ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးကန်အား နိုင်ငံတကာအသိအမှတ်ပြု ရေတိမ်ဒေသ(Ramsar Site) အဖြစ် မနေ့က ကျရောက်သည့် ကမ္ဘာ့ရေတိမ်ဒေသနေ့ (World Wetlands Day)တွင် သတ်မှတ် လိုက် ကြောင်း အစိုးရသတင်းတွင် ဖော်ပြထားသည်။ အင်းတော်ကြီးကန်ရှိ ရေဝင်ရေထွက်ချောင်းများ၊ ရာသီ အလိုက်ရေဝပ်သော စားကျက်မြေများ နှင့် စပါးခင်းများ ပါဝင်သော အင်းတော်ကြီးရေတိမ်ဒေသမှာ ပြည်တွင်းသာမက နိုင်ငံတကာအတွက်ပါ အရေးပါသော သဘာဝတန်ဖိုးများရှိပြီး ရမ်ဆာ သဘောတူညီချက်ပါ စံနှုန်းများနှင့် ကိုက်ညီသဖြင့်အသိအမှတ်ပြုခံရခြင်းဖြစ်သည်ဟု သိရသည်။
ရေတိမ်ဒေသဆိုသည်မှာ မြေအောက်ရေကြောင့်ဖြစ်စေ၊ မြေပေါ်မှ စီးဝင်သည့် ရေကြောင့်ဖြစ်စေ ကိန်းဝပ်နေသည့် ရေဝပ်မြေသား၌ ပေါက်ရောက်နေသည့် အပင်များ၊ ငါးနှင့် ရေပျော်ငှက်များအပါအဝင် ရေသတ္တဝါများ ပေါက်ဖွား ရှင်သန်သည့် ဒေသတခုဖြစ်သည်။ ထို့ကြောင့် ရေတိမ်ဒေသများကို ထိန်းသိမ်းရန်အတွက် ၁၉၇၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂ရက်နေ့ မှ အီရန်နိုင်ငံ ကက်စပီယံပင်လယ်ကမ်း ခြေရှိ ရမ်ဆာမြို့မှာ ကွန်ဖရင့်တရပ်ပြုလုပ်ပြီး နိုင်ငံတကာသဘောတူညီမှုဖြင့် World Wetlands Day အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
မြန်မာ့အကြီးဆုံး သဘာဝရေချိုကန်ဖြစ်သော အင်းတော်ကြီးကန်တွင်ရှားပါ ငှက်မျိုးပေါင်း ၁ဝဝ ကျော် နေထိုင်ကျက်စားပြီး နိုဝင်ဘာလမှ မတ်လအတွင်း ဆောင်းခိုငှက်နှင့် ဌာနေငှက် စုစုပေါင်း အနည်းဆုံးကောင်ရေ ၂ဝဝဝဝ ခန့်ကို ပုံမှန်တွေ့ရှိရကြောင်း အစိုးရသတင်းက ဆိုသည်။