မြန်မာနိုင်ငံတဝန်း ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးရာထူးများ၊ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ရာထူးများ အတွက် လျာထားသူ NLD ပါတီမှ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်အမတ် ၅၀ ကို အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းတရပ် NLD က ပို့ချခဲ့ပြီး ယနေ့ သင်တန်း ပြီးဆုံးသွားကြောင်း သတင်းရရှိသည်။
၄ ရက်ကြာမြင့်သော အဆိုပါ သင်တန်းသို့ ပြည်နယ်/တိုင်းဒေသကြီးမှ NLD လွှတ်တော် အမတ် ၅၀ ဦးပါဝင်ပြီး သင်တန်းပြီးဆုံးသည့် ယနေ့တွင် NLD နာယက ဦးတင်ဦး၊ ဗဟို အလုပ် အမှုဆောင် ဦးဝင်းထိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဟောင်း သူရဦးရွှေမန်း၊ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ လာရောက်၍ NLD တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော် အမတ်များ ကို အမှာစကား များ ပြောဆိုကြောင်း သိရှိရသည်။
“ သင်တန်းက အုပ်ချုပ်ရေး ဆိုင်ရာတွေမှာ လုပ်ရမှာတွေကို သင်တန်းပေးတာပေါ့။ အဓိကတော့ ပြည်နယ်/တိုင်းဒေသကြီး အစိုးရရော၊ ပြည်နယ်/တိုင်းလွှတ်တော်တွေရောပေါ့။ အားလုံးအတွက် သင်တန်းကပို့ချတာပါ။ အဓိက အုပ်ချုပ်ရေးပေါ့” ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အမတ် ဦးမန်းဂျော်နီက ဧရာဝတီသို့ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က NLD ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်အမတ်များကို ပူး ပေါင်း ဆောင်ရွက်တတ်သည့် ဓလေ့ ကျင့်သုံးရန်နှင့် အားလုံး ပူးပေါင်းဆောင်ရွက်မှုကို အလေး ထားဆောင်ရွက်ကြရန် မှာကြားကြောင်း သိရှိရသည်။
အုပ်ချုပ်ရေးဆိုင်ရာ သင်တန်း တက်ရောက်ခဲ့သည့် ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော် အမတ်များတွင် ရန်ကုန်တိုင်းဒေသကြီးမှ တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးဖြိုးမင်းသိန်း၊ ဦးနိုင်ငံလင်း၊ ဒေါ်စန္ဒာမင်း အပါအဝင် ၆ ဦး၊ မန္တလေးတိုင်းမှ ဒေါက်တာဇော်မြင့်မောင်၊ မကွေးတိုင်းမှ ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်မှ ဒေါ်နန်းခင်ထွေးမြင့် ၊ ဧရာဝတီတိုင်းဒေသကြီးမှ ဦးမန်းဂျော်နီ အပါအဝင် စုစုပေါင်း ၅၀ ဦးပါဝင်သည်။