ရာစုနှစ်ထက်ဝက်ကျော် စစ်တပ်က ကြီးစိုးခဲ့တဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကနေ ရွေးချယ်ခံရတဲ့ ပြည်သူ့ကိုယ်စားလှယ်လွှတ်တော်ကို ဖေဖေါ်ဝါရီ ၁ရက် တနင်္လာနေ့မှာ စတင်ဖို့ ပြင်ဆင်နေပြီး အဲဒီ နေ့ဟာ နိုင်ငံရဲ့ သမိုင်းဝင်နေ့တနေ့ ဖြစ်လာပါလိမ့်မယ်။
၁၉၆၂ခုနှစ်မှာ စစ်တပ်က ပါလီမန် ဒီမိုကရေစီအစိုးရဆီက အာဏာသိမ်းပြီး ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေကို ဖိနှိပ်ချုပ် ချယ်လာခဲ့ရာကနေ အငြင်းပွားစရာ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရအဖြစ် ပြောင်းလဲရာမှာလည်း စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ ပါတီကြီးက လွှတ်တော်ကို လွှမ်းမိုးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ စစ်အစိုးရကို နှစ်ပေါင်း၂ဝကျော် အံတုခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က အ ပြတ်အသတ်နိုင်တဲ့အတွက် ဒီမိုကရေစီအင်အားစုတွေ လွှတ်တော်ကို အားကောင်းမောင်းသန်နဲ့ မောင်းနှင်နိုင်တော့မှာပါ။
လွှတ်တော်အမတ်နေရာ ၄၄ဝ သတ်မှတ်ထားတဲ့ပြည်သူ့လွှတ်တော်အတွက် ၂၅၅နေရာ၊ ၂၂၄ နေရာသတ်မှတ်ထားတဲ့ အမျိုးသားလွှတ်တော်အတွက်လည်း ၁၃၅ နေရာ အနိုင်ရခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီဟာ အစိုးရအဖွဲ့သစ် ဖွဲ့တော့မှာပါ။
သမ္မတ ဘယ်သူဖြစ်မလဲ မှန်းဆခြင်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားနှစ်ဦးဟာ ဗြိတိန်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတဲ့အချက်ကြောင့် အခြေခံဥပဒေအရ သမ္မတ တာဝန်ထမ်းဆောင်ခွင့် မရှိပါဘူး။ ဒါပေမယ့် သူက သမ္မတတာဝန် ထမ်းဆောင်ခွင့်မရရင်တောင် ပေါ်ပေါက်လာမယ့် သမ္မ တ အထက်ကနေ တိုင်းပြည်ကို ဦးဆောင်သွားမယ်လို့ လူသိထင်ရှား ပြောပြခဲ့ဖူးပါတယ်။
NLD က ဘယ်သူ့ကို သမ္မတအဖြစ် တင်မြှောက်မလဲဆိုတာက လူထုကြားမှာ အသိချင်ဆုံး ကိစ္စဖြစ်နေပါတယ်။ သူသမ္မတ ဖြစ်ခွင့်ကို အဟန့်အတား ဖြစ်စေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ) ကို ငါးနှစ်တာ ဆိုင်းငံ့နိုင်ခဲ့ရင် ဒေါ်အောင်ဆန်းစု ကြည် သမ္မတတာဝန် ယူနိုင်လိမ့်မယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်စတဲ့ လွှတ်တော်အသီးသီးရဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တပ်မတော်က ပိုင်ဆိုင်ထားတာပါ။
အခုလို သမိုင်းတွင်တဲ့ အပြောင်းအလဲတခုဖြစ်လာပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်တခုခုကို ပြင်ဆင်မယ်ဆိုရင် တောင် လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှသာ ပြင်ဆင်ခွင့်ရှိမှာဖြစ်တဲ့အတွက် စစ် တပ်ဟာ လွှတ်တော်အတွင်းမှာ ဗီတိုအာဏာကို ဆက်လက် ဆွဲကိုင်ထားနိုင်သလိုဖြစ်နေပါတယ်။
NLD ပါတီရဲ့ ကြွေးကြော်ထားတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖယ်ဒရယ်စနစ် စတဲ့ဟာတွေရဲ့ အချုပ် ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးမှာ စစ်တပ်နဲ့ ညှိနှိုင်းပူးပေါင်းဆောက်ရွက်ရဦးမှာ ဖြစ်ပါတယ်။
အစိုးရအဖွဲ့ရဲ့ အဓိကဌာနတွေဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာတွေကိုလည်း စစ်တပ်ရဲ့လက်အောက် မှာ ရှိနေသလို တိုင်းပြည်ရဲ့အရေးကြီးဆုံးနေရာဖြစ်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့နေရာမှာ အဖွဲ့ဝင် ၁၁ နေရာမှာ စစ်တပ်က ၆ နေရာအထိ ပိုင်ဆိုင်ထားခဲ့တာကလည်း လာမယ့်အစိုးရအတွက် အဓိက စိန်ခေါ်မှုဖြစ်နေဆဲပါ။
လွှတ်တော်ကိုယ်စားလှယ်သစ်တွေက လွှတ်တော်အဖွင့်အတွက် သဘာပတိတဦးကို လွှတ်တော်ကိုယ်စားလှယ်တွေထဲက ရွေးချယ်ပြီး သူကပဲ လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယကတွေကို ရွေးချယ်ရေးအဆင့်ကို ပြုလုပ်ပေးရမှာ ပါ။
NLD က လွှတ်တော်ကြီးနှစ်ရပ် ဥက္ကဋ္ဌတွေအဖြစ် ပါတီဝင်အမတ်တွေကိုပဲ တာဝန်ပေးမယ်၊ ပြည်သူ့လွှတ်တော်အတွက် ရှေ့နေဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်အတွက် ဦးမန်းဝင်းခိုင်သန်းတို့ ဖြစ်တယ်လို့ သတင်းတွေ ထွက်ထားရာကနေ ဇန် နဝါရီ၂၈ရက်နေ့ ကတော့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီသတင်းကို အတည်ပြု ကြေညာလိုက်ပါတယ်။
ဦးမန်းဝင်းခိုင်သန်းက မြန်မာ့လွတ်လပ်ရေး အာဇာနည်တဦးဖြစ်တဲ့ မန်းဘခိုင်ရဲ့ မြေးဖြစ်ပါတယ်။ ဒုဥက္ကဋ္ဌတွေ အဖြစ် ပြည်သူ့လွှတ်တော်အတွက် ပြည်ခိုင်ဖြိုးပါတီဝင်က ချင်းတိုင်းရင်းသားလွှတ်တော်အမတ် ဦးတီခွန်မြတ်၊ အမျိုးသားလွှတ် တော်အတွက် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်တို့ကို လျာထားတယ်လို့ ပြောလိုက်ပါတယ်။
၂ဝ၁၁ ခုနှစ်က စတင်ခဲ့တဲ့ လွှတ်တော်ဟာ စစ်တပ်သြဇာလွှမ်းမိုးတာကြောင့် လွှတ်တော် အစပိုင်းမှာ အသက်မဝင်ခဲ့ပေ မယ့် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အပြီး NLD ပါတီက ကိုယ်စားလှယ်တွေဝင်ရောက် လာချိန်ကစပြီး လွှတ်တော် ရဲ့အင်္ဂါရပ်နဲ့ တဖြည်းဖြည်း နီးစပ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေဟာ အစိုးရအဖွဲ့ကို ပြန်လှန်ထိန်းကျောင်းနေရင်း လွှတ်တော်နာယကနဲ့ အစိုးရတို့ကြားမှာ ပွတ်တိုက်မှုတွေတောင် ဖြစ်ပျက်ခဲ့ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့လွှတ်တော်ရဲ့ ဥပဒေပြုရေးဆောင်ရွက်ချက်တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် လွှတ်တော်ကိုယ်စား လှယ်က တင်သွင်းတဲ့ ဥပဒေတွေ၊ ဥပဒေပြင်ဆင်ချက်တွေ၊ ဖြည့်စွက်ချက်တွေဟာ အားနည်းခဲ့ပြီးတော့ အစိုးရဌာနတွေက တင်ပြတာကိုပဲ ကိုယ်စားလှယ်တွေက အပြန်အလှန် ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပြည်သူတွေအတွက် အကျိုး ပိုဖြစ် ထွန်းမယ့် ဥပဒေမျိုးတွေ ထွက်ပေါ်လာတာ နည်းခဲ့ပြီး အစိုးရကို ပိုအကျိုးဖြစ်ထွန်းစေမယ့် ဥပဒေတွေ များပြားခဲ့တယ်၊
နောင်မှာတော့ လွှတ်တော်က ပိုမိုမြိုင်ဆိုင်လာနိုင်မှာဖြစ်သလို အဲဒီလို ဖြစ်လာဖို့လည်း မျှော်လင့်တယ်လို့ Tampadipa Institute မှ နိုင်ငံရေးအကဲခတ်သူ ဦးခင်ဇော်ဝင်းက သုံးသပ်ပါတယ်။
“တဖက်မှာ ဒီမိုကရေစီက ပိုအားကောင်းလာနိုင်ပါတယ်။ တဖက်မှာတော့ ဗဟုစနစ်က အားနည်းသွားတယ်။ ဒီမိုကရေစီစ နစ်တခုမှာ ပါတီတခုက အားကောင်းကောင်းနဲ့ လွှမ်းမိုးတာကလည်း အန္တရာယ်များပါတယ်။ ကောင်းတာလည်း ဖြစ်နိုင်သ လို ဆိုးတာလည်း ဖြစ်နိုင်တယ်” လို့ သူက ပြောပြတယ်။
“ဒါပေမယ့် ကျနော့်အနေနဲ့ စိတ်ပူတယ်။ လွှတ်တော်ရော အစိုးရရောကို လူတယောက်တည်းက ထိန်းချုပ်ထားတာ။ သူက ထိုင်ဆိုထိုင်၊ ထဆိုထ လုပ်နေရတဲ့သူတွေက သူ မကြိုက်တာကို ပြောရဲပါ့မလား” ပြည်သူတချို့ကတော့ အရင်အစိုးရလက် ထက် လုပ်ဆောင်ချက်တွေ၊ စစ်တပ်အာဏာကို မလျှော့ချနိုင်သေးတာတွေကြောင့် NLD ပါတီဟာ တိုင်းပြည် ပြုပြင်ပြောင်း လဲရေးကို အများကြီး ဆောင်ရွက်နိုင်မှာ မဟုတ်သေးဘူးလို့ သုံးသပ်ကြပါတယ်။
“ကျနော်တို့ ပြည်သူတွေကတော့ အပြောင်းအလဲကိုမျှော်လင့်တာပေါ့ဗျာ။ ပြည်တွင်းငြိမ်းချမ်းရေးက စပြီးတော့ ပြည်သူ တွေရဲ့ပညာရေး၊ အလုပ်အကိုင်တွေ အဆုံးပေါ့” လို့ ဓာတုဗေဒဘွဲ့ရ လူငယ်တဦးဖြစ်တဲ့ ကိုဇေယျာလင်းက ပြောပါတယ်။
“NLD ဟာ သူ့ပါတီတွင်း ပြုပြင်ရေးတွေ လုပ်ရမှာ ဖြစ်သလို အစိုးရဌာနတွေရဲ့ စီမံခန့်ခွဲမှုတွေ၊ တိုင်းပြည်ရဲ့ ငွေကြေးဖောင်း ပွမှုတွေ အများကြီးကို လုပ်ရဦးမှာဆိုတော့ ကျနော်တို့ မျှော်လင့်သလောက် လုပ်နိုင်မယ်တော့မထင်ဘူး။ အရင်အစိုးရ လက်ထက်ကထက် ၃ဝရာခိုင်နှုန်းလောက် လုပ်နိုင်ရင်ကို NLD အနေနဲ့ အောင်မြင်တယ်လို့ ယူဆရမယ်”
(ထက်ခေါင်လင်းသည် ရန်ကုန်အခြေစိုက် Myanmar Now သတင်းဌာန၏ သတင်းထောက်တဦးဖြစ်ပြီး ယခုဆောင်းပါးကို Myanmar Now ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြသည်)