ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် အတွင်းရှိ မြန်အောင်၊ အင်္ဂပူ နှင့် လေးမျက်နှာ မြို့နယ် များတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများ ဆိုးဝါးစွာ ဖြစ်ပေါ်နေသဖြင့် ကျေးရွာတချို့ရှိ လူနေအိမ်များ၊ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။
အင်္ဂပူမြို့နယ် ညောင်ကုန်းကျေးရွာမှ ဒေသခံ ဒေါ်အေးအေး က“ကမ်းပါးတွေ ပြိုနေတာ ၂ လလောက်ရှိသွားပြီ။ ရေတိုက်စားလို့ ဂွေးတောက်ချောင်း ကျေးရွာမှာ ဝန်ကြီးချုပ်လုပ်ပေးထားတဲ့ ရေကာတာလည်း ပြိုကျသွားပြီ။ အိမ်တွေလည်း ရွှေ့နေရတာ အလုံး ၁၈၀ လောက် ဖြစ်နေပြီ။ ပြီးတော့ ညောင်ကုန်း မူလတန်းကျောင်းကလည်း ကမ်းပြိုမယ့်အထဲ ပါတော့မှာမို့ စာသင်ကျောင်းအသစ်ကြီးကို ဒီအတိုင်းထားခဲ့ပြီး ရွာထဲမှာ ပြောင်းသင်နေရတယ်”ဟု ဧရာဝတီကို ပြောသည်။
ကမ်းပါးပြိုမှုများ ကြုံတွေ့နေရသည့် ကျေးရွာများမှာ အင်္ဂပူမြို့နယ်ရှိ ဂွေးတောက်ချောင်းရွာ၊ ညောင်ကုန်းရွာ၊ မြန်အောင်မြို့နယ်ရှိ ပဲတခွဲ ရေလယ်ကျွန်း ကျေးရွာနှင့် လေးမျက်နှာ မြို့နယ်ရှိ အိုင်သပြု ကျေးရွာတို့ဖြစ်ပြီး ကမ်းပြိုသည့်အန္တရာယ်ကို ကြုံတွေ့နေရသော အိမ်ခြေစုစုပေါင်း ၄၀၀ ကျော် ရှိကြောင်း သိရသည်။
“ကမ်းပြိုတာက တနေ့ကို လက်လံ ၅ လံလောက် ပြိုကျနေတယ်။ လတ်တလောမှာ စိုက်ထားတဲ့ မတ်ပဲ၊ ခရမ်းချဉ်၊ ငရုတ်ပင်တွေဆိုရင် အသီးတွေနဲ့ အပင်လိုက် မြစ်ထဲကို ပြိုကျနေတယ်။ ပြီးတော့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းက ကမ်းပြိုတဲ့အထဲ ပါခါနီးဖြစ် နေပြီ။ ဒီပုံအတိုင်း ဆက်ပြိုနေလို့ကတော့ နောင် ၂ လလောက် ဆိုရင် ရွာပါ မြစ်ထဲကျသွားမယ် ထင်တယ်”ဟု မြန်အောင်မြို့နယ် ပဲတခွဲ ရေလယ်ကျွန်းကျေးရွာ ဒေသခံဦးမြင့်လွင် က ဧရာဝတီကို ပြောသည်။
မြစ်ရေတိုက်စားမှုကြောင့် လေးမျက်နှာမြို့နယ် အိုင်သပြု ကျေးရွာရှိ နေအိမ် ၄၇ လုံးမှ အိမ်ထောင်စု ၄၇ စုကို ဒေသဆိုင်ရာ တာဝန် ရှိသူများက ဘေးလွတ်ရာ လေးမျက်နှာ – အိုင်သပြု ကားလမ်းနံဘေးသို့ ယခုလ နောက်ဆုံးပတ်အတွင်းက ပြောင်းရွှေ့ပေးခဲ့ရပြီး သဘာဝဘေးသင့် ဒေသခံ ၁၀၀ ကျော် ယာယီတဲများထိုး၍ နေထိုင်လျက် ရှိသည်ဟု ဒေသခံတချို့က ပြောဆိုသည်။
အင်္ဂပူမြို့နယ်ရှိ ဂွေးတောက်ချောင်းနှင့် ညောင်ကုန်းကျေးရွာမှ ဒေသခံများသည် မိမိတို့နေအိမ်များကို မိမိတို့အစီအစဉ်ဖြင့်သာ ဘေး လွတ်ရာ သို့ ရွှေ့ပြောင်းနေရပြီး မြန်အောင်မြို့နယ်ရှိ အစိုးရ ဌာနဆိုင်ရာများက ရေလယ်ကျွန်း ကျေးရွာမှ ဒေသခံများကလည်း ရွာပြောင်းရွှေ့ရန် နေရာသစ်များ ရှာဖွေနေသည် ဆိုသော်လည်း တစုံတရာ လာရောက်ကူညီပေးခြင်း မရှိကြောင်း ဒေသခံများက ပြောပြ ကြသည်။
“အစိုးရဘက်ကတော့ အခုချိန်အထိ ဘာမှလာကူညီတာ မရှိသေးဘူး။ လတ်တလောမှာတင် ကမ်းပြိုလို့ ကျနော့်မြေ ၃ ဧက လောက် တော့ မြစ်ထဲပါသွားပြီ။ ရွာကအိမ်တွေ မထိအောင် ပြောင်းရမယ့်နေရာသစ် ရှာနေတယ်။ အိမ်တွေရွှေ့မယ် ဆိုရင်တောင် အခုကတည်းက ပြင်ဆင်ထားမှဖြစ်မှာ။ မြေပြိုကာမှ ရွှေ့ရရင် မလွယ်ဘူး”ဟု ပဲတခွဲ ရေလယ်ကျွန်း ကျေးရွာ ဒေသခံ ဦးညွန့်ဝေက ပြောသည်။
ကမ်းပါးပြိုမည့်အန္တရာယ် စိုးရိမ်သဖြင့် အစိုးရက လုပ်ပိုင်ခွင့် ပိတ်ပင်ထားသော မြန်အောင်မြို့နယ် ကျောက်ထုတ်လုပ်ရေး လုပ်ကွက် များအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး တချို့က ၂၀၁၅ ခုနှစ်က စတင်၍ တရားမဝင် ကျောက်ထုတ်မှုများ လုပ်ဆောင်ခဲ့သည်အတွက် ကမ်းပါးပြိုမှုများ ပိုမိုဆိုးဝါးလာခဲ့ခြင်းဖြစ်သည်ဟု မြန်အောင်မြို့ခံ ဦးစန်းဌေးကလည်း ပြောသည်။
ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးစိုးမြင့်ကမူ ကမ်းပါးပြိုမှုများနှင့် တရားမဝင် ကျောက်စုပ်သည့်ကိစ္စများကို မိမိတို့ဧရာဝတီတိုင်း အစိုးရထံ တိုင်ကြားလာသည့် အတွက် ကွင်းဆင်း စစ်ဆေးမှုများ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း ဧရာဝတီ ကို ပြောသည်။
“ကမ်းပါးပြိုတဲ့ ကိစ္စတွေရော၊ တရားမဝင် ကျောက်စုပ်တဲ့ ကိစ္စတွေကိုပါ မြန်အောင်မြို့နယ်၊ မြစ်ကျောက် လုပ်ငန်းရှင်များ အသင်းက ကျနော့်ဆီ တိုင်တန်းထားတဲ့အတွက် ဟင်္သာတခရိုင် အုပ်ချုပ်ရေးဌာနကို ကွင်းဆင်းစစ်ဆေးပြီး ပြန်လည်တင်ပြဖို့ ကျနော်ညွှန်ကြား ထားပြီးပါပြီ။ ဘေးသင့်တဲ့ ဒေသခံတွေကို ကူညီပေးဖို့လည်း စီစဉ်နေပါတယ်”ဟု ဦးစိုးမြင့်က ဆိုသည်။
အစိုရက တရားမဝင် မြစ်ကျောက်စုပ် လုပ်ကိုင်နေသူများကို ဥပဒေအရ တားမြစ်အရေးယူပေးရန်နှင့် ကမ်းပါးပြိုမှု အန္တရာယ်ကြုံတွေ့နေရသည့် ကျေးရွာများကို ကူညီပေးစေလိုကြောင်း မြန်အောင်မြို့နယ် ရေလယ်ကျွန်း ကျေးရွာမှ ဒေသခံများက ပြောဆိုသည်။