မွန်ပြည်နယ် ကျိုက်မရောမြို့တွင် ထိုင်းနိုင်ငံမှ ဘိလပ်မြေ ကုမ္ပဏီတခုက ဒေသဆိုင်ရာ အာဏာပိုင်များကို အသိပေးခြင်း မရှိဘဲ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတခု တည်ဆောက်နေသည်ဟု သံသယရှိသူ ဒေသခံများက ယင်းစီ မံကိန်းကြောင့် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မည်ကို စိုးရိမ်လျက်ရှိကြောင်း သတင်းရရှိသည်။
အဆိုပါ ကျောက်မီးသွေးစက်ရုံကို ကျိုက်မရောမြို့နယ်အနီးရှိ ဇမိမြစ်ဘေးတွင် တည်ဆောက်ထားပြီး ကျောက်မီးသွေးစက်ရုံမှ ထွက်ရှိ လာသည့် လျှပ်စစ်ဓာတ်စွမ်းအင်ကို ဘိလပ်မြေ စက်ရုံတစ်ခုလုံး လည်ပတ်နိုင်ရန် ရည်ရွက်ပြီး တည်ဆောက်နေကြောင်း၊ ယင်းဘိလပ် မြေစက်ရုံသည် ထိုင်းနိုင်ငံမှ Siam Cement Group (SCG)၏ ဘိလပ်မြေထုတ် စက်ရုံခွဲ၏ လုပ်ငန်းခွဲတခုအဖြစ် တည်ဆောက်ထားပြီး မော်လမြိုင် ဘိလပ်မြေ လီမီတက် (MCL)ဟု အမည်ပေးထားကြောင်း မွန်ဆရာတော် နိုင်ကေသရာက ဧရာဝတီသို့ မိန့်သည်။
ကျိုက်မရော ဒေသခံ ဆရာတော် နိုင်ကေသရာက“ဒါက ဒေသခံပြည်သူတွေကို ထိခိုက်နိုင်သလား ဆိုတာကို စုံစမ်းစစ်ဆေးဖို့ လိုပါ တယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ တည်ဆောက်နေသည့် MCL ၏ စက်ရုံရှိ ကျောက်မီးသွေး လောင်စာသုံးစက်ရုံသည် ဓာတ်အား ၂၀ မီဂါဝပ် ထုတ်လုပ်နိုင်မည် ဖြစ်ပြီး လုပ်ငန်း လည်ပတ်ရန်အတွက် ဇမိမြစ်ရေကို မှီခိုရမည်ဖြစ်ကြောင်း၊ ကျောက်မီးသွေးစက်ရုံမှ ထွက်ရှိသည့် အန္တရာယ်ရှိသည့် စွန့် ပစ်ရေများသည် အနီးတဝိုက်တွင် ရှိနေသည့် ကျေးရွာ အနည်းဆုံး ၅ ခု ဘေးအန္တရာယ်နှင့် လူနေမူဘဝများ စိုးရိမ်းရမည် ဖြစ်ကြောင်း ဒေသခံ တက်ကြွလှုပ်ရှားသူများက ပြောသည်။
SCG က ကျိုက်မရောမြို့နယ်တွင် ဘိလပ်မြေစက်ရုံ တည်ဆောက်မည်ဟုသာ အာဏာပိုင်များသို့ အသိပေးခဲ့သည်ဟု မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံရသူ ဦးအောင်နိုင်ဦးက ပြောသည်။
ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေး စက်ရုံတည်ဆောက်မည့်အကြောင်း ဖော်ပြခဲ့ခြင်း မရှိကြောင်း၊ ထို့ကြောင့် လက်ရှိ အခြေ အနေကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် ၎င်းက တောင်းဆိုသည်။
ဦးအောင်နိုင်ဦးက“သူတို့က ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်မယ်ဆိုတာကို ပြည်နယ်လွှတ်တော်ကိုရော ပြည်နယ် အစိုးရကိုပါ အသိမပေးခဲ့ပါဘူး”ဟု ပြောသည်။
ဓာတ်အားပေး စက်ရုံတည်ဆောက်နေခြင်းကို ဒေသခံလုံခြုံရေးအစောင့်များက သူ့ကို ပြောပြခြင်းဖြစ်ကြောင်း MCL မှ ဝန်ထမ်းများ အတွင်းမှာပင် လျှို့ဝှက်ထားကြောင်း ဆရာတော် နိုင်ကေသရာက မိန့်ကြားသည်။
ဆရာတော်က“သူတို့က ဒေသခံတွေကို အသိမပေးဘူး။ ပြီးခါနီးကျမှ သိရတယ်။ သူတို့က ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ဆောက်နေတာကို စက်ရုံအလုပ်သမားတွေကိုတောင် သိခွင့်မပေးဘူး”ဟု မိန့်သည်။
ကျိုက်မရော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ အဖွဲ့ဝင်များက စက်ရုံအနီးတဝိုက်တွင် နေထိုင်သူများ၏ စီမံကိန်း၏ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု အလားအလာများနှင့် ပတ်သက်၍ စတင်ပညာပေးနေကြပြီ ဖြစ်သည်။ လွန်ခဲ့သည့် ၂ ပတ်က ပြု လုပ်သည့် ပထမဆုံး အစည်းအဝေးပွဲသို့ ဒေသခံ ပြည်သူ ၁၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
ဆရာတော် နိုင်ကေသရာက“ဒီဓာတ်အားပေးစက်ရုံက သူတို့ရဲ့ ဘဝနေထိုင်မှုအပေါ် ဘယ်လို သက်ရောက်မှုရှိမလဲဆိုတာကို ဒေသခံ ပြည်သူတွေက နားမလည်ကြဘူး။ တကယ်လို့ ဒီစက်ရုံက ဒေသခံတွေကို မထိခိုက်ပါဘူးလို့ ကုမ္ပဏီက ပြောမယ်ဆိုရင် သူတို့အနေနဲ့ အာမခံချက်ပေးဖို့ ဒါမှမဟုတ် ဒေသခံတွေကို ဘယ်လို ကာကွယ်ပေးမလဲဆိုတာကို ပြသဖို့ လိုပါတယ်”ဟု မိန့်သည်။
ကျိုက်မရောတွင် ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် ၂၀၁၄ ခုနှစ်တွင် SCG က Pacific Link Cement Industries နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ စက်ရုံကို ယခုလာမည့် မတ်လတွင် အပြည်အ၀ လည်ပတ်နိုင်မည်ဟု ခန့်မှန်းထားပြီး ၁ နှစ်လျှင် ဘိလပ် မြေတန်ချိန် ၁.၈ သန်း ထုတ်လုပ်နိုင်မည်ဟု ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတခုက ပြောသည်။
ထိုင်းနိုင်ငံမှ အကြီးဆုံး ဘိလပ်မြေလုပ်ငန်းများထဲတွင် တခု ဖြစ်သည့် SCG က နောက် ၅ နှစ် ကာလအတွင်း အမေရိကန် ဒေါ်လာ ၇ ဘီလီယံအထိ တိုးချဲ့ ရင်းနှီးမြှုပ်နှံသွားရန် ရှိပြီး ထိုပမာဏ၏ တဝက်မှာ မြန်မာနိုင်ငံ အပါအဝင် အာဆီယံ နိုင်ငံများတွင် ဘိလပ်မြေ စက်ရုံများ တည်ဆောက်ရန်အတွက် ဖြစ်သည်ဟု သိရသည်။