၂၀၁၆ ဖေဖော်ဝါရီလ ၁ ရက်နေ့သည် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်သို့ ပထမဆုံး တရားဝင် တက်ရောက်ခွင့်ရရှိသည့်နေ့ ဖြစ်သည်။ မြန်မာ့ ဒီမို ကရေစီ အုတ်မြစ် အခြေချသည့်နေ့၊ သမိုင်းဝင် ရွေးကောက်ပွဲဖြင့် ဒီမိုကရေစီ အင်အားစုများ လွှတ်တော်တွင်း ပထမဆုံး ရောက်ရှိ လာသည့်နေ့လည်း ဖြစ်သည်။ ထို့ကြောင့် ယခုအခင်းအကျင်းအပေါ် အမြင်များနှင့် NLD အစိုးရလက်ထက် ပြည်သူလူထု၏ မျှော် လင့်ချက်များကို ဧရာဝတီ သတင်းထောက်များ ဖြစ်သည့် သူဇာ၊ ထွန်ထွန်း၊ ဇူးဇူးနှင့် မေစိုးစံတို့က စုစည်းတင်ပြထားပါသည်။
ဆလိုင်းအိုက်ဇက်ခင်(အမှုဆောင် ဒါရိုက်တာ)
Gender and Development Institute-Myanmar
ဝမ်းသာပါတယ်။ လူထုက ယုံကြည်တဲ့လူတွေနဲ့ ၁၉၆၂ နောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပနိုင်တဲ့ လွှတ်တော်ဖြစ်တဲ့အတွက် ဝမ်း သာ ဝမ်းနည်းဖြစ်ရပါတယ်။ ဝမ်းသာတာက အပြောင်းအလဲကြီးတစ်ခုက မယုံကြည်နိုင်လောက်အောင် ဖြစ်လာပါပြီ။ လွှတ်တော် ခေါ်နိုင်တာကိုက ဝမ်းမြောက်စရာပါ။ ၁၉၉၀ လိုများ ဖြစ်လေမလားဆိုပြီး စိုးရိမ်ခဲ့ကြရတာမို့လို့လေ။ ဒေါ်စု အပါအဝင် ခေါင်းဆောင် များရဲ့ သတိကြီးစွာ ပဲ့ကိုင်နိုင်ခဲ့မှုရဲ့ ရလာဒ်လို့လည်း မြင်ပါတယ်။ လွှတ်တော် သဘာပတိအဖြစ် အမျိုးသမီးတစ်ဦးက တာဝန်ယူ တာကို တွေ့ရတော့ ပိုပြီးတောင် အံ့ဩ ဝမ်းသာပီတိ ဖြစ်ရပါတယ်။
တိုင်းရင်းသားတစ်ဦးဆိုတာထက် ပြည်ထောင်စုကို တည်ထောင်ဘက်ဖြစ်တဲ့ ချင်းတိုင်းရင်းသားတစ်ဦးအနေနဲ့ ဒေါ်စုရဲ့ ဦးဆောင်မှု အောက်မှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပီပီပြင်ပြင်ဖြစ်လာအောင် ဝိုင်းဝန်းကြိုးစားဖို့ လိုအပ်ကြောင်း ဖော်ပြလိုပါတယ်။ အ မျိုးသား တန်းတူရေးနဲ့ ခွဲခြားဆက်ဆံမှု ကင်းမဲ့တဲ့ နိုင်ငံတော်ကြီးအဖြစ် ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ ဖြည့်စွက် ပြော ချင်တာကတော့ ဒေါ်စု သမ္မတဖြစ်ဖို့ လိုတယ်လို့ပဲ ပြောချင်ပါတယ်။
မခိုင်လွင်မော်ဦး (ခေတ္တ-စင်ကာပူ)
ဒီနေ့မှ စတယ်ဆိုပေမယ့် အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေ တဝက် လျော့သွားစေပါတယ်။ ကျန်တဝက်ကတော့ ကိုယ့်ဟာကိုယ် ကြိုးစားဖို့ပဲ ရှိတော့တယ်။ အစထဲက ယုံကြည်လို့ပေးခဲ့တာဆိုတော့ အကောင်းဆုံးတွေ လုပ်မယ်လို့ ယုံကြည်ထားတယ်။ အခု လွှတ်တော်ထဲ ရောက်တဲ့လူတွေက နိုင်ငံတကာ အတွေ့အကြုံတွေရှိတဲ့ ပညာတတ်တွေဆိုတော့ မျော်လင့်တယ်ဆိုတာထက် ဒီ နိုင်ငံအတွက် ဘာလုပ်ရမလဲဆိုတာ သူတို့ကောင်းကောင်းသိတယ်ဆိုတာ ယုံကြည်တယ်။ ကိုယ့်ဘက်ကတော့ စည်းကမ်း လိုက်နာ လိုအပ်တာ ဝိုင်းဝန်းကူညီရုံပေါ့။
ပြီးတော့ အနိုင်ရပြီဆိုကတည်းက ပြန်လာဖို့ စိတ်ကူးတွေ ရှိလာပြီ။ အကြာကြီး မနေချင်တော့ဘူး သူများနိုင်ငံမှာ။ ကိုယ်ဟာကိုယ် လိုအပ်တဲ့ အရည်အချင်းတွေ ဖြည့်ပြီးရင် အစိုးရသစ်ကို ကူညီနိုင်ပြီး အတူတူ ပြန်လုပ်ချင်ပြီ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ဝင်လာဖို့ ဆိုတာထက် အဲဒါတွေ ဝင်လာအောင် ဖိတ်ခေါ်နိုင်အောင် လူငယ်တွေ ပြန်လာမှ ရမယ်ထင်လို့ လူငယ် စွမ်းအားတွေ လိုမယ်ထင်လို့ ပြန်လာချင်တာပါ။
မနေခြည်စုလှိုင် (ဗိုလ်ချုပ်ဈေး)
ပြည်သူတယောက်အနေနဲ့တိုင်းပြည်ကို ပိုကောင်းတာလေးတွေ ဖြစ်လာတော့မယ်ဆိုတဲ့ ခံစားချက်မျိုးနဲ့ ပီတိဖြစ်ပါတယ်။ မဲ ဆန္ဒနယ် အသီးသီးက ရွေးချယ်တင်မြှောက်လိုက်တဲ့အမတ်တွေက ဆိုင်ရာဒေသအသီးသီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အားတက် သရော(အိပ်မငိုက်ဘဲ) ဆွေးနွေးအဖြေထုတ်ပေးပြီး အပြုသဘောဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
နောက်တခု မျှော်လင့်မိတာကတော့ အနိုင်ရပါတီရဲ့ မဲဆွယ်ကာလမှာပြောခဲ့တဲ့ ပညာရေး၊ ကျန်းမာရေးတွေမှာ အစိုးရရဲ့ ထောက်ပံ့မှုတွေ ပိုများလာလိမ့်မယ်။ စီးပွားရေးအနေနဲ့ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ မျှော်လင့်သော်လည်း အန်တီစု ပြောသလို ဘာစီမံကိန်းမှမရှိဘဲ ထိုင်မျှော်နေလို့တော့ မဖြစ်ပြန်ဘူး။ အစိုးရက စီမံကိန်းတွေ ချပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။
ဦးညိုထွန်း (နိုင်ငံရေး အကျဉ်းသားဟောင်း)
ကျနော် ဆုတောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်လွှတ်တော်က ပြည်သူတွေကို ဖိနှိပ်တဲ့ ဥပဒေတွေကို ပြင်ဆင်ခြင်း ပယ် ဖျက်ခြင်း ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဒါပွင့်ပွင့်လင်းလင်း ပြောပြတာပါ။ အခုလွှတ်တော်အသစ်မှာတော့ လက်ရှိ အမတ်တွေ ပြည်သူတွေ ကို ဖိနှိပ်တဲ့ ဥပဒေတွေ ပြင်ဆင်နိုင်ပါစေ။ ဖျက်သင့်တဲ့ ဥပဒေတွေလည်း ဖျက်နိုင်ပါစေ။ ဥပမာ တလင်မယားစနစ် ဥပဒေဆို living together စနစ်ကို တင်သွင်းတဲ့ ဥပဒေကြီး ဖြစ်နေတယ်။ မျိုးစောင့် ဥပဒေဆိုတာလည်း ပြည်သူတွေကို ဖိနှိပ်တဲ့ ဥပဒေလို့ မြင် တယ်။ ပြည်သူအတွက် တကယ်အလုပ်လုပ်မယ်လို့လည်း မျှော်လင့်ပါတယ်။ လွှတ်တော်အမတ်တွေ အားလုံးကလည်း ဥပဒေ တွေ များများဖတ်သင့်တယ်။ စာတွေများများ ဖတ်သင့်တယ်။ ပြည်သူလူထုအတွက် အကျိုးအများကြီး ဆောင်နိုင်ပါစေလို့ ဆုတောင်း ပါတယ်။
ကိုအောင်နေပိုင် (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်)
ဒီမိုကရေစီ အင်အားစုတွေက ရွေးကောက်ပွဲမှာ အနိုင်ရရှိသွားတယ်။ ပြည်သူကို အလုပ်အကျွေးပြုဖို့အတွက် စေလွှတ်လိုက်တဲ့ ပြည်သူ့ ကိုယ်စားပြုတဲ့အုပ်စုတွေ လွှတ်တော်ထဲမှာ အများကြီး တွေ့လာရတယ်။ နောက်ပြီး ပြည်သူတွေအတွက် အကျိုးပြုမယ့် ဥပဒေတွေ အများကြီး ပြဋ္ဌာန်းလာနိုင်လိမ့်မယ်လို့တော့ မြင်ပါတယ်။ နောက်တခုကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေါ့။ ကျနော်တို့ ကျောင်းသားတွေအမြင်မှာတော့ ဒါကြီးက ကျနော်တို့ကို စစ်အာဏာရှင် အစိုးရရဲ့ အရိပ်မဲကြီး ကြီးစိုးနေတုန်းပဲလို့ မြင်တာပဲ။
ဒီဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် ဒီလွှတ်တော် သက်တမ်း ၅ နှစ်အတွင်းမှာ ဘယ်လောက် ပြင်ဆင်နိုင်မလဲဆိုတဲ့ ကျနော်တို့ စောင့် ကြည့်ရမှာ ဖြစ်တယ်။ နောက်တခုက ကျနော်တို့ ကျောင်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အများကြီး ဖမ်းဆီး ထိန်းသိမ်းခံ ထားရတာ ဖြစ်တဲ့အတွက် အခုလွှတ်တော်ကြီးက ဒီမိုကရေစီ နည်းကျစွာ ရွေးကောက်တင်မြှောက်တဲ့အတိုင်း အားလုံး ရောက်ရှိ သွားတဲ့ အချိန်မှာ ကျနော်တို့ ကျောင်းသားတွေ နိုင်ငံရေးသမားတွေက အကျဉ်းထောင်ထဲမှာ ရှိနေသေးတယ်ပေါ့။ ဒီလို အခြေအ နေမှာလည်း နောက်ပေါ်လာမယ့် အစိုးရသစ် တရပ်အနေနဲ့ ဘယ်လို ကိုင်တွယ်သွားမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်သွားရပါ မယ်။
ဦးအောင်မျိုးမင်း(လူ့အခွင့်အရေး လှုပ်ရှားသူ)
ပထမဆုံး ဒီနေ့ ကျနော် လွှတ်တော်မှာ ကြည့်ရတာ စိတ်ထဲမှာ ကျေနပ် ဂုဏ်ယူတယ်။ ပထမတခုက အစိုးရတခုကနေ တခု၊ လွှတ် တော်တခုကနေ တခု လွှဲပြောင်းတဲ့နေရာမှာ တကယ့်ကို ဂုဏ်သိက္ခာရှိရှိ လွှဲပြောင်းလိုက်တယ်ဆိုတဲ့ သမိုင်းတခုကို တွေ့ရတယ်။ နောက်တခုက အမျိုးသမီးရေးရာဘက်က ကြည့်မယ်ဆိုရင်လည်း အမျိုးသားများသာ ထိုင်နေကျနေရာလို့ သတ်မှတ်တဲ့ ပြည်သူ့ လွှတ်တော် သဘာပတိနေရာမှာ အမျိုးသမီးတယောက်က ယုံယုံကြည်ကြည်နဲ့ လုပ်ဆောင်နေတာ တွေ့ရတယ်။ အမျိုးသမီးတွေက ဒီလို လုပ်ဆောင်နိုင်တဲ့ အခွင့်အလမ်းတွေ အများကြီး တွေ့လာရတဲ့အတွက် အများကြီး ဝမ်းသားရပါတယ်။
နောက်ထပ် တခု ကတော့ ဒီနေ့တီဗွီမှာ ကြည့်မယ်ဆိုရင် နောက်ထပ် သတိထားမိတာကတော့ ပင်နီရောင်လွှမ်းသော လွှတ်တော် လို့ ကျနော် ပြောလို့ရတယ်ဗျာ။ တော်တော်များများ ပင်နီရောင် ဝတ်လာတယ်။ ပင်နီဆိုတာ ၈၈ ကတည်းက ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးကို တိုက်ပွဲဝင်တဲ့ သင်္ကေတ ဖြစ်ပါတယ်။ အဲဒီတော့ ပင်နီရောင်တွေ တိုင်းပြည်ရဲ့ ဥပဒေပြုတဲ့ အခန်းကဏ္ဍမှာ များလာ တယ်ဆိုတော့ သမိုင်းတလျှောက်မှာ ဖြတ်သန်းခဲ့ရတဲ့ ခွတ်ဒေါင်း မျိုးဆက်တွေ၊ နောက် ဒီမိုကရေစီ လူ့အခွင့်အရေး လှုပ်ရှားသူ တွေလို့ သတ်မှတ်ခံရတဲ့သူတွေ လွှတ်တော်ထဲ ရောက်ရှိလာတယ်လို့ မြင်ပါတယ်။
အခုချိန်မှာ မျှော်လင့်ချက်ကို သေချာပြောလို့ မရနိုင်သေးပေမယ့် မျှော်လင့်ရတာကတော့ ပြည်သူ တင်မြှောက်တဲ့ ပြည်သူ့ ကိုယ်စား လှယ်တွေ ပါလာတယ်။ ဒါကတော့ ဘယ်သူမှ ငြင်းလို့မရတဲ့ အချက်လို့ ဆိုရမယ်။ တာဝန်ပေးထားခံထိတဲ့ သူတွေက ပေးထားတဲ့ တာဝန်ကို ကောင်းမွန်သော ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့ ကျနော်တို့ မြင်လည်း မြင်ချင်တယ်။ ဖြစ်လည်း ဖြစ်ချင်တယ်။
ဒေါ်ဝါဝါနွယ်ဦး (လက်ထောက် ကထိက)
အခု လွှတ်တော်ကို သေချာ စောင့်ကြည့်ဖြစ်တယ်။ အရင် ၂၀၁၀ ခုနှစ်က စခဲ့တဲ့ လွှတ်တော်တုန်းကတော့ သေချာ စောင့်မကြည့် ဖြစ်ဘူး။ နောက်ပြီး သတင်းတွေကလည်း ဒီလောက်ကြီး ပွင့်လင်းမှု မရှိသေးတာလဲ ပါမှာပေါ့နော်။ အခု လွှတ်တော်မှာက အမျိုး သမီး အမတ်တွေ များလာတာ တွေ့ရတယ်။ နောက်ပြီး အမတ်တွေရဲ့ မျက်နှာမှာက ပိုပြီး တက်ကြွတဲ့ ခံယူချက်တွေ ရှိတာ တွေ့ ရတယ်။ ပြည်သူတယောက်အနေနဲ့ အများကြီး မျှော်လင့်တာပေါ့။ ဘာတွေကို ဘယ်လို လုပ်ဆောင်မလဲ။ ပြည်သူတွေ အတွက် ကောင်းတဲ့ဟာတွေ ဖြစ်လာမယ်လို့လဲ မျှော်လင့်ထားတယ်။ ကိုယ်မျှော်လင့်တဲ့အတိုင်းပဲ ဖြစ်လာလိမ့်မယ်လို့ ယုံလည်း ယုံကြည် တယ်။ ဒေါ်အောင်ဆန်းစုကြည် ဆိုတာက နိုင်ငံရေးနဲ့ ပတ်သက်လို့ရော ပညာရေးနဲ့ ပတ်သက်လို့ပါ သူ့မှာ အတွေ့အကြုံတွေ အများကြီး ရှိတယ်။ ကျမတို့ကလည်း သူ့အပေါ် ယုံကြည်ပြီးတော့ မဲပေးထားတာဆိုတော့ ပြည်သူတွေ ယုံကြည်တဲ့အတိုင်း လုပ်ဆောင်လိမ့်မယ်လို့ ထင်ပါတယ်။
မစုမြတ်မောင် (ဒီဇိုင်းဘာသာရပ် ကျောင်းသူ)
တောင်ကိုရီယားနိုင်ငံ
ဒီနေ့မှာ စတင်ကျင်းပတဲ့ လွှတ်တော်ထဲမှာ NLD အမတ်တွေကို မြင်ရတဲ့အတွက် အားရတယ်။ ကျေနပ်မှုလည်း ရှိတယ်။ မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲကို ကြိုဆိုပါတယ်။ ဒီကနေမှ နိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေမှာ ဒီထက်ပိုတိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။ ပြည်သူတွေက ရွေးချယ်လိုက်လို့ လွှတ်တော်ထဲမှာရှိတဲ့ NLD အမတ်အားလုံးကို စောင့်ကြည့်နေပါ တယ်။
ဒေါ်ချိုချိုအေး (ဂျပန်နိုင်ငံ)
ပြည်သူလူထုက နှစ်ရှည်လများ မျှော်လင့်နေတဲ့ ပြည်သူ့ဆန္ဒနဲ့ အညီ ရွေးချယ် တင်မြှောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရတာ အလွန်ပဲ ဝမ်းသာသလို အားလည်း ကိုးပါတယ်။ ဒီနေ့ အကျပ်အတည်းပေါင်းများစွာ ပြသနာပေါင်းများစွာနဲ့ ကမ္ဘာ့ အလယ်မှာ မျက်နှာငယ်ရတဲ့ ဘဝက အမြန်ဆုံး လွတ်မြောက်ပြီး ငြိမ်းချမ်းသာယာတဲ့ နိုင်ငံကို ဖေါ်ဆောင်ပေးနိုင်ဖို့ မျှော်လင့်ပါ တယ်။ ဒီအတွက်ပြည်ပက အင်အားစုတွေကလည်း နိုင်ငံတည်ဆောက်ရေးမှာ တတ်နိုင်သလောက် ပူးပေါင်း ပါဝင်ချင်ပါတယ်။
ဒေါ်နေလွင်ဝင်း(ဥက္ကံမြို့)
ကျမလည်း စိတ်ဝင်စားလို့ စောင့်ကြည့်ဖြစ်တယ်။ နောက်ပြီး ပြည်သူတယောက် အနေနဲ့ကတော့ ပြည်သူ့ကို လှည့်ကြည့်တဲ့ အ မတ်ကောင်းတွေ လွှတ်တော်ထဲ ရောက်သွားတယ်လို့ မြင်တယ်။ လွှတ်တော်ဆိုတာက အမတ်ကောင်းတွေ အများကြီး ရှိဖို့ လိုအပ် နေပြီ။ အခုလို အာဏာလွဲမယ့် စပ်ကူးမတ်ကူးကြားမှာ ပြည်သူတွေအနေနဲ့ ဒုက္ခမျိုးစုံကို ရင်စီးခံပြီး လာမယ့် အစိုးရ ဘယ်လို လုပ် ဆောင်ပေးမယ် ဆိုတာပဲ မျှော်လင့်တာ။ အခုကလည်း ရင်တမမနဲ့ စောင့်နေရတဲ့ အခြေအနေဆိုတော့ ဘယ်အမတ်က ပညာဘယ် လောက် ရှိလဲ၊ ဘယ်အမတ်က ပြည်သူတွေအတွက် လုပ်ဆောင်ပေးမလဲဆိုတာ အခု စောင့်ကြည့်ရတော့မယ်။ ကျမ မျှော်လင့်တာ ကတော့ ကျမ အမြဲ ထိတွေ့နေရတဲ့ ကုန်ဈေးနှုန်း အတက်အကျတွေအနေနဲ့ ဘယ်လို ထိန်းချုပ်မလဲ။ ပြည်သူတွေ သက်သောင့် သက်သာနဲ့ ဝယ်ယူစားသုံးနိုင်တဲ့ အခြေအနေ ဖြစ်လာဖို့တော့ အများကြီး မျှော်လင့်ထားတာပေါ့။
ဒေါက်တာစိုးထွန်း(စီးပွားရေး လုပ်ငန်းရှင်)
စီးပွားရေးကဏ္ဍမှာ ပြောင်းလဲဖို့ အရင်ထက်စာရင် အများကြီး မျှော်လင့်ပါတယ်။ စီးပွားရေး ပြောင်းလဲလာမယ် ဆိုပြီးတော့ မဲပေးခဲ့ ကြတယ်။ ကျနော်တို့မှ မဟုတ်ဘူး။ အားလုံးမျှော်လင့်ချက်တွေနဲ့ ပြည့်နေကြတယ်။ ကောင်းလာမယ်လို့ မြင်တယ်။ ပြောင်းလဲဖို့ မျှော်လင့်တာက လက်ရှိ ရှိနေတဲ့ ကြိုးနီစနစ်တွေ ပိုပြီးတော့ လျှော့မယ်။ ကမ္ဘာက သတ်မှတ်ထားတဲ့ easy of the doing business မှာ ရှိတဲ့ အဆင့်ကနေ တက်လာမယ်လို့ မျှော်လင့်တယ်။ ခြုံပြောရင်တော့ နိုင်ငံတကာက ယုံကြည်မှုရှိရင် နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု တွေ ဝင်လာမယ် အမေရိကန် ဆန်ရှင်တွေ လုံး၀ ရုတ်သိမ်းပေးမယ်။ ဒါနဲ့အတူ အလုပ်အကိုင် အခွင့်အလမ်းတွေ များလာမယ်။ တဖက်မှာလည်း စီးပွားရေးတွေ ပိုဖွံ့ဖြိုးလာနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ဒေါက်တာအောင်သူရ (စတော့ဈေးကွက် ကျွမ်းကျင်သူ)
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် နိုင်ငံရေး အခင်းအကျင်းမှာ စီးပွားရေးဏ္ဍမှာ ပိုကောင်းလာနိုင်ပါတယ်။ နောက်ပြီး သူတို့ရဲ့ လုပ်ဆောင်မှု အပေါ်မှာလည်း မူတည်တယ်။ ဘာတွေလုပ်မလဲ ဘာတွေအဓိကထားလဲ လုပ်မယ့် အစီအစဉ်တွေကို စောင့်ကြည့် သွားရမယ်။ အခုက မရေရာသေးဘူး။ မြန်မာ စီးပွားရေးကို ခြုံကြည့်ရင် တိုးတက်မှုတော့ ပိုများလာမယ်။ ဂျီဒီပီက တနှစ်တနှစ်ကို ၇ ရာခိုင်နှုန်း တိုးတယ်။ ယခင်တုန်းက မြန်မာပြည်ရဲ့ အခြေအနေက အတော်လေး မကောင်းထားတော့ တချို့ဟာတွေ နည်းနည်း လေး ပြုပြင်တာနဲ့ ကုန်သွယ်မှုက တော်တော်လေး မြင့်လာနိုင်တယ်။ အဓိက အစိုးရတခုက ဘယ်လောက် အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ Growth Trade ကို ကြည့်ပြီးတော့ ပြောမရဘူး။
ဦးတင်ချို (အကြီးတန်း အကြံပေး)
ပါရမီစွမ်းအင် ကုမ္ပဏီအုပ်စု
အခုက ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထိုင်ရုံပဲ ရှိသေးတယ်။ အစိုးရအဖွဲ့ ဖွဲ့ဖြစ်သေးတာ မဟုတ်ဘူး။ အသစ်ဖွဲ့စည်းမယ့် အစိုးရ အဖွဲ့အစည်းရဲ့ မူဝါဒတွေ မျှော်မှန်းချက်တွေကိုလည်း တရားဝင် ဘာမှထုတ်ပြန်ထားတာ မရှိသေးဘူး။ အခုချိန်မှာ ကံသေ ကံမ ပြောဖို့က စောသေးတယ်။ ဒါပေမယ့် တိုင်းပြည်တခုလုံးကတော့ ကောင်းမယ့် အပြောင်းအလဲကို ပြောင်းလဲမယ်လို့ မျှော်လင့် နေကြတယ်။ သန့်ရှင်းသောအစိုးရဖြစ်မယ် တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မယ့် အစိုးရ ဖြစ်မယ်လို့ မျှော်လင့်ရ တာပဲ။
စွမ်းအင်ကဏ္ဍမှာတော့ ရေနံတွေက တွေ့ဖို့အလားအလားတွေ ရှိပါတယ်။ ပြုပြင်ပြောင်းလဲဖို့မှာက ကိုယ်တိုင်းပြည်မှာ ဓာတ်အား မလုံလောက်သေးဘဲနဲ့ ဂတ်စ်တွေကို နိုင်ငံခြားပို့တာတွေကို ပြန်ပြီးတော့ သုံးသပ်ပြီး ပြည်တွင်း လုံလောက်အောင် သုံးစွဲမယ်။ တိုင်း ပြည်ကို အရင်လုံလောက်အောင် လုပ်ဆောင်မယ့်မူမျိုးတွေ ပြောင်းလဲမယ်ဆိုရင် ပြည်သူတွေက အတိုင်းထက်အလွန် ကြိုဆိုရမယ့် ကိစ္စပါပဲ။
အရည်ကြို (ကားလောကဆိုင်ရာ ဆောင်းပါးများ ရေးသားနေသည့် ဆောင်းပါးရှင်)
စီးပွားရေး ပြုပြင်ပြောင်းလဲမှုအပေါ် ရာခိုင်နှုန်းပြည့် ယုံကြည်ပါတယ်။ တကယ်ကို ဝန်ကြီး၊ ဒုဝန်ကြီး ခန့်အပ်တာကအစ အရည် အချင်း စစ်မှန်သူတွေကို ခန့်အပ်မယ်လို့ မျှော်လင့်တယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုပိုင်းက ကားပိုင်းကို ပြောရရင် NLD အစိုးရ ဦးဆောင်လက်ထက်မှာ နိုင်ငံမှာ ကားစက်ရုံတွေ တည်ထောင်တာမျိုး ဖြစ်လာနိုင်မယ်လို့ ထင်တယ်။ ဒါပေမယ့် ကားလောကနဲ့ ပတ် သက်ရင် ၂၀၁၆ ပြည်ထောင်စု အခွန်အကောက် ဥပဒေက လွှဲမှားမှုတွေ တော်တော် များတယ်။
လက်ရှိမှာ အတားအဆီး ဖြစ်နေ တာက ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့အပေါ်ကိုပဲ အဓိက ထောက်ပြချင်တယ်။ လခစား ဝန်ထမ်း ပေါ်ကောက်တဲ့ အခွန်ရယ် ဝင်ငွေရ လမ်း မဖော်ပြနိုင်တဲ့အပေါ်ကို ကောက်တဲ့အခွန်ကိုလည်း ပြန်လျှော့ဖို့ လိုတယ်။ ဒီဥပဒေ အ တိုင်း ဆက်သွားရင် ရဖို့ထက် အရှုံးများ ဖို့က ပိုသေချာတယ်။ ဒါကို လွှတ်တော် စစချင်းမှာ ပြင်နိုင်ရင်လည်း ပြင်ပေါ့။ မပြင်နိုင်ဘူး ဆိုရင် နောက်လွှတ်တော်မှာ ကား အတွက်ကို အထူးပြုပြီးတော့ စီမံချက် တခုခု ထုတ်ပြီး လုပ်မယ်ဆိုရင် ထွက်ပေါက်ရှိလာဖို့ မျှော် လင့်တယ်။
ကိုကျော်စိုးမိုး (ကော့မှူးမြို့နယ်)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အမတ်တွေ အများစုပါတဲ့ လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ရေးရာ ကော်မတီတွေကို ဖွဲ့စည်း တော့မယ့်အပြင် အစိုးရသစ်အတွက် သမ္မတ၊ ဒုသမ္မတတို့အထိ အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေ စတင် လုပ်ဆောင်တော့မှာ ဖြစ်တဲ့အတွက် ပြည်သူတယောက်အနေနဲ့ စိတ်ဝင်စားမှု ရှိသလို ပြည်သူတွေ လိုအပ်တဲ့အရာတွေဖြစ်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ တိုင်းပြည်ဖွံဖြိုး တိုးတက်ရေးတွေ အတွက်လည်း လွှတ်တော်ကနေ ဆောင်ရွက်ပေနိုင်ဖို့ မျှော်လင့်ပါတယ်။
ဦးညီညီ (ဋ္ဌာနမှူး)
သင်တန်းရေးရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဋ္ဌာန
အခု လွှတ်တော်အသစ်ဟာ ကြိုဆိုရမယ့် လွှတ်တော်၊ စောင့်ရှောက်ပေးရမယ့် လွှတ်တော်၊ ကူညီပေးရမယ့် လွှတ်တော်လို့ မြင် တယ်။ အရင်တုန်းကလို အာဏာရှင် မဟုတ်တဲ့ လွှတ်တော်မိုလို့ ကြိုက်တယ်။ ဒါပေမယ့် အားလုံး ကောင်းပါတယ်လို့တော့ မပြော နိုင်သေးဘူး။ သူတို့လည်း အသစ် အသစ် အတွေ့အကြုံတွေနဲ့ သွားရမှာမိုလို့ မှားနိုင်တယ်၊ အားနည်းနိုင်တယ်။ ဒါကို နိုင်ငံသား တဦးအနေနဲ့ ထောက်ပြပေး၊ အားပေး၊ ကူညီပေးနိုင်တဲ့ အကြံတွေ ပေးပြီးတော့ မှားယွင်းနေတာတွေ တွေ့ရင်လည်း ပြတ်ပြတ် သားသား ထောက်ပြပေးဖို့ လိုတယ်လို့ မြင်တယ်။ မျှော်လင့်တာနည်းနည်း စောင့်ကြည့်မှာများများ ကူညီမှာများများ ဖြစ်ချင်ပါတယ်။ ဒါကျနော့် အမြင်ပါ။
ဦးစည်သူလွင် (သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ)
ပြည်သူတွေအများစုကြီးက သူတို့ဆန္ဒအတိုင်း ရွေးချယ်ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်စစ်စစ်တွေနဲ့ ပြုလုပ် ကျင်းပတဲ့ ပြည် သူ့လွှတ်တော် စစ်စစ်ဖြစ်လို့ လုံခြုံဖို့ အစာဝဖို့ ဂုဏ်သိက္ခာရှိဖို့ တရားဥပဒေစစ်စစ်တွေ ပြင်ဆင် ပြဋ္ဌာန်းပေးနိုင်မယ်လို့ မျှော်လင့် ပါတယ်။ အဲဒီ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ၂ ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်ကနေပြီးတော့လဲ ပြည်သူကို ကာကွယ်ပေးမဟ့် ပြည်သူ့အစိုးရ စစ်စစ်တရပ်ကို ဖွဲ့စည်းပေးမယ်လို့လည်း ယုံကြည်တယ်။ မတရားမှုတွေ လျော့နည်း သွားမယ် လို့လည်း ယုံကြည်တယ်။ ပြည်သူအားလုံး ပါဝင်လာဖို့ လိုသလို ဘက်မလိုက်တဲ့ မီဒီယာတွေရဲ့ ပံ့ပိုးမှုတွေ လိုအပ်တယ်။