တရားဥပဒေစိုးမိုးရေး ဘာကြောင့်အရေးကြီး (၃)

ဂီရာမို အိုဒေါ်နယ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တရားဥပဒေစိုးမိုးမှုထဲက အပြစ်အနာအဆာတွေ

ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်တွေကို စတင် ကျင့်သုံးပေးလိုက်နိုင်တာကြောင့် ဒီမိုကရေစီ စိတ်ဆန္ဒတွေကို ဖြည့်ဆည်း ပေးလိုက်နိုင်တဲ့ တိုင်းပြည်တွေမှာတောင်မှပဲ တရားဥပဒေစိုးမိုးရေးက ချွတ်ယွင်းအားနည်း နေနိုင်ပါတယ်။ ကမ္ဘာပေါ်က တခြားနိုင်ငံတွေ အများကြီးမှာလိုပါပဲ မျက်မှောက်ခေတ် လက်တင်အမေရိက နိုင်ငံအများစုမှာက နိုင်ငံလုံးအဆင့် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်တွေ ရှိနေပေမယ့် (ပြည်နယ်/တိုင်း/ခရိုင်ဆိုတဲ့) အောက်အဆင့်တွေမှာတော့ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ အုပ်ချုပ်ရေးစနစ်တွေ ရှိနေပါတယ်။ အခြေခံကျတဲ့ နိုင်ငံသား အခွင့်အရေးတွေကို ထိရောက်အောင် ကျင့်သုံးရာမှာလည်း အကြီးအကျယ် ချို့ယွင်းချက်တွေ ရှိနေပါသေးတယ်။ လက်တင်အမေရိကား တရားဥပဒေစိုးမိုးမှုမှာ အဟန့်အတားတွေ ရှိနေတာကို အဓိကကျတဲ့ နည်းလမ်းတွေနဲ့ ထောက်ပြနိုင်ပါတယ်။

တည်ဆဲဥပဒေတွင်း အပြစ်အနာအဆာများ ။ ။ မကြာသေးခင်အတွင်း တိုးတက်မှုတွေ ရှိလာပေမယ့် အမျိုးသမီးတွေကို၊ ဌာနေတိုင်းရင်းသားတွေကို၊ တခြား လူနည်းစု အုပ်စုတွေကို၊ ခွဲခြားဆက်ဆံတဲ့ ဥပဒေတွေ၊ တရားစီရင်ရေးပိုင်း သတ်မှတ်ချက်တွေ၊ အုပ်ချုပ်ရေးပိုင်း စည်းမျဉ်းစည်းကမ်းတွေ ရှိနေဆဲပါ။ အဆိုပါ ခွဲခြား ဆက်ဆံမှုတွေကြောင့် တရားခံတွေ၊ အချုပ်သားတွေ၊ အကျဉ်းသားတွေက တရားမျှတမှု လုံးဝမရှိတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရပါတယ်။

ဥပေဒကျင့်သုံးရာတွင် အပြစ်အနာအဆာများ ။ ။ “င့ါမိတ်ဆွေတွေ အတွက်ဆို (လိုချင်တာ) အရာရာတိုင်း၊ ငါ့ရန်သူတွေ အတွက်ဆိုရင်တော့ ဥပဒေပဲ” ဆိုတဲ့ ဘရာဇီးလ် သမ္မတ ဂျေတူလူးဗိုင်းဂက်စ် (၁၉၃၀-၁၉၄၅၊ ၁၉၅၀-၁၉၅၄) ပြောခဲ့တဲ့ စကားလေးက အာဏာရှင်တွေရဲ့ သဘောထားကို ထင်ဟပ်ဖော်ပြနေပါတယ်။ နိုင်ငံရေးအရ ရန်သူတွေ ဒါမှမဟုတ် အားနည်းပြီး အကာအကွယ် မဲ့သူတွေအပေါ် ဥပဒေတွေကို မသိမသာနဲ့ (ဒါပေမယ့် များသောအားဖြင့် ရက်ရက်စက်စက်) အသုံးပြုနေတာက ထိထိရောက်ရောက် ဖိနှိပ်ချုပ်ချယ် နည်းတမျိုးပါပဲ။ တခြား တဖက်မှာတော့ အခွင့်ထူးခံ လူအုပ်စုက (ဒီမိုကရေစီ စနစ်မှာတောင်) တရားဥပဒေ ဘောင်ကနေ သူတို့ကိုယ်သူတို့ (အရေးယူမခံရဘဲ) ကင်းလွတ်နေအောင် နည်းလမ်းပေါင်းများစွာနဲ့ လုပ်ဆောင်ထားနိုင်ပါတယ်။ အားကြီးသူတွေကို မျက်နှာသာပေးပြီး အားနည်းသူတွေကို ဖိနှိပ်ဖို့အတွက် ဥပေဒတွေကို မသိကျိုးကျွံပြုတာ ဒါမှမဟုတ် လိုသလို လှည့်ပတ် လုပ်ဆောင်တာဆိုတဲ့ လက်တင်အမေရိက ဓလေ့စရိုက်ဟောင်း တခုလည်း ရှိနေပါတယ်။

“ဆန္ဒအလျောက် ဥပဒေ လေးစားလိုက်နာတာကို ငတုံး၊ ငအ တွေသာ လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ ဥပဒေ လေးစားလိုက်နာတယ် ဆိုတာကလည်း အကောင်အထည် ဖော်နိုင်တဲ့ အခွင့်အရေးတွေကို လက်ဆင့်ကမ်း သယ်ဆောင်နေခြင်း မဟုတ်ဘဲ လူမှုရေးအရ အားနည်းမှုသာ ဖြစ်တယ်လို့” လက်တင် အမေရိကမှာ လူအတော်များများ ခံစားနေရပါတယ်။ “အာဏာရှိတယ်ဆိုတာ (အပြစ်ကျူးလွန်လျက်သားနဲ့) တရားဥပဒေအရ အရေးယူခြင်း မခံရတာပါပဲ” လို့ အာဂျင်တီးနားက ကောက်ကျစ်တဲ့ စီးပွားရေးသမားတယောက်ပြောတာက သူတို့ခံစားချက်ကို ဖော်ပြလိုက်တာပါပဲ။ နိုင်ငံတော်ကိုယ်တိုင် ဒါမှမဟုတ် အာဏာရှိတဲ့ ပုဂ္ဂလိကအေးဂျင့်တွေက အကြမ်းဖက်မှုတွေ ကျူးလွန်လာအောင် လမ်းဖွင့်ပေးတဲ့ ထိပ်တိုက်တွေ့မှုတွေမှာ အခုပြောခဲ့တာက ထူးထူးခြားခြား မှန်ကန်နေပြီး အန္တရာယ်လည်း များပါတယ်။ ဒါ့အပြင် အထူးအခွင့်အရေး ရနေသူတွေက ပုံမှန်အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းတွေကို လိုက်နာဖို့ ခေါင်းမာမာနဲ့ ငြင်းဆန်နေတဲ့ အခါမှာလည်း သေသေချာချာ ဂရုတစိုက် လေ့လာကြည့်မယ်ဆိုရင် အဲဒီ အန္တရာယ်များတဲ့ အခြေအနေကို တွေ့ရဦးမှာပါ။ ဒါ့အပြင် သူတို့မကြာခဏ ရရှိခံစားနေနိုင်တဲ့ (အပြစ်ကျူးလွန်လျက်သားနဲ့) “အရေးယူမခံရခြင်း” ဆိုတာမှာလည်း တွေ့နိုင်ပါတယ်။

နိုင်ငံတော် အေဂျင်စီတွေနဲ့ သာမန်နိုင်ငံသားတွေကြား ဆက်ဆံရေးရှိ အပြစ်အနာအဆာများ ။ ။ အခုပြောတဲ့ အပြစ်အနာအဆာက အရင်ပြောခဲ့တာနဲ့ ဆက်စပ်နေပါတယ်။ ဆင်းရဲသားတွေနဲ့ အကာအကွယ်မဲ့သူတွေက အလုပ်အကိုင်ရဖို့၊ အလုပ်လုပ်ခွင့်ရဖို့၊ အငြိမ်းစား ခံစားခွင့်တွေရဖို့၊ ဆေးရုံနဲ့ ရဲစခန်းတွေကို သွားပြီး ဝန်ဆောင်မှုတွေ ရယူတဲ့အခါမှာ ဗျူရိုကရေစီ ယန္တရားနဲ့ ထိတွေ့ဆက်ဆံရပြီး အခွင့်အရေးတွေ ကွယ်ပျောက်သွားတဲ့ အခြေအနေ မျိုးလည်း ရှိလာပါတယ်။ အခုပြောတဲ့ အပြစ်အနာအဆာကို အဲဒီအခြေအနေက အထင်ရှားဆုံး ထောက်ပြ ပေးနိုင်ပါတယ်။ အထူးအခွင့်အရေး ရနေသူတွေ အတွက်ကတော့ ဆက်ဆံရခက်ခဲတဲ့ ဗျူရိုကရေစီ ယန္တရားဆိုတာ မနှစ်သက်စရာ အရပ်ဒေသဖြစ်နေပြီး ရှောင်းကွင်းနိုင်ဖို့အတွက် မဟာဗျူဟာတွေကို ကြံဖန်ခင်းပြီး အသုံးချပါတယ်။

မရှောင်ကွင်း နိုင်သူတွေအတွက်ကတော့ ပုံမှန်အားဖြင့် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရယူဖို့ကြိုးစားရာမှာ ဧရာမ အခက်အခဲကြီးတွေနဲ့ ရင်ဆိုင်ရတာပါပဲ။ ဒါ့အပြင် အခွင့်အရေး ရသူတွေက ရှောင်ကွင်းနိုင်ချိန်မှာ သူတို့က မရှောင်ကွင်းနိုင်လို့ တရားမျှတမှုတွေ သိသိသာသာ ကင်းမဲ့နေတဲ့အပြင် (အဖက်မတန် ပုံစံမျိုး မဟုတ်ရင်တောင်) ဂရုမစိုက်တဲ့ ပုံစံမျိုးနဲ့လည်း ဆက်ဆံခံရပါတယ်။ အဲဒီလို တန်းတူညီမျှမရှိတဲ့ အခြေအနေနဲ့ လူသားဂုဏ်သိက္ခာကို တန်းတူညီမျှ လေးစားတဲ့ ဒီမိုကရေစီကျင့်ဝတ် အစစ်အမှန်တွေကြား ကွာခြားမှုကို တိုင်းတာနိုင်ဖို့ဆိုရင် လူမှု အဆင့်အတန်း “ထူးခြား” မှုမရှိ ဒါမှမဟုတ် အဆက်အသွယ် ကောင်းကောင်းမရှိတဲ့ သာမန်လူတယောက်က (ဦးစားပေးဆက်ဆံမှုကို တောင်းခံသူမဟုတ်ဘဲ အခွင့်အရေးတွေကို ရယူခွင့်ရှိသူအဖြစ်) ဗျူရိုကရေစီစနစ်ကို ချဉ်းကပ်ပြီး အလုပ်လုပ်တဲ့အခါမှာ တွေ့ရတဲ့ ကြေကွဲစရာ အခက်အခဲတွေကို လေ့လာခြင်းဖြင့် တိုင်းတာနိုင်ပါတယ်။

တရားစီရင်ရေးစနစ်နဲ့ မျှတသော လုပ်ငန်းစဉ်ကို ရယူအသုံးပြုရာမှာ ရှိနေတဲ့ အပြစ်အနာအဆာတွေ ။ ။ အစောပိုင်းမှာလည်း မှတ်ချက်တွေ ပေးခဲ့ပြီးဖြစ်တာကြောင့် ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နောက်ထပ် အသေးစိတ်တွေ မပြောတော့ပါ။ တကယ်တော့ ဒီအကြောင်းအရာက ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေမှာတောင်မှပဲ စိုးရိမ်ပူပန်စရာ ကိစ္စဖြစ်နေဆဲပါ။ လက်တင်အမေရိက နိုင်ငံတွေ အများစုမှာတော့ တရားစီရင်ရေး စနစ်က ဆင်းရဲသားတွေနဲ့ အကာအကွယ် မဲ့နေသူတွေအတွက် အလှမ်းဝေး၊ ကြီးမားရှုပ်ထွေး၊ ကုန်ကျစရိတ်တွေများပြီး နှေးကွေးနေပါတယ်။ အားကိုးဖို့ ကြိုးစားနေတုန်း အခိုက်မှာတောင် အဲဒီလိုဖြစ်နေတာပါ။ တရားစီရင်ရေး လုပ်ငန်းစဉ်နဲ့ ဆက်သွယ် ဆောင်ရွက်မိတယ် ဆိုရင်တောင်မှပဲ ခွဲခြားဆက်ဆံမှုတွေက စနစ်တကျနဲ့ကို ဆိုးဆိုးဝါးဝါး ဖြစ်နေတာကို အထောက်အထားတွေ တွေ့ရပြန်ပါတယ်။ ရာဇဝတ်မှုနဲ့ဆိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေက စွပ်စွဲခံရသူတွေရဲ အခွင့်အရေးတွေကို ရုံးတင်တရားစွဲ မတိုင်ခင်မှာရော၊ ရုံးတင်တရားစွဲ နေစဉ်နဲ့ ရုံးတင်တရားစွဲ နောက်ပိုင်းမှာပါ အရေးမထားတတ်ပါဘူူး။

ဥပဒေမရှိခြင်း (မလိုက်နာခြင်း) ကြောင့်ဖြစ်ရတဲ့ အပြစ်အနာအဆာတွေ ။ ။ ဒီအကြောင်းအရာကိုတော့ ကျနော် အရင်ရေးသားထားတဲ့ ဆောင်းပါးမှာ အလေးပေးပြောခဲ့ပါပြီ။ နိုင်ငံတော်နဲ့ ဗျူရိုကရေစီ ယန္တရားကို အတူတူထားပြီး ပြောတာက မှားယွင်းကြောင်းကိုပါ ဆောင်းပါးမှာ တခါတည်း ပြောခဲ့ပါတယ်။ တရားဝင် ပြဌာန်းထားတဲ့ ဥပဒေတွေ အများစုကို နိုင်ငံတော်က ထုတ်ပြန်ပေးထားတာဖြစ်ပြီး ထောက်ခံပေးထားနေသရွေ့၊ ပြီးတော့တခါ နိုင်ငံတော် အင်စတီကျူးရှင်းတွေက ဥပဒေ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လည်ပတ် လုပ်ဆောင်နေရသရွေ့တော့ တရားရေး စနစ်ဆိုတာ နိုင်ငံတော်ရဲ့ ပါဝင်အစိတ်အပိုင်း တခုလောက်ပဲ ဖြစ်တယ်ဆိုတာ သဘောပေါက်ထားသင့်ပါတယ်။

ဒါကြောင့် “ဥပဒေနယ်ပယ်နိုင်ငံတော်” (တရားရေးစနစ်ထဲမှာ ထည့်သွင်းပေါင်းစပ်ထားသည့် နိုင်ငံတော် အစိတ်အပိုင်း) လို့ ကျနော်ပြောတဲ့ အရာက လူ့အဖွဲ့အစည်းကို ထိုးဖောက်ဝင်ရောက်ပြီး ရုပ်လုံးကြွအောင် ထုဆစ်ပေးထားကာ လူမှုဆက်ဆံရေးတွေကို အခြေခံကျကျ တည်ငြိမ်မှုရှိအောင် ထိန်းပေးထားပါတယ်။ လက်တင်အမေရိက နိုင်ငံတွေမှာတော့ ဥပဒေ နယ်ပယ်နိုင်ငံတော်ရဲ့ ခြေတံလက်တံတွေမှာ ကန့်သတ်ချက်တွေ ရှိနေပါတယ်။ နိုင်ငံရေးအရ အချက်အချာကျတဲ့ နေရာတွေနဲ့ ဝေးရုံတင် မဟုတ်သေးဘဲ၊ မြို့ကြီးပြကြီးနဲ့ဝေးရာ အစွန်အဖျား ဒေသတွေမှာတော့ ဗျူရိုကရက် နိုင်ငံတော်ဆိုတာ အဆောက်အဦးတွေ၊ ပြည်သူ့ဘတ်ဂျက်ကနေ လစာယူနေသူ အရာရှိတွေ အဖြစ်မျှသာ ရှိနေပြီး ဥပဒေနယ်ပယ် နိုင်ငံတော် ဆိုတာကတော့ ပျောက်ကွယ်နေပါတယ်။ လုပ်ထုံးလုပ်နည်းအတိုင်း ချမှတ်ခွင့်ပြုထားတဲ့ ဥပဒေတွေ ရှိတယ်ဆိုရင်တောင် ကြိုကြားကြိုကြားလောက်ပဲ ကျင့်သုံးပါတယ်။ အဲဒီလို ကြိုကြားကြိုကြားလောက်ပဲ ကျင့်သုံးတဲ့ဥပဒေကလည်း ပုဂ္ဂလိကအာဏာတွေ (စော်ဘွားတွေ၊ လူမိုက်ဂိုဏ်းတွေ၊ ဖခင်အရိုက်အရာ ဆက်ခံထားတဲ့သားတွေ စသဖြင့်) က ချမှတ်ပြဌာန်းထားတဲ့ တရားမဝင် ဥပဒေတွေရဲ့ ဝါးမျိုတာကို ခံထားရပါတယ်။

အဲဒီကနေတဆင့် လုပ်ထုံးလုပ်နည်းနဲ့အညီ တရားဥပဒေ ဆိုတာနဲ့ လုပ်ထုံးလုပ်နည်းအပြင် တရားဥပဒေ ဆိုတာတို့ကြား နယ်စပ်မျဉ်းတွေကို အဆက်မပြတ် ပြန်လည် ညှိနှိုင်းနေရခြင်းဆိုတဲ့ ရှုပ်ထွေးခက်ခဲတဲ့ အခြေအနေ တခုဆီကို ရောက်သွားပါတယ်။ အဆိုပါ ရှုပ်ထွေးခက်ခဲတဲ့ အခြေအနေတွင်းမှာ ရှိနေတဲ့ လုပ်ထုံးလုပ်နည်းအညီ တရားဥပဒေ ဆိုတာနဲ့ လုပ်ထုံးလုပ်နည်းအပြင် တရားဥပဒေ ဆိုတာတို့ကြား အပြန်အလှန် ဆက်သွယ်နေမှုတွေနဲ့ အဲဒီဆက်ဆံရေး ကနေတဆင့် ပေါ်ပေါက်လာတဲ့ မညီမမျှ အာဏာချိန်ခွင်လျှာတွေကို နားလည် သဘောပေါက်ဖို့ကလည်း အင်မတန် အရေးကြီးပါတယ်။ အကျိုးဆက်အဖြစ် ပေါ်ပေါက်လာတဲ့ လုပ်ထုံးလုပ်နည်းအပြင် တရားရေးစနစ်အတွင်း လုပ်ထုံးလုပ်နည်းအညီ တရားဥပဒေကို ယာယီသွတ်သွင်းမှုတွေ ပြန်လည် ပေါက်လာတတ်ပြီး အလွန်တရာ ဆိုးဝါးပြင်းထန်တဲ့ အကြမ်းဖက်မှု အခြေအနေတခုကို အထောက်အပံ့ ပေးနေပါတယ်။

အဲဒီလို ပေးနေကြောင်းကိုလည်း မြို့ပြနဲ့ကျေးလက် ၂ ခုလုံးကနေ ပေါ်ထွက်လာတဲ့ အထောက်အထားတွေက ပြနေပါတယ်။ အဆိုပါ အဖြူအမည်း မသဲကွဲတဲ့ “အညိုရောင်နယ်မြေ” တွေက ပြည်နယ်တိုင်းအဆင့် အာဏာ တည်ဆောက်ပုံလည်း ဖြစ်ကြပြီး ၎င်းတို့မှာ နယ်မြေအလိုက် အခြေခံ အကြောင်းရင်းတွေလည်း ရှိနေကာ လုပ်ထုံးလုပ်နည်း အပြင်က ဖြစ်ပေမယ့် အတော်ကလေး ထိရောက်တဲ့ တရားရေးစနစ်လည်း ရှိနေပါတယ်။ ဒါပေမယ့် ၎င်းတို့က ဒီမိုကရေစီဆန်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ (အနည်းဆုံးတော့ နိုင်ငံအဆင့် နိုင်ငံရေးအရ ဗဟိုချက်မှာ) အတူယှဉ်တွဲ ပြီးတော့လည်း လည်ပတ်နေပါတယ်။

အခု အကျဉ်းချုံး တင်ပြခဲ့တဲ့ ပြဿနာတွေက နိုင်ငံတော်တခုရဲ့ ဆိုးဆိုးဝါးဝါး ချို့ယွင်း ပျက်ကွက်မှုတွေကို ညွှန်ပြနေပါတယ်။ အထူးသဖြင့်တော့ ဥပဒေပိုင်းဆိုင်ရာ ချို့ယွင်း ပျက်ကွက်မှုတွေကို ညွှန်ပြနေပါတယ်။ အဆိုပါ ချွတ်ယွင်း ပျက်ကွက်မှုတွေက လက်တင် အမေရိကနဲ့ တခြားနေရာတွေမှာ ဒီမိုဖော်ဆောင်ရေး အချိန်ကာလအတွင်း ပိုဆိုးဝါး ပြင်းထန်လာတာကတော့ ဝမ်းနည်းစရာ ကောင်းတဲ့ အဖြစ်ပါပဲ။ စီးပွားရေး အကျပ်အတည်းတွေနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း အားကောင်းခဲ့တဲ့ နိုင်ငံတော် စွက်ဖက်မှု ဆန့်ကျင်ရေး စီးပွားရေး မူဝါဒတွေကြောင့် ပိုဆိုးဝါး ပြင်းထန်လာခဲ့တာလည်း ဖြစ်ပါတယ်။ (အထက်မှာပြောခဲ့တဲ့) ပုဂ္ဂလိကလက်ထဲ အာဏာတွေ အလွန်အကျွံ ရောက်နေတဲ့ဒေသက ကိုယ်စားလှယ်လောင်းတွေကို ထည့်သွင်းခြင်းဖြင့် ရွေးကောက်ပွဲအနိုင်ရ ညွန့်ပေါင်းတွေကို ပုံသွင်းလိုတဲ့ နိုင်ငံလုံးအဆင့် နိုင်ငံရေးသမားတွေရဲ့ စိတ်ဆန္ဒကြောင့်လည်း ချို့ယွင်းပျက်ကွက်မှုတွေ ပိုပြီး ဆိုးဝါးလာပါတယ်။ အဲဒီ ဒေသခံ နိုင်ငံရေးသမားတွေက သူတို့ ပိုင်ပိုင်နိုင်နိုင်ရှိတဲ့ မဲတွေနဲ့ ဗဟိုမှာသူတို့ရတဲ့ အင်စတီကျူးရှင်း အလိုက် အနေအထားတွေကို သုံးပြီး သူတို့ကိုယ်စားပြုတဲ့ ပုဂ္ဂလိက အာဏာစနစ်ကို ပြန်လည် မွေးထုတ်ဖို့ ကြိုးစားပါတယ်။ အာဂျင်တီးနားနဲ့ ဘရာဇီးမှာဆိုရင် အညိုရောင်နယ်မြေကနေ တက်လာတဲ့ ဥပဒေပြု အမတ်တွေက သူတို့နယ်မြေအတွင်းရှိ ပြည်ထောင်စု တရားသူကြီးတွေကို ခန့်အပ်ခွင့်ရှိတဲ့ လွှတ်တော် ဥပဒေရေးရာ ကော်မတီတွေကို လွှမ်းမိုးလိုတဲ့ စိတ်အားထန်သန်မှုကို ထင်ထင်ရှားရှား ပြကြပါတယ်။ မကြာခဏလည်း လွှမ်းမိုးနိုင်ကြပါတယ်။ လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ “ဥပဒေနယ်ပယ်နိုင်ငံတော်” ရဲ့ ခြေတံလက်တံတွေ သူတို့နယ်မြေဆီ ဆန့်မလာနိုင်အောင် ထိထိရောက်ရောက် ဟန့်တားထားနိုင်ဖို့ပါပဲ။

ဒါကြောင့်မို့ လက်တင် အမေရိကနဲ့ တခြားဒေသရှိ ဒီမိုကရေစီ နိုင်ငံသစ်တွေမှာ လုပ်ထုံးလုပ်နည်း ဘောင်အတွင်း တရားရေးစနစ်ကို ဟန်ချက်ပျက်စေတဲ့ နေရာတွေ တော်တော်များများ ရှိနေတာပါ။ အခုပြောခဲ့တာတွေက မှန်နေသရွေ့တော့ တရားဥပေဒ စိုးမိုးရေးဆိုတာ ကြိုကြားကြိုကြားလောက်သာ ရှိနေတယ်လို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် “ဥပဒေနယ်ပယ်နိုင်ငံတော်” အဆင့်နဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့ မှတ်ချက်စကားတွေက လူမှုနယ်ပယ်အဆင့်မှာ ဖြစ်ပွားနေတဲ့ ချိုးဖောက်မှု အမျိုးမျိုးကလည်း ထင်ဟပ်ဖော်ပြနေပါတယ်။ “ဥပဒေနယ်ပယ်နိုင်ငံတော်” အဆင့်နဲ့ လူမှုနယ်ပယ် အဆင့်မှာ ဖြစ်ပေါ်နေတဲ့ ချိုးဖောက်မှုတွေ ပေါင်းလိုက်ရင် နိုင်ငံသားဖြစ်မှုကို ဖြတ်တောက် ကန့်သတ်တာ ဒါမှမဟုတ် အာနိသင် နည်းသွားစေအောင် လုပ်ပါသေးတယ်။ အဲဒီလိုမျိုးနိုင်ငံတွေမှာတော့ လူတဦးချင်း တယောက်ချင်းက နိုင်ငံရေးနယ်ပယ် အခွင့်အရေး ရှု့ထောင့်ကနေကြည့်ရင် နိုင်ငံသားတွေ ဖြစ်ကြပေမယ့် ပြည်သူ့ရပိုင်ခွင့် အရဆိုရင်တော့ နိုင်ငံသားဖြစ်မနေကြပါ။ သူတို့က ရုပ်ဝတ္တုတွေမှာ ဆင်းရဲကြသလောက် ဥပဒေပိုင်းအရလည်း ဆင်းရဲချို့တဲ့ကြပါတယ်။

လောလောဆယ်မှာတော့ နိုင်ငံတကာနဲ့ ပြည်တွင်းအေဂျင်စီတွေက တရားဥပဒေ စိုးမိုးမှုကို သူတို့ နားလည် သဘောပေါက်တဲ့ ပုံစံမျိုးနဲ့ ထွန်းကားအောင် ကူညီထောက်ပံံ့ပေးနေကြပြီး ကျွမ်းကျင်သူ ပညာရှင်တွေကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး နယ်ပယ်အမျိုးမျိုးမှာ အလုပ်တွေ များနေကြပါတယ်။ မူအားဖြင့် ပြောရမယ်ဆိုရင် မဆိုးဘူး ဆိုပေမယ့် ရလဒ်အဖြစ် ပေါ်ထွက်လာမယ့် ဥပဒေနဲ့ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုတွေက လူ့အဖွဲ့အစည်းမှာ သြဇာလွှမ်းမိုးနိုင်တဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားဖက်ကိုသာ ဦးတည်နေတာကြောင့်် အန္တရာယ်ရှိပါတယ်။ ထုံးစံအားဖြင့်ဆိုရင်တော့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်တဲ့ နယ်ပယ်တွေက ပြည်တွင်းနဲ့ နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေး ဥပဒေ၊ တရားမ ဥပဒေထဲက တချို့ အစိတ်အပိုင်းတွေ၊ ပြစ်မှုဆိုင်ရာ ဥပဒေထဲက အမှန်တကယ် ပိုပြီး ဖိနှိပ်ချုပ်ချယ်တဲ့ အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။ အဲဒီလို ပြုပြင်ပြောင်းလဲရေးတွေက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ရာမှာ အသုံးဝင်ကောင်း ဝင်နိုင်ပါတယ်။

ဒါပေမယ့် “တရားစီရင်ရေးစနစ်မှာ ၂ လမ်းသွား ဖံ့ွဖြိုးတိုးတက်မှု” ကိုလည်း ဖြစ်ပေါ်စေတတ်ပါတယ်။ ဆိုလိုတာကတော့ စီးပွားရေးစနစ်၊ စီးပွားရေးလုပ်ငန်း ဒါမှမဟုတ် ဘဏ္ဍာရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေမှာ စီးပွားရေးထိပ်သီးတွေကို ခေတ်မီ တိုးတက်သွားအောင် အဆိုပါ ပြုပြင်ပြောင်းလဲမှုက အာရုံစိုက် လုပ်ဆောင်ပေးပါတယ်။ ဒါပေမယ့် တခြားတဖက်ရှိ တရားစွဲဆိုရေးနဲ့ တရားစီရင်ရေးစနစ်ကို အသုံးပြု အားကိုးရာမှာတော့ အရင်အတိုင်း မပြောင်းမလဲ ရှိနေဆဲဖြစ်ပြီး အကျင့်ပျက် ခြစားနေဆဲဖြစ်ကာ အခြေခံ အဆောက်အဦးနဲ့ အရင်းအမြစ်တွေက အစဉ်အဆက်ကို ချွတ်ယွင်းနေခဲ့ပါတယ်။ တန်းတူညီမျှ မရှိမှုတွေ အကြီးအကျယ် ပျံ့နှံ့နေတဲ့ လူ့အဖွဲ့အစည်းတွေမှာ အဆိုပါ လားရာတွေ ရှိနေတာကြောင့် လူအများအပြားကို တရားဥပဒေ စိုးမိုးရေးရဲ့ အပြင်ကို ရောက်သွားအောင် “ပ” ထုတ်လိုက်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အကျိုးစီးပွားတွေကို မျက်နှာသာပေးတဲ့ တရားဥပဒေတွေ၊ တရားရုံးတွေကနေတဆင့် အဆိုပါ လားရာတွေက အထူးအခွင့်အရေး ရသူတွေရဲ့ အားသာချက်တွေကို တိုးပွားအောင် လုပ်ဆောင်ပေးပြန်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

(ဂီရာမို အိုဒေါ်နယ် (Guillermo’Donnell) သည် Notre Dame (နော်တာဒိန်း) တက္ကသိုလ်၊ အစိုးရနှင့် နိုင်ငံတကာ လေ့လာရေး ဌာန၏ Helen Kellogg ပါမောက္ခ ဖြစ်ပါသည်။ လက်ရာဟောင်းများဖြစ်သည့် The Quality of Democracy:Theory and Applications (၂၀၀၄)၊ Polyarchies and the (Un) Rule ofLaw in Latin America ၊ The Rule of Law and the Underprivileged in Latin America (၁၉၉၉) တို့ကို အနည်းငယ် ပြင်ဆင်ရေးသားပြီး လေ့လာ့တွေ့ရှိချက် အသစ်များနှင့် ပေါင်းစပ်ကာ ယခုဆောင်းပါးကို ရေးသားထားသည်။ နောက်ဆုံးစာအုပ် ၂ အုပ်ကို University of Notre Dame Press က ပုံနှိပ်ထုတ်ဝေသည်။ ယခု ဆောင်းပါးကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုခဲ့ခြင်း ဖြစ်သည်။ Educational Initiatives အဖွဲ့သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading