အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်ရမည် ဖြစ်ပြီး သမ္မတဖြစ်စေရန်အတွက် ထမ်းပို့မည့်သူဖြစ်ကြောင်း နေပြည်တော်တွင် သတင်းထောက်များကို NLD နာယက ဦးတင်ဦးက ပြောဆိုလိုက်သည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့ နေပြည်တော်၊ လွှတ်တော်အဆောက်အအုံတွင် ပြည်နယ်/တိုင်း ဒေသကြီး အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းတရပ်တက်ရောက်သည့် NLD အမတ် ၅၀ ကို လာရောက် အမှာစကားပြောကြားပြီးနောက် ပြန်လည် ထွက်ခွာစဉ် သတင်းထောက်များ၏ မေးမြန်းမှုကို ဦးတင်ဦးက ယင်းသို့ ဖြေကြားလိုက်ခြင်းဖြစ်သည်။
သတင်းထောက်တဦးက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် တားဆီးထားသည့် အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) ပြင်ဆင်နိုင်မည်လော ဟုမေးမြန်းရာ ဦးတင်ဦး က ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရမည်ဖြစ်ကြောင်း၊ သူ့အနေဖြင့် သမ္မတလုပ်မည် မဟုတ်ကြောင်း ပြန်လည် ဖြေဆိုသွားသည်။
“ဒေါ်အောင်ဆန်းစုကြည် ဖြစ်ရမှာပေါ့။ ဖြစ်ရမှာပေါ့။ ကျနော်က အားလုံး အောင်မြင်အောင် ထမ်းပို့မယ့် အထမ်းသမားဗျ။ ဒါပဲ”ဟု ဦးတင်ဦးက သတင်းထောက်များကိုပြောသည်။
၄ ရက်ကြာကျင်းပခဲ့ပြီး ယနေ့ နေပြည်တော်တွင် ကျင်းပပြီးစီးသွားသည့် ပြည်နယ်/တိုင်း ဒေသကြီး အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဟောင်း ဦးရွှေမန်း လည်း လာရောက်ခဲ့ပြီး အမှာစကားပြောကြားခဲ့ကြောင်း ဦးတင်ဦးက သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားသည်။
NLD လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောဆိုချက်အရ လတ်တလော ဒေါ်အောင်ဆန်း စုကြည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရှိရေး တပ်မတော်နှင့် NLD ခေါင်းဆောင် ပိုင်းအကြား ညှိနှိုင်းမှုများရှိနေပြီး တပ်မတော်၏ ပြန်ကြားချက်ကို NLD စောင့်ဆိုင်း နေဖွယ်ရှိကြောင်း၊ လတ်တလော ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်သေးပါက ယာယီသမ္မတ တင်မြှောက်ရန် NLD ခေါင်းဆောင်ပိုင်းက ပြင်ဆင်ထားဖွယ်ရှိကြောင်း စုံစမ်းသိရှိရသည်။