ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရအဖွဲ့အတွင်း ပါဝင်ရန် ကမ်းလှမ်း မှု မရှိသေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေး အသုံးချမည်ဆိုပါက ပြည်သူ့အကျိုးအတွက် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ နေပြည်တော်၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
“ကျနော့်အနေနဲ့ ဘယ်နေရာပေးပေး လုပ်မယ်ဆိုတဲ့ သဘောတော့ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ခိုင်းတတ်လိမ့်မယ်။ အသုံးချတတ်လိမ့်မယ်။ တာဝန်ပေးမှုကလည်း ပြည်သူအကျိုးရှိမယ့်ကိစ္စပဲ ဖြစ်လာမှာပါ။ တာဝန်မပေးရင်လည်း ကလေးလို ပြောရ ရင်တော့ အပူသက်သာတာပေါ့။ သို့ပေမယ့်လည်း လုပ်စရာတွေက အများကြီး ကျန်ပါသေးတယ်”ဟု ဦးရွှေမန်းက ပြောဆိုသည်။
ဆက်လက်ပြီး ဦးရွှေမန်းက တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော် ကာကွယ်ရေးသာဖြစ်ပြီး တပ်မတော်အနေဖြင့် မူလ တာဝန် ကိုပဲ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါက အားလုံးမျှော်လင့်သည့် အချိန်ကို ရောက်လာမည်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ က ပေးထားသည့် အခွင့်အရေးအတိုင်း ဆက်လက် ပါဝင်နေဦးမည်ဟု သုံးသပ်ပါကြောင်း ပြောဆိုသည်။
NLD အနေဖြင့် အခြားပါတီမှ တိုင်းရင်းသားများကို နေရာပေးခြင်းသည် အမျိုးသား ရင်ကြားစေ့ရေး အသွင်ဖြစ်ပြီး အစိုးရသစ်ဖွဲ့ရာ တွင်လည်း ယခုအတိုင်း ဆက်လက်လုပ်ဆောင်ပါက အောင်မြင်သည့် အစိုးရတရပ် ဖြစ်လာမည်ဟုလည်း ၎င်းက ပြောသည်။
ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးနှင့် အဓိကဖြစ်သည့် ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ရေးသည် လွယ်လွယ်ဖြင့်မရနိုင်ဘဲ ၎င်းတို့၏ ချဉ်းကပ်မှုအပေါ်သာ မူတည်ကြောင်း၊ ၎င်းတို့အနေဖြင့် အမိန့်ဖြင့် ညွန်ကြားသည့်စနစ်မှ ပြည်သူလူထုဆန္ဒဖြင့် လုပ်ဆောင်ရမည့် စနစ်တခုသို့ အကူးအပြောင်းတွင် အဓိက စိန်ခေါ်မှုဖြစ်ပြီး လူမှန်နေရာမှန် ရွေးချယ်တာဝန်ပေးနိုင်ရန် အရေးကြီးဆုံးဖြစ်ကြောင်း NLD ပါတီကို အကြံပြု ပြောဆိုသွားသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP) နှင့် ပတ်သက်ပြီး ပါတီတွင်းအားပြိုင်မှု ဆိုရာတွင်လည်း ပါတီကရှင်းရမည့် ကိစ္စသာဖြစ်ပြီး မိမိအနေဖြင့် ပါတီဝင်တဦး ဖြစ်နေသေးသော်လည်း ပြည်သူအကျိုးအတွက် ရှေးရှု၍ မည်သည့်ပါတီ၊ အဖွဲ့အစည်းနှင့်မဆို လက်တွဲသွားမည်ဖြစ်ကြောင်း ပြောသည်။
“ပါတီကထုတ်တယ်လို့တော့ သတင်း ၂ ခါ ကြားရတယ်။ သတင်းဆိုတာကတော့ ဒီအတိုင်းတော့ ထွက်မလာပါဘူး။ ဟုတ်ချင်လဲ ဟုတ်မယ်။ နောက်မှပြန်ပြီး ဒါကိုပယ်ဖျက်ထားတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့”ဟု သူရဦးရွှေမန်းက ပြောသည်။
USDP ပါတီတွင်း ကိစ္စရပ်များနှင့် ပတ်သက်၍ ငွေကြေးကိစ္စများအပါအဝင် အားလုံးကို စိတ်သန့်ရှင်းမှု ရှိကြောင်းနှင့် တခုခုကြောင့် ရင်ဆိုင်ရမည် ဆိုပါကလည်း တရားဥပဒေအရ ရင်ဆိုင်သွားရန် အဆင်သင့်ရှိကြောင်း ၎င်းက ဆိုသည်။
ပြည်သူများအနေဖြင့်လည်း လွှတ်တော်ကို စိတ်ပါဝင်စားမှုရှိရန်နှင့် နားလည်မှုရှိအောင် ကြိုးစားကြရန် လိုအပ်ပြီး သို့မှသာ ကိုယ်စားလှယ် များက ပိုမိုအလုပ်လုပ်ကြမည် ဖြစ်ကြောင်းလည်း သူရဦးရွှေမန်းက ဆက်ပြောသည်။