ပြည်သူက ရွေးချယ်တင်မြှောက်လိုက်သည့် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည့် လွှတ်တော်အစည်းအဝေး ပထမဆုံး ကျင်းပနိုင်ခဲ့ခြင်းကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရခြင်း၏ နောက်ကွယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများအကြား ညှိနှိုင်းမှုများက ဆက်လက် ရှိနေသည်။ တွေ့ဆုံမှုများကလည်း အခြေခံဥပဒေ ပြင်ဆင်ရန် သို့မဟုတ် အစိုးရအဖွဲ့ဝင်များ ခန့်အပ်ရန် ရေရာသည့် သဘောတူညီချက် ထွက်ပေါ်မလာခဲ့ပါ။
ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်လိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့သော်လည်း ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ သမ္မတ ဖြစ်မလာနိုင်ပါ။ ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူ ခင်ပွန်းနှင့် သား ၂ ဦးတို့က ဗြိတိန်နိုင်ငံသားများ ဖြစ်နေသည့် အတွက် သမ္မတ တာဝန်ထမ်းဆောင်ရန် အရည်အချင်း မပြည့်စုံဘဲ ဖြစ်နေသည်။ သို့သော်လည်း အကယ်၍ သမ္မတ ဖြစ်မလာနိုင်ပါက သူက သမ္မတအထက်တွင် ရှိနေမည်၊ သူနှင့်အတူ အလုပ်လုပ်နိုင်ပြီး သူ၏ ဦးဆောင်မှုကို အပြည့်အ၀ နာခံနိုင်သူတဦးကို သမ္မတအဖြစ် ခန့်အပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားခဲ့ပြီးဖြစ်သည်။
နိမိတ်မကောင်းသည့် လက္ခဏာများ မြင်တွေ့ရခြင်းကလည်း အံ့အားသင့်စရာ မဟုတ်ပါ။ ဇန်နဝါရီလ ၁ ရက်နေ့တွင် ထုတ်ဝေခဲ့သည့် စစ်တပ်ပိုင် မြဝတီသတင်းစာတွင် စစ်တပ်အတွက် ဝါဒဖြန့်ချိသူဟု ယူဆရသည့် စိုင်းဝေဠု အမည်ဖြင့် ရေးသားထားသည့် ဆောင်းပါးတပုဒ်တွင် အခြေခံဥပဒေ ပြင်ဆင်ရေးမှာ မဖြစ်နိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
ထို့ကြောင့် လေ့လာစောင့်ကြည့်သူ တချို့က ထိုဆောင်းပါးကို အကြောင်းပြု၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်ကြီးများ ဆွေးနွေးမှုတွင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဖြေမရရှိသေးဟု ယူဆကြသည်။ ယခင်ကမူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဘက်ထိပ်တန်း ခေါင်းဆောင်များက အခြေခံဥပဒေမှ ဒေါ်အောင်ဆန်းစုကြည်နှင့် သက်ဆိုင်သည့် အငြင်းပွားဖွယ်ရာ စာပိုဒ်ကို ဖြေလျှော့ပေးရန် အသင့်ဖြစ်နေသည်ဟု နိုင်ငံရေး လေ့လာစောင့်ကြည်သူ တချို့က ခန့်မှန်းခဲ့ကြသည်။
ဒီဇင်ဘာလမှစ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ်တို့ ၂ ကြိမ်တိုင်တိုင် တရားဝင် တွေ့ဆုံ ခဲ့ကြသော်လည်း သူနှင့် NLD ခေါင်းဆောင်များက ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများနှင့် အကြိမ်တော်တော်များများ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
ထိုသို့တွေ့ဆုံခဲ့ရာ၌ တကြိမ်တွင် ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပြင်ဆင်သည်ကို မြင်တွေ့ချင်သည်ဟု ပြောခဲ့ကြောင်း သိရပြီး တပ်ချုပ်က စောင့်ဆိုင်းပေးရန် ပြောခဲ့သည်ဟု သိရသည်။
ထို့အပြင် မြန်မာဘာသာဖြင့် ထုတ်ဝေသည့် ပြည်တွင်းသတင်းများ၌ အရေးပါသည့် ဒေသများတွင် ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်နေရာများ ခန့်အပ်ရေးအတွက် ညှိနှိုင်းမှုများ ပြုလုပ်နေဆဲဖြစ်သည်ဟု ဖော်ပြကြသည်ကို တွေ့ရသည်။
နိုဝင်ဘာလနှောင်းပိုင်းတွင် ဝါရှင်တန်ပို့စ် (Washington Post) သတင်းစာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာနိုင်ရေးအတွက် အခြေခံဥပဒေမှ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ပေးရန် ဆန္ဒရှိ မရှိ မေးမြန်းခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကျနော် တယောက်တည်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ အခြေခံ ဥပဒေ အခန်း (၁၂) အရ အခြေခံဥပဒေကို ပြင်ဆင်မှုမှန်သမျှကို လွှတ်တော်မှာ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော့်မှာ တိုက်ရိုက် တာဝန် မရှိပါဘူး” ဟု ဖြေခဲ့သည်။ လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်းကို ကာကွယ်ရေး ဦးစီးချုပ် စေလွှတ်သော စစ်တပ်ကိုယ်စားများက ရယူထားသည်။
ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် ကြိုးစားလိမ့်မည်ဟု NLD ပါတီခေါင်းဆောင် တဦးဖြစ်သော ဦးဝင်းထိန်က ပြောသည်။ သို့သော်လည်း NLD အစိုးရသက်တမ်း၏ ပထမနှစ် အတွင်းတွင် ထိုကဲ့သို့ အပြောင်းအလဲများ ပြုလုပ်နိုင်ဖွယ် မရှိပါ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာရေးက ဖြစ်နိုင်သော်လည်း အပြောင်းအလဲများ ပြုလုပ်နေစဉ် အတွင်း သမ္မတရာထူး ထမ်းဆောင်ရန် သူ၏ ပါတီအတွင်းမှ တစုံတယောက်ကို အမည်စာရင်း တင်သွင်းရတော့မည် ဖြစ်သည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Suu Kyi enters deeper negotiation with armed forces leaders ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။