နံနက် ၆ နာရီ ၃၀ မိနစ် ရှိလာပြီဖြစ်ပေမယ့် နေပြည်တော်ပတ်ဝန်းကျင်တခုလုံးမှာ မြူခိုးတွေ အုံ့မှိုင်းနေဆဲဖြစ်ပြီး အလင်းရောင် မပီပြင်သေးဘဲ ပတ်ဝန်းကျင်တခုလုံး မှောင်ရိပ်ကြီးစိုးနေဆဲပါပဲ။ ကြီးမားလှတဲ့ လွှတ်တော် အ ဆောက် အအုံကြီးတွေကတော့ မြူခိုးနဲ့ နှင်းငွေ့တွေကြားမှာ ခပ်ပျပျ ခပ်မှုန်မှုန်သာ မြင်ရပါတယ်။
နံနက် ၆ နာရီ ၄၇ မိနစ်အချိန်မှာတော့ နေဝန်းနီကြီး တဖြည်းဖြည်း ပေါ်လာပြီး ကြီးမားလှတဲ့ လွှတ်တော် အဆောက်အအုံကြီးတွေ အပါအဝင် ပတ်ဝန်းကျင်တခုလုံးကို လိမ္မော်ရောင်၊ အနီရောင်တွေ ဖျန်းပက် လိုက်သည့် အလား အလင်းရောင်တွေနဲ့ ပတ်ဝန်းကျင်တခုလုံး ထွန်းလင်း တောက်ပလာပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ရဲ့ ရောင်နီတက်ချိန်မှာ နေပြည်တော်တခုလုံး အနီရောင် တွေ ပက်ကျဲပြီး ဖွင့်လှစ် လိုက်တယ်ဆိုရင် မမှားနိုင်ပါဘူး။
နံနက် ၉ နာရီ ၁၀ မိနစ်ဝန်းကျင်မှာတော့ ကြီးမားကျယ်ပြန့်လှတဲ့ ပြည်သူ့လွှတ်တော် အဆောက်အအုံကြီးရှေ့ကို မီနီဘတ်စ်ကားတွေ တစီးပြီး တစီး ဆိုက်ရောက်လာပါတယ်။ ကားတွေပေါ်က ဆင်းလာတဲ့ ပင်နီရောင် ဝတ် အမျိုးသား၊ အမျိုးသမီးတွေ ပြည်သူ့လွှတ်တော် အဆောက်အအုံထဲ ဝင်ရောက်လာချိန်မှာတော့ ပင်နီရောင် လှိုင်းလုံး ကြီးတခု လွှတ်တော် ထဲကို လှိမ့်ဝင်လာတဲ့အလား နေရာတိုင်းမှာ ပင်နီရောင်တွေချည်းပဲ ပြည့်နှက် နေပါတယ်။
ပင်နီရောင် ဝတ် အမျိုးသား၊ အမျိုးသမီးတွေက ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ ရလဒ်အရ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တွေပဲ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စု လွှတ်တော်နေရာပေါင်း ၄၉၁ နေရာ ရွေးကောက်ပွဲ ကျင်းပ ခဲ့တာရာမှာ NLD က ပြည်သူ့လွှတ်တော် ၂၅၅ နေရာ၊ အမျိုးသားလွှတ်တော် ၁၃၅ နေရာ စုစုပေါင်း ၃၉၀ အနိုင် ရရှိခဲ့ပါတယ်။
နံနက် ၉ နာရီ ၂၀ မိနစ်လောက်မှာတော့ သတင်းထောက်တွေရာပေါင်းများစွာ အပြေးအလွှား ပြည်သူ့ လွှတ်တော ်အဆောက်အအုံ ကြီးရဲ့ ဥက္ကဋ္ဌ ရုံးခန်း ဝင်ပေါက်ဝဆီ ဝရုန်းသုန်းကား ရောက်ရှိသွားကြပါတယ်။ သိပ်မကြာ ခင်မှာတော့ ပန်းနုရောင် ဝတ်စုံ ဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က တက်ကြွ ခြေလှမ်းတွေနဲ့ ပြည်သူ့ လွှတ်တော် ခန်းမထဲ ဝင်လာပါတယ်။
အသက် ၇၀ ပြည့်နေပြီဖြစ်ပေမယ့် သူရဲ့ ခြေလှမ်းတွေက လူငယ်တဦးထက်တောင် ပိုမို သွက်လက် နေပါ သေး တယ်။ ဒီမိုကရေစီ အတွက် နှစ်ပေါင်း ၂၅ နီးပါး ဖိနှိပ်ချုပ်ခြယ်မှုတွေ၊ တရားဥပဒေမဲ့ ပြုကျင့်မှု တွေ အမျိုးမျိုး စစ်အစိုးရက သူ့အပေါ် ကျူးလွန် တားဆီးခဲ့ပေမယ့် ပြည်သူ့တွေရဲ့ ဆန္ဒ၊ သူရဲ့ မာကျောတဲ့ စိတ်ဓာတ်တွေကို မချေ ဖျက်မတားဆီးနိုင်ခဲ့ပါဘူး။ ဒီမိုကရေစီဆီ သွားနေတဲ့ သူ့ခြေလှမ်းတွေကို စစ်အစိုးရက မရိုက်ချိုးနိုင်ခဲ့ပါဘူး။
နံနက် ၉ နာရီ ၅၀ မိနစ်မှာတော့ ဘဲလ်တီးသံတွေ ပြည်သူ့ လွှတ်တော် အဆောက်အအုံ တခုလုံး ဆူညံသွားပြီး မကြာခင်မှာ လွှတ်တော် အစည်းအဝေး စတင်ပါတယ်။ လွှတ်တော် ဗဟို အလယ်တည့်တည့်က ထွန်းလင်းတဲ့ မီးဆိုင်းအလင်းရောင်နဲ့အပြိုင် ပင်နီရောင်တွေကလည်း လွှတ်တော်ထဲမှာ ဖွေးဖွေးလှုပ်နေပါတယ်။
ထူးခြားမှုကတော့ လားရှိုးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဇီးကုန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခံထားရတဲ့ ဒုတိယသမ္မတဦးဉာဏ်ထွန်းတို့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ရဲ့ ပထမဆုံးနေ့ကို လာရောက်ခြင်းမရှိတာပါပဲ။
လွှတ်တော် အရာရှိတွေက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ရင်း ပြည်သူ့ လွှတ်တော် သဘာပတိအဖြစ် NLD ပါတီရဲ့ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်ကို တင်မြှောက်ပါတယ်။ ဒေါ်ခင်ဌေးကြွယ်က လွှတ်တော် သဘာပတိ ထိုင်ခုံပေါ်ကို တက်ရောက်နေရာယူချိန်မှာတော့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မျက်နှာမှာ အပြုံးတချို့ မြင်တွေ့လိုက်ရပါတယ်။
သမိုင်းဝင် လွှတ်တော်ရဲ့ အစမှာ အမျိုးသမီး အမတ် တဦးကို ပြည်သူ့ လွှတ်တော်သဘာပတိအဖြစ် ဆောင်ရွက် စေခြင်းဖြင့် မြန်မာ့လွှတ်တော်သမိုင်းကို ရာဇဝင် မော်ကွန်းထိုးလိုက်တာပဲဖြစ်ပါတယ်။ ဒေါ်ခင်ဌေးကြွယ်က မြန်မာ့နိုင်ငံရေးသမိုင်းအတွက် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော်ကို ကြီးကြပ်ရတဲ့ ပထမဦးဆုံးသော အမျိုးသမီး အမတ်တဦးအဖြစ် မှတ်တမ်းတင် ကျန်ရစ်သွားပါတယ်။
“ကျွနု်ပ်တို့သည် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံပြီး ဖြစ်ပါသဖြင့်” ဆိုပြီး ဒေါ်ခင်ဌေးကြွယ် က ရှေ့က တိုင်လိုက်တဲ့အချိန်မှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံး ညီညီညာညာနဲ့ မတ်တပ် ရပ်လို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကတိသစ္စာ ပြုချက်ကို လိုက်ဆိုကြပါတယ်။
အဲဒီနောက် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ အဖြစ် NLD ပါတီရဲ့ တာမွေမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၊ ဒုတိယဥက္ကဋ္ဌ အဖြစ် ကြံ့ခိုင်ရေးပါတီမှ ကွတ်ခိုင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ် တို့ကို တင်မြှောက်ပါတယ်။
ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က စင်မြင့်ထက် ဥက္ကဋ္ဌ နေရာ ရယူပြီး နှုတ်ဆက်မိန့်ခွန်းပြောချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည် နောက်တကြိမ် ထပ်ပြုံးပြန်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် မလှမ်းမကမ်းမှာ ထိုင်ခွင့် ရသူ NLD လွှတ်တော် အမတ်တွေက ဆိုပါတယ်။
“အဂတိတရား ကင်းစင်ရေး၊ ဥပဒေပြုသူတွေက ဥပဒေချိုးဖောက်သူတွေ မဖြစ်စေရ၊ ဒီမိုကရေစီ အရေး ၊ ပြည်သူ ဗဟိုပြု” ဆိုတဲ့ စကားရပ်တွေက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သစ် ဦးဝင်းမြင့်ရဲ့ နှုတ်ဆက်မိန့်ခွန်းမှာ ပါဝင်လာ တာမို့ အနာဂတ် ဒီမိုကရေစီ အရေးအတွက် မျှော်လင့်ချက် ရောင်ခြည်တွေ ပိုမိုသန်းလာတယ်လို့ NLD အမတ်တွေက ဆိုပါတယ်။
လွှတ်တော်မှာ လူနည်းစု ဖြစ်နေတဲ့ ကြံ့ုခိုင်ရေးပါတီ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ငြိမ်သက် လွန်း လှပြီး သူတွေရဲ့ မျက်နှာ အသွင်အပြင်က စိတ်မသက်မသာ ရှိပုံပါပဲ။ ပျော်ရွှင်တက်ကြွနေတဲ့ NLD အမတ်တွေနဲ့ တည်ကြည်ခက်ထန်နေတဲ့ တပ်မတော်သား အမတ်တွေရဲ့ အသွင်အပြင်က မတူကွဲပြား ခြားနား နေတာတော့ အသေအချာပါပဲ။
လွှတ်တော်ဥက္ကဋ္ဌဟောင်း ဖြစ်တဲ့ သူရဦးရွှေမန်း၊ NLD ပါတီနာယက သူရဦးတင်ဦး၊ နိုင်ငံတကာ သံအမတ်ကြီး တွေလည်း NLD ပါတီအမတ်အများစု ပါဝင်တဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးကို လေ့လာသူတွေအဖြစ် တက်ရောက်ခဲ့ကြပါတယ်။
သူရဦးရွှေမန်းကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ထွန်းရေးအတွက် အားလုံး ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်လို့ သတင်းမီဒီယာတွေ ပြောဆိုပါတယ်။
နေ့လယ် ၁၁ နာရီကျော်လေးမှာတော့ ပြည်သူ့ လွှတ်တော်အစည်းအဝေး ပြီးဆုံးကြောင်း ကြေညာလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် တွေ အားလုံး ပြည်သူ့ လွှတ်တော် ခန်းမ ဆောင် ထဲကနေ ပြန်လည် ထွက်ခွာသွားပါတယ်။ ပင်နီလွှမ်းနေတဲ့ သမိုင်းဝင် ခွပ်ဒေါင်းလွှတ်တော်ရဲ့ ပထမဆုံးနေ့ အစီအစဉ်က ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့ပါတယ်။