကြောင့် တရားစွဲထားတယ်ဆိုတာ မသိရသေးဘူး။ မနက်ဖြန် ရုံးချိန်းမှပဲ ကျနော်ရှင်းရှင်း လင်းလင်း သိရတော့မယ်”ဟု ယမန်နေ့က ကမာရွတ်မြို့နယ် တရားရုံးထုတ်တွင် ပါဝင်သည့် ကိုကျော်ကိုကိုက ပြောသည်။

ကိုကျော်ကိုကိုသည် လက်ရှိတွင် ပုဒ်မ ၁၈၊ ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၅၊ ပုဒ်မ ၁၄၇ ၊ ပုဒ်မ ၅၀၅(ခ) အမှုများဖြင့် ကမာရွတ် မြို့နယ်နှင့် ပဲခူးတိုင်း သာယာဝတီမြို့နယ် တရားရုံးတို့တွင် တရားရင်ဆိုင်နေရပြီး ဗိုလ်တထောင် တရားရုံးတွင် ထပ်မံ တရားရင်ဆိုင်ရဖွယ် ရှိသည်ဟု ဆိုသည်။

ယခုရက်ပိုင်း၌ပင် ကျောင်းသား ခေါင်းဆောင် မင်းသွေးသစ်၊ ကိုရဲမင်းဦး၊ မပိုပို၊ မတင်တင်ခိုင် အပါအဝင် ၁၀ ဦးကို အရှေ့ပိုင်း တက္ကသိုလ် မုခ်ဝရှေ့တွင် လှည့်လည်ဆန္ဒပြသည့် အမှုနှင့်ပတ်သက်ပြီး တနှစ်ကျော်ကြာမှ ပုဒ်မ ၁၈ ဖြင့်တရားစွဲဆိုရန် သန်လျင် မြို့မ ရဲ စခန်း မှ ချိန်းဆိုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့က အရှေ့ပိုင်း တက္ကသိုလ်ရှေ့တွင် တရားစွဲဆိုခံရသူများသည် ခွင့်ပြုမိန့် မယူဘဲ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့သည့်အတွက် သန်လျင်မြို့နယ် တရားရုံးသို့ စခန်းမှူး အောင်ဆန်းဦးက တရားလိုပြုလုပ်ပြီး တရားစွဲဆိုခြင်းဖြစ်သည်ဟု ဆိုသည်။

ပဲခူးတိုင်း လက်ပံတန်း ကျောင်းသား သပိတ်တွင် အကြမ်းဖက် ရိုက်နှက်ခံရပြီး တရားစွဲဆိုခံထားရသူ မဖြိုးဖြိုးအောင်၊ ကိုနန္ဒာ စစ်အောင်၊ ကိုဝင်းကျော့မှူး အပါအဝင် ထပ်တိုး ဖမ်းဆီးထားသည့် ကိုကျော်ကိုကို၊ ကိုဂျိမ်း(လင်းထက်နိုင်)နှင့် မပိုပို တို့ကို ဇန်နဝါရီ လ ၂၈ ရက်နေ့က ကမာရွတ်မြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့သည်။

ကိုလင်းထက်နိုင်ကိုလည်း လှိုင်မြို့နယ် တရားရုံးက ပုဒ်မ ၁၈ ဖြင့် ထပ်မံ တရားစွဲဆိုထားသည်ဟု ယမန်နေ့က အကြောင်း ကြားခဲ့ကြောင်း သိရသည်။

အလားတူ တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင်၊ ကိုမိုးသူနှင့် ကိုစည်သူတို့ ၄ ဦးကိုလည်း ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သြဂုတ် လ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ရှစ်လေးလုံး လူထုအုံကြွမှု ၂၆ နှစ်ပြည့် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ခြင်းကို တနှစ်ကျော် ကြာမှ မင်္ဂလာတောင်ညွှန့် မြို့နယ် တရားရုံးက ထပ်မံ တရားစွဲဆိုခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading