ပြင်ဦးလွင်မြို့ ၊ အမျိုးသားကန်တော်ကြီး ဘေးပတ်ဝန်ကျင်ရှိ ကော်ဖီစိုက်ခင်းမြေများအား စက်မှုမြေငှားဂရန် အဖြစ် ပြောင်းလဲ ချထားပေးရန် လုပ်ဆောင်မှုကို မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် မြို့ခံအဖွဲ့အစည်းများ စုပေါင်း၍ ယနေ့တွင် ကန့်ကွက်စာ တင်လိုက်ကြောင်း NLD ရွေးကောက်ပွဲအနိုင်ရ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ပြောသည်။
ယခင် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် တချို့နှင့် တပ်မတော် အရာရှိကြီးများ ပိုင်ဆိုင်ထားသည့် ကော်ဖီစိုက်ခင်း မြေဧက ၂၇၀ ကျော်ကို စက်မှုမြေငှားဂရန် ပြောင်းလဲရန် ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ဇန်နဝါရီ ၁၈ ရက်နေ့တွင် နို့တစ်စာထုတ်ကာ ကန့်ကွက်လိုသူများ အနေဖြင့် ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ နောက်ဆုံးထား ကန့်ကွက်ရမည် ဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။
ဦးအောင်မင်းက “ကျနော်တို့ ဒီနေ့ပဲ မြို့ခံ အဖွဲ့အစည်းတွေ စုပေါင်း ဆွေးနွေးပြီး ကန့်ကွက်လွှာ ထပ်တင်ခဲ့တယ်၊ အရင်က ပါတီအနေနဲ့ ကန့်ကွက်ခဲ့သလို တဖွဲ့ချင်းကန့်ကွက်တာတွေလဲ လုပ်ခဲ့ပြီးပြီ” ဟု ဧရာဝတီသို့ ပြောသည်။
၎င်း ကော်ဖီစိုက်ခင်း မြေနေရာများမှာ အမျိုးသားကန်တော်ကြီး၏ ရေဝေရေလဲတော နေရာဖြစ်ပြီး စက်မှုမြေ ငှားရမ်းပြောင်လဲကာ စက်ရုံအလုပ်ရုံများ တည်ဆောက်ပါက သဘာဝပတ်ဝန်းကျင်း များစွာ ထိခိုက်လာနိုင်သည့်အတွက် ကန့်ကွက်ရခြင်း ဖြစ်ကြောင်းလည်း ကန့်ကွက်စာပို့သူများက ပြောသည်။
ယခုကဲ့သို့ ဒေသခံများ၏ ကန့်ကွက်မှုများအပေါ် ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ဌာနဆိုင်ရာအဆင့်ဆင့်သို့ ဆက်လက် တင်ပြသွားရန် အကြောင်းပြန်ထားကြောင်းလည်း ပြင်ဦးလွင် လူငယ်ကွန်ရက်အဖွဲ့ဝင် ကိုကျော်ကျော်ခိုင်က ပြောသည်။
ယခင် ကော်ဖီစီမံကိန်းအဖြစ် ဆောင်ရွက်စဉ်ကလည်း အကွက်ပေါင်း ၅၀ တွင် အမှန်တကယ် စိုက်ပျိုးခြင်း မရှိသည့် အကွက်များလည်း ရှိပြီး ယင်းသို့ စည်းကမ်းဖောက်ဖျက်သူများကို အရေးယူဆောင်ရွက်ခြင်းများလည်း မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ၄ တွင် နေထိုင်သူ မမြတ်စုက “သစ်တောနဲ့ သဘာဝအတိုင်းလေး ရှိနေသေးတဲ့ နေရာတွေကို စက်မှုလုပ်ငန်းတွေ လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး၊ ပတ်ဝန်းကျင်လည်း ပျက်ဆီးသွားမှာပါ၊ ကျမတို့ကတော့ တတ်နိုင်တဲ့အထိကို ကန့်ကွက်မှုတွေ လုပ်သွားမှာပါ” ဟု ပြောသည်။
စက်မှုမြေငှားဂရန် ပြောင်းလဲ ချပေးမည့် အစီအစဉ်ကို ကန့်ကွက်သည့်အနေဖြင့် အရပ်ဖက်အဖွဲ့အစည်းများက ဦးဆောင်ကာ ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုး လှုပ်ရှားမှုများလည်း ပြုလုပ်ခဲ့ပြီး အစီအစဉ် ဖျက်သိမ်းရေးအတွက် လိုအပ်ပါက ဆန္ဒထုတ်ဖော် တောင်းဆိုမှုများပါ ပြုလုပ်မည်ဖြစ်ကြောင်းလည်း ကန့်ကွက်လက်မှတ်များ ပါဝင်ရေးထိုးခဲ့သူများက ပြောသည်။