တပ်မတော် အာဘော် ဖြစ်သည့် မြဝတီ သတင်းစာက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ကန့်သတ်ထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉(စ)အား နိုင်ငံတော် အကျိုးစီးပွားအတွက် ထာဝရ မပြောင်းမလဲ တည်ရှိသွားရေး ပြည်သူလူထု တရပ်လုံးက ဝိုင်းဝန်းကာကွယ်ပေးရန် ယနေ့ ဖော်ပြလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ရေးအတွက် တပ်မတော်နှင့် အလေးအနက် ဆွေးနွေးနေသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အသိုင်းအဝိုင်းက ထုတ်ဖော် ပြောဆိုပြီး မကြာမီ ယနေ့ထုတ် မြဝတီ သတင်းစာတွင် ဆောင်းပါးရှင် စိုင်းဝေဠု (မဟာဥပဒေက) အထက် ပါအတိုင်း ရေးသား ဖော်ပြလိုက်ခြင်း ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန် လွှတ်တော်တွင် အဆိုပြုခဲ့စဉ်က ကန့်ကွက်မဲပေးသူမှာ ၄၁ ဒသမ ၄၀ ရာခိုင်နှုန်း ရှိသဖြင့် တပ်မတော်သား ၂၅ ရာခိုင်နှုန်းကြောင့် ပြင် ဆင်ခွင့်မရခဲ့ခြင်းဟု စွပ်စွဲသည်မှာ မေးခွန်းထုတ်စရာဟု ဆောင်းပါးရှင်က ရေးသည်။
မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလ ကတည်းကပင် နိုင်ငံဦးသျှောင် သမ္မတကို ပြည်သူများက အကြွင်းမဲ့ ယုံကြည်အားထားစေရေးနှင့် သံသယ မပွားစေရေးအတွက် နိုင်ငံတော် သမ္မတ သာမက သမ္မတ၏ မိသာစုများကပါ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေသူများ ဖြစ်ရန် လိုအပ်ဖြစ်ကြောင်း စဉ်းစားဆွေးနွေးခဲ့သည်ဟု ဆောင်းပါးတွင် ဖော်ပြသည်။
အမှန်တကယ်တွင် ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင် သမ္မတ အနေဖြင့် မည်သူ့ကို လက်ထပ်နိုင်သည်၊ လက်မထပ်နိုင်ပါ ဆိုခြင်းကို ဖော်ပြထား ခြင်းမရှိပါ။ သို့သော်လည်း “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘနှစ်ပါးသော်လည်းကောင်း၊ ပြည်ထောင်စု နိုင်ငံတော်၏ အာဏာပိုင် နက်အတွင်း၌ မွေးဖွားခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်း ဖြစ်သော၊ ထို့ပြင် ပါလီမန်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည့် အရည် အချင်းနှင့် ပြည့်စုံသည်လည်းဖြစ်သော ပုဂ္ဂိုလ်မျိုး မဟုတ်လျှင် မည်သူမျှ နိုင်ငံတော်သမ္မတရာထူးအတွက် ရွေးကောက်ခြင်းခံနိုင်ခွင့် မရှိစေရ။ (အခန်း ၅၊ ပုဒ်မ ၄၉)”ဟု ပြဋ္ဌာန်းထားသည် ကိုသာ တွေ့ရပါသည်။
အသေးစိတ်ကို https://burma.irrawaddy.com/opinion/viewpoint/2015/12/11/102979.html မှာ ဖတ်ရှု့နိုင်ပါသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၅၉(စ)တွင်မူ နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တပါးပါးသော်လည်း ကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တဦးဦး သော် လည်းကောင်း၊ ထိုတရားဝင် သားသမီး တဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူး သစ္စာတော် ကို ခံယူစောင့်ရှောက် ရိုသေသူ၊ နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ၊ တိုင်းတပါး နိုင်ငံသားမဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။