မြန်မာပြည်သူတွေရော၊ ကမ္ဘာ့မီဒီယာကပါ စိတ်ဝင်စားကြတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ပထမနေ့ ကျင်းပတဲ့ အကြောင်းကို အစိုးရ သတင်းစာတွေဖြစ်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာတွေမှာ စာကြောင်း အနည်းငယ်သာ ပါဝင်တဲ့ မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့တဲ့အပေါ် ပြည်သူလူထုရဲ့ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်တဲ့ သမိုင်းဝင်လွှတ်တော်တရပ် ကျင်းပနိုင်ခဲ့တဲ့အပေါ် နိုင်ငံတကာ မီဒီယာများ၊ ပြည်တွင်းရှိ ပုဂ္ဂလိကပိုင် မီဒီယာများက မျက်နှာဖုံးသတင်းတွေအဖြစ် တခမ်းတနားဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် ဖေဖော်ဝါရီ ၂ ရက် နေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာ မျက်နှာဖုံးမှာ ပြည်သူ့လွှတ်တော် ကျင်းပနေတဲ့ ပုံငယ်တပုံနဲ့ “ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပ” ဆိုပြီး ခေါင်းစဉ် တကြောင်းတည်း ဖော်ပြကာ နောက်စာမျက်နှာကို ညွှန်းထားပါတယ်။ ကြေးမုံ သတင်းစာမှာတော့ “ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိကဥက္ကဋ္ဌ တို့ကို ရွေးချယ်တင်မြှောက်” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ စာကြောင်းရေ ၄ ကြောင်းခန့် ကို မျက်နှာဖုံးသတင်းအနေနဲ့ ဖော်ပြပြီး ကျန်တာကိုတော့ စာမျက်နှာညွှန်းထားပါတယ်။ တခြား သတင်းတွေကိုတော့ မျက်နှာဖုံးမှာ နေရာအတော်များများပေးပြီး ဖော်ပြထားတာ တွေ့ရပါတယ်။
အင်္ဂလိပ်ဘာသာ ထုတ်ဝေတဲ့ The Global New Light of Myanmar သတင်းစာမှာတော့ မြန်မာဘာသာ သတင်းစာ ၂ စောင်ထက် ပိုမိုပြီး မျက်နှာဖုံးသတင်း အပြည့်အစုံ ဖော်ပြထားပါတယ်။ ဒါပေမယ့် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ် ရဲ့ နာမည်ကိုတော့ တနေရာမှာ “ဦးတီခွန်မြင့်” ဆိုပြီး မှားယွင်း ရေးသားထားတာကြောင့် စာဖတ်ပရိသတ်က ဝေဖန်ကြပါတယ်။
“ဒါကတော့ ရှင်းရှင်းလေးပဲ။ ကြေးမုံ၊ မြန်မာ့အလင်းဆိုတာ အစိုးရရဲ့ ဝါဒဖြန့်ချိရေးအတွက် အသုံးပြုခဲ့တဲ့ သတင်းစာတွေလေ။ အတိတ်တုန်းကတော့ ဒီသတင်းစာတွေဟာ ပုဂ္ဂလိကပိုင်ဖြစ်ခဲ့ပြီး ဂုဏ်သိက္ခာကြီးမားတဲ့ သတင်းစာဆရာကြီးတွေ အုပ်ချုပ်ခဲ့ဖူးပေမယ့် ၁၉၆၂ ခုနှစ် ဦးနေဝင်း အစိုးရ လက်ထက်ကနေ ၂၀၁၅ ခုနှစ်အထိပဲ ဆိုပါစို့။ အဲဒီအထိက ဝါဒဖြန့်ချိရေးအတွက် သုံးခဲ့တာဆိုတော့ ဒီလောက်ထိပဲ ဖော်ပြတယ်ဆိုတာ အံ့သြစရာမရှိပါဘူး” လို့ ဂျာနယ်လစ် တဦးဖြစ်တဲ့ ဦးဇော်သက်ထွေးက ဆိုပါတယ်။
သူက ဆက်လက်ပြီး “ဒီသတင်းရေးသားဖို့ ပေါ်လစီချမှတ်တဲ့ လူတွေဖြစ်ဖြစ် အုပ်ချုပ်ရေးအဖွဲ့တွေဖြစ်ဖြစ် မကြာခင် လွှဲပြောင်းပေးရတော့မယ့် အစိုးရဟောင်းအဖွဲ့ထဲမှာ ပါဝင်နေတဲ့အတွက် အာဏာရှင်စနစ်ရဲ့ အရိပ်အငွေ့မကင်းတဲ့ အတွေးအခေါ်တွေဆိုတာ ထင်ရှားပါတယ်။ အရေးကြီးတဲ့ သမိုင်းဝင် လွှတ်တော်အစည်းအဝေးကို စာ ၁ ကြောင်း၊ ၂ ကြောင်းဖော်ပြတာက သတင်းဖော်ပြရာမှာ ကွဲပြားခြားနားမှုပေါ့” လို့ ဆက်ပြောပါတယ်။
အစိုးရပိုင် သတင်းစာတွေရဲ့ ပြည်သူ့လွှတ်တော် သတင်း ဖော်ပြတာနဲ့ ပတ်သက်လို့ မသုံးသပ်ချင်ဘူးလို့ NLD ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောပါတယ်။
ဦးဉာဏ်ဝင်းက “NLD အစိုးရ ဖွဲ့ပြီးရင် အစိုးရသတင်းစာဆိုတာ ပုဂ္ဂလိက သတင်းစာနဲ့ အတူတူဖြစ်ရမယ်။ အစိုးရ သတင်းစာလည်း လွတ်လပ်ခွင့်ရှိရမယ်။ ပုဂ္ဂလိက သတင်းစာလည်း လွတ်လပ်ခွင့်ရှိရမယ်။ ပုဂ္ဂလိက သတင်းစာ ကဏ္ဍကတော့ ဒီ့ထက် တိုးတက်လာမယ်လို့ မြင်တယ်။ ဒီနေ့ သတင်းစာမှာ လွှတ်တော်ပဲ ဖွဲ့ရသေးတာဆိုတော့ လွှတ်တော်သတင်းပဲ ပါတယ်ပေါ့။ ဘယ်လို ပါစေချင်တယ် ဆိုတာလည်း ပြောဖု့ိမသင့်ပါဘူး။ ပြောစရာလည်း မရှိသေးဘူး။ အစိုးရသတင်းစာဆိုတာ ဒီမိုကရေစီနိုင်ငံတွေမှာတော့ သိပ်မရှိဘူးလေ” လို့ ပြောပါတယ်။
ဦးဇော်သက်ထွေးကတော့ NLD ပါတီက အစိုးရအဖွဲ့ တာဝန်ယူပြီး နောက်ပိုင်းမှာတော့ အရင်အစိုးရ ထိန်းချုပ်ခဲ့တဲ့ သတင်းစာတွေကို ဖျက်သိမ်းမှာလား၊ အစိုးရရဲ့ သတင်းတွေ၊ လုပ်ဆောင်ချက်တွေကို ပြည်သူသိဖို့ ဖော်ပြမှာလား၊ ပြည်သူသိသင့်တဲ့ ဘက်မျှသော သတင်းများကို ဖော်ပြဖို့ ဆက်လက် ထားရှိမလား ဆိုတာကိုတော့ သတင်းစာဆရာတွေအနေနဲ့ စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှု အများဆုံးနဲ့ အစိုးရဖွဲ့နိုင်ပြီဖြစ်တဲ့ NLD ပါတီ ရဲ့ လွှတ်တော်ပထမနေ့ သတင်းဟာ သမိုင်းဝင် သတင်းတပုဒ် ဖြစ်တာကြောင့် နိုင်ငံတကာကလည်း ဂရုတစိုက် စောင့်ကြည့်ကြနေကြပေမယ့် သတင်း မထင်မရှားသာ ဖော်ပြခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ သတင်းစာတွေကို ပြည်သူလူထုက ဝေဖန်နေကြတာပါ။
ယမန်နေ့ညက ရုပ်သံသတင်း ထုတ်လွှင့်ခဲ့စဉ်ကလည်း ပြည်သူ့လွှတ်တော် ကျင်းပတဲ့သတင် ကို ၁ မိနစ် ခန့်သာ ထုတ်လွှင့်ခဲ့တယ်လို့ ညဘက် သတင်းကို စောင့်ကြည့်ခဲ့သူတွေက ဆိုပါတယ်။
အစိုးရ ထိန်းချုပ်တဲ့ သတင်းစာတွေဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရဖွဲ့နိုင်ခဲ့တဲ့ ၂၀၁၀ ခုနှစ် ပြည်သူ့လွှတ်တော် ပထမနေ့ ကျင်းပခဲ့စဉ်ကာလက သတင်းနဲ့ ဓာတ်ပုံတွေကို တခမ်းတနား ဖော်ပြခဲ့ဖူးပါတယ်။