ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီမှ အမတ် ၈၀ ရာခိုင် နှုန်း နီးပါး အနိုင်ရရှိထားသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးများကို ခေါ်ယူ လိုက်ပြီး ယင်းသို့ ပြည်သူများ ရွေးကောက်တင်မြှောက်ထားသော လွှတ်တော် အစည်းအဝေး များ စတင်လိုက်ခြင်းသည် မြန်မာနိုင်ငံ၏ သမိုင်းဝင် နိုင်ငံရေးအချိုးအကွေ့ကြီးတခုသို့ ရောက် ရှိ သွားခြင်းဖြစ်သည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး၏ သဘာပတိ အဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်ဌေးကြွယ် ကို ခန့်အပ်တာဝန်ပေးအပ်ပြီး ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ၊ ဒုတိယ ဥက္ကဋ္ဌ ရွေးချယ်ခြင်းများကို ဆောင်ရွက်ခဲ့ရာ မြန်မာ့ လွှတ်တော်သမိုင်းတွင် ဒေါ်ခင်ဌေးကြွယ် သည် ပြည်သူ့လွှတ်တော်အစည်းအဝေးကို ကြီးကြပ်သည့် ပထမဦးဆုံးသော အမျိုးသမီး သဘာပတိ အဖြစ် မှတ်တမ်းတင်သွားပြီဖြစ်သည်။ ဧရာဝတီ(မြန်မာပိုင်း) အယ်ဒီတာ သာလွန် ဇောင်းထက် ပြည်သူ့လွှတ်တော်သဘာပတိ ဒေါ်ခင်ဌေးကြွယ်နှင့်တွေ့ဆုံ မေးမြန်းထား ပါ သည်။
မေး။ ။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD အပြတ်အသတ်အနိုင်ရခဲ့ပေမယ့် လွှတ်တော် ခေါ်ခွင့် မရခဲ့ဘူး။ အခုတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ၈၀ ရာခိုင်နှုန်းနီးပါး ပါတဲ့ လွှတ်တော် ခေါ် ခွင့်ရပြီ။ ဒီလွှတ်တော်မှာ အမျိုးသမီး သဘာပတိအဖြစ် တင်မြှောက်ခံရတဲ့အတွက် ဘယ်လိုခံစားရလဲ။
ဖြေ။ ။ စိတ်လှုပ်ရှားတယ်။ ဝမ်းလည်း ဝမ်းသာတယ်။ တခါမှလည်း အဲဒီလောက် ပွဲကြီး ကြီး မှာ သဘာပတိ မလုပ်ဖူးသေးဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း အမျိုးသမီးတဦးအနေနဲ့ ဒီလို လွှတ်တော် အစည်းအဝေးကြီးတခုရဲ့ အစပထမမှာ သမိုင်းဝင် သဘာပတိ လုပ်ခွင့် ရတဲ့ အတွက် ကျေနပ်တယ်။ ဂုဏ်ယူတယ်။ တင်မြှောက်ပေးတဲ့သူတွေကိုလည်း ကျေးဇူး တင် ပါတယ်။
မေး။ ။ သဘာပတိ ထိုင်ခုံမှာ ထိုင်လိုက်တဲ့အချိန်မှာ စင်မြင့်ထက်ကနေပြီးတော့ လွှတ်တော် ကိုယ်စားလှယ်တွေအားလုံးကို မြင်ရတယ်။ အဲဒီမှာ တပ်မတော်သားတွေ၊ ကြံ့ခိုင်ရေးတွေ၊ NLD တွေ ရော ပါတီစုံပေါ့။ အထူးသဖြင့် တချိန်က ဒီမိုကရေစီဘက်တော်သားတွေ ရန်သူလို ဆက်ဆံတဲ့ တပ်မတော်သား အမတ်တွေကို သဘာပတိ ထိုင်ခုံကနေ ဘယ်လိုမြင်မိလဲ။
ဖြေ။ ။ အားလုံးက လွှတ်တော်ကိုယ်စားလှယ်တွေပဲလို့ သဘောထားတယ်။ သဘာပတိ ထိုင်ခုံကနေ ကြည့်ရင်တော့ NLD ပဲဖြစ်ဖြစ်၊ ကြံ့ခိုင်ရေးပဲ ဖြစ်ဖြစ်၊ တပ်မတော်သားပဲဖြစ်ဖြစ် အားလုံးက လွှတ်တော်ကိုယ်စားလှယ်တွေပဲဖြစ်တယ်။ နောက်တခုက ကိုယ့်စိတ်ထဲမှာ သဘာပတိ အစီအစဉ်ကို ဘယ်လို ဆောင်ရွက်ပေး နိုင်မလဲ။ မထစ်မငေါ့ပဲ ဘယ်လို လုပ်ရ မလဲ ဆိုတာကတော့ သဘာပတိ ထိုင်ခုံပေါ်မှာ ထိုင်တဲ့ အချိန်ဖြစ်တဲ့ စိတ်ပဲ။ အဲဒါကို စိတ်ကူး ဖြစ်ပါတယ်။ တပ်မတော်သားတွေနဲ့ပတ်သက်လို့ ထူးထူးခြားခြားကြီးခံစားမိတာမျိုး တော့မဖြစ်ပါဘူး။
မေး။ ။ NLD အမတ်တွေ အများစုပါတဲ့ လွှတ်တော်ကြီးပေါ်လာပြီ။ အစိုးရလည်း မကြာခင် ပေါ်လာတော့မယ်။ ဆိုတော့ ဘာအရင်စလုပ်မလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ကတော့ တကယ်ကို လိုအပ်နေတယ်။ မဖြစ်မနေလည်း ကြိုးစားရမယ့်တာဝန်ရှိတယ်။ ကျမတို့ တဦးတည်း၊ တပါတီတည်း လည်း မဟုတ်ပါဘူး။ နိုင်ငံသူ နိုင်ငံသားအားလုံးက ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်ရမယ်။ ငြိမ်းချမ်းရေး ရမှ ကျန်တဲ့ ကဏ္ဍအားလုံး တိုးတက်အောင် ဆောင်ရွက်လို့မှာပါ။ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးပေါ့။ ငြိမ်းချမ်းရေးမရဘဲ လုပ်လို့ မရဘူး။ ငြိမ်းချမ်းရေး မရဘဲ လုပ်ရင် တိုးတက်မှာ မဟုတ်ဘူး။ တချိန်တည်းမှာလည်း နိုင်ငံတော် ဖံွ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံကနေ ချိန်ညှိပြီး ဆောင်ရွက်ရပါ့မယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာမလား။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်လာရင် ဘယ်သူ သမ္မတ ဖြစ်လာမလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်ပါတယ်။ လတ်တလော ဥပဒေအရ တား ဆီး ထားလို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရင်တောင်မှ ကျမတို့အားလုံး စိတ်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အမြဲတမ်းသမ္မတပဲ။ ပြည်သူတွေရင်ထဲမှာလည်း ဒီလိုပါပဲ။
အားလုံး ရင်ထဲမှာ တော့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတပဲ။ ဒါကိုတော့ တားဆီးလို့မရဘူး။
မေး။ ။ NLD အစိုးရက တိုင်းပြည်မှာ ကြုံနေရတဲ့ စီးပွားရေး၊ လူမှုရေး၊ ပြဿနာပေါင်းစုံ ကို ဖြေရှင်းနိုင်ပါ့မလား။
ဖြေ။ ။ NLD အစိုးရ ဘယ်လောက် တိုင်းပြည်တာဝန်ကို ကျေပွန်အောင် ထမ်းနိုင်မလဲ ဆိုတာကတော့ အတိုင်းအတာကတော့ ပြောလို့မရဘူး။ အခက်အခဲကတော့ အများကြီးပဲ။ စိန်ခေါ်မှုတွေကလည်း အများကြီးပဲ။ အခက်အခဲတွေ အများကြီးရင်ဆိုင်ရမယ်။ ကျမတို့ ကြိုးစားရမယ်ဆိုတာ သိပါတယ်။
မေး။ ။ စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး က ဘယ်လို ဖြစ်လာမလဲ။
ဖြေ။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကတော့ ထပ်ပြီးတော့ ကြိုးစားရမှာပဲ။ ဘယ် အချိန် ဖြစ်လာမလဲတော့ ကျမလည်း မသိသေးဘူး။