လွန်ခဲ့သော ၄ လခန့်က ပခုက္ကူမြို့၊ ရွှေအိမ်ဖြူ လက်ဘက်ရည်ဆိုင်တွင် နှစ်ဖက်အချင်းများ ရန်ဖြစ်ရာမှ သေဆုံးသွားသည့် သားဖြစ်သူအမှုအား တရားမှျှတစွာ စီရင်ပေးရန် ဖခင်ဖြစ်သူက ယနေ့တွင် တကိုယ်တော် ဆန္ဒပြခဲ့သည်။
ရန်ဖြစ်ရာမှ သေဆုံးခဲ့သူ မောင်သန်းထိုက်အောင်၏ ဖခင်ဖြစ်သူ ဦးဝင်းမောင်သည် ယနေ့နံနက်ပိုင်းက ပခုက္ကူမြို့၊ ရိပ်သာလမ်းမကြီး၊ စာဖြေသံဃာဆောင် မှတဆင့် မြို့မလမ်းကြီးအတိုင်း လမ်းလျှောက်ကာ ပခုက္ကူတရားရုံးရှေ့တွင် တကိုယ်တော် ဆန္ဒထုတ်ပြသခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်မှာ ၂၀၁၅ နိုဝင်ဘာ ၁ ရက်နေ့၊ ညဆယ့်တစ်နာရီခွဲခန့်က ပခုက္ကူမြို့၊ ရွှေအိမ်ဖြူ လက်ဘက်ရည်ဆိုင်၌ မောင်သန်းထိုက်အောင် (အသက် ၂၂ နှစ်) သည် ဘောလုံးပွဲကြည့်နေစဉ် တဖက်စားပွဲဝိုင်းတွင် ထိုင်နေသူများနှင့် စကားများရာမှ အချိုရည်ပုလင်းဖြင့် ခေါင်းကိုအရိုက်ခံရပြီး မန္တလေးဆေးရုံကြီး၌ တက်ရောက်ကုသစဉ် ၂ ရက်အကြာတွင် သေဆုံးသွားခြင်း ဖြစ်သည်။
သေဆုံးသူ မောင်သန်းထိုက်အောင်၏ ဖခင်နှင့် အစ်ကိုဝမ်းကွဲတို့က ပခုက္ကူရဲစခန်းတွင် အမှုဖွင့်ခဲ့ရာတွင်
ဝင်ရောက် ရိုက်နှက်သူ နိုင်အောင်ကျော်ပါ ၄ ဦးစလုံးကို ရဲစခန်းက ဖမ်းဆီးထားခဲ့ကြောင်း သေဆုံးသူ၏ အစ်ကိုဝမ်းကွဲဖြစ်သူ ကိုဝင်းနိုင်ဦးက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
တရားခံများအား ရဲစခန်းတွင် ဖမ်းဆီးထားစဉ်အတွင်း ခရိုင်ဥပဒေအကြံပေး ဦးခင်မောင်ဝင်း မှတ်ချက်ဖြင့် ဖမ်းဆီးထားသူ ၄ ဦးအနက် ၃ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး နိုင်အောင်ကျော် တဦးတည်းကိုသာ တရားစွဲဆို ထားသောကြောင့် ယခုကဲ့သို့ ဖခင်ဖြစ်သူက တကိုယ်တော် ဆန္ဒပြရခြင်း ဖြစ်သည်ဟု ကိုဝင်းနိုင်ဦးက ပြောသည်။
“ဦးလေးဝင်းမောင် (သေဆုံးသူ၏ဖခင်) က တရားရုံးရဲ့ အခုလို ဆုံးဖြတ်ချက်က တရားမှျှတမှု မရှိဘူူးလို့ ယူဆတာရယ်၊ အခု ဖမ်းဆီးခံထားရတာက တရားခံ အစစ်အမှန် မဟုတ်ဘူးလို့ ယူဆတာရယ်ကြောင့် ခွင့်ပြုချက်တင်ပြီး တကိုယ်တော် ဆန္ဒပြတာပါ။ တရားမှျှတအောင် ပြန်လုပ်မပေးဘူးဆိုရင် အစာငတ်ခံ ဆန္ဒပြသွားမယ်လို့ ဒီနေ့မနက်က တရားရုံးရှေ့မှာ ပြောသွားပါတယ်” ဟု ကိုဝင်းနိုင်ဦးက
ဆိုသည်။
အဆိုပါအမှုအား ပခုက္ကူမြို့မ ရဲစခန်းတွင် (ပ) ၄၂၁/၂၀၁၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။