ထိုင်းနိုင်ငံအခြေစိုက် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ The Nation သတင်းစာမှာ နိုင်ငံရေးဆိုင်ရာ ကာတွန်းတွေကို ကာလရှည်ကြာစွာ ထိထိမိမိ ရေးဆွဲခဲ့ပြီး လူသိများသူ Stephane “Stephff” Peray ကို ထိုင်းအာဏာပိုင်များက မီဒီယာဗီဇာ၊ အလုပ်လုပ်ခွင့် ပါမစ်နဲ့ စာနယ်ဇင်းကတ်တွေကို ပိတ်ပင် ပယ်ချလိုက်ပါတယ်။
အဲဒီလို ပိတ်ပင် ပယ်ချလိုက်တာနဲ့ ပတ်သက်ပြီး Stephane “Stephff” Peray က သူရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖေဖော်ဝါရီလ ၂ ရက်နေ့က ထုတ်ဖော်ပြောဆိုထားပါတယ်။
“ကျနော့်ကို မုန်းတဲ့သူတွေ အတွက်ကတော့ အလွန်ကောင်းတဲ့ သတင်းပါ။ ၁၆ နှစ်ကြာပြီးတဲ့အခါမှ နိုင်ငံခြားရေး ဝန်ကြီး ဌာနက ကျနော့်ရဲ့ ဗီဇာ၊ အလုပ်လုပ်ခွင့်ပါမစ်နဲ့ စာနယ်ဇင်းကတ်တို့ကို သက်တမ်းတိုးပေးဖို့ ငြင်းပယ်လိုက်ပါတယ်” လို့ သူက ရေးထားပါတယ်။
ပြင်သစ်နိုင်ငံသား Stephane Peray ဟာ The Nation သတင်းစာမှာ “Stephff” အမည်နဲ့ ကာတွန်းတွေ ရေးဆွဲခဲ့တာပါ။ အာဏာသိမ်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာကိုလည်း သရော်တဲ့ ကာတွန်းတွေ ရေးခဲ့ပါတယ်။
The Nation သတင်းစာရဲ့ စီမံခန့်ခွဲမှု အယ်ဒီတာ Jintana Panyaarvudh ကလည်း အဆိုပါသတင်း မှန်ကန်ကြောင်း အတည်ပြုခဲ့ပါတယ်။
Stephane Peray ဟာ ထိုင်းနိုင်ငံမှာ စာနယ်ဇင်းသမားအဖြစ် လုပ်ကိုင်ရင်း အခက်အခဲ တွေ့ရတဲ့ နိုင်ငံခြားသားများထဲမှာ လတ်တလော အနေနဲ့ နောက်ဆုံးကြုံရသူ ဖြစ်ပါတယ်။ ထိုင်း နိုင်ငံခြား သတင်းထောက်များ ကလပ်ရဲ့ ဥက္ကဋ္ဌ Jonathan Head က စစ်တပ်အာဏာ သိမ်းယူခြင်းမပြုမီက ထိုကဲ့သို့ ပြဿနာများ မရှိခဲ့ကြောင်းပြောဆိုပြီး ဒီပြဿနာကို ဖြေရှင်းပေးဖို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဌာနကို တောင်းဆိုထားပါတယ်။
၂၀၁၄ ခုနှစ် မေလမှာ ထိုင်းစစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက် ထိုင်းမှာ အလုပ်လုပ်ကိုင်ခွင့်နဲ့ သတင်းရယူခွင့် ပိတ်ပင်ခြင်း ခံရတဲ့ နိုင်ငံခြားသား သတင်းသမား ၅ ဦးရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဧရာဝတီမှာလည်း ကာတွန်းတွေ ဖော်ပြခံရဖူးတဲ့ Stephff ကတော့ “မျှမျှတတ ပြောရရင် ဒီဆုံးဖြတ်ချက်က ပရာယွတ် ချန်အိုချာ ဆီက လာတယ်လို့ မပြောနိုင်ပါဘူး။ အခြေအနေအရ ဒီလို ဖြစ်နိုင်ပေမယ့် သက်သေ မပြနိုင်ဘူး။ အလွတ်တန်း စာနယ်ဇင်းသမားတွေကို အခက်အခဲဖြစ်အောင် အမြဲလုပ်နေကျ အစိုးရ ဝန်ထမ်းတွေက တာဝန် အကျေလွန်သွားတာ ဖြစ်နိုင်ပါတယ်” လို့ tweeter မှာ ရေးသားထားပါတယ်။
ကိုးကား – Khaosod
ဧရာဝတီမှာ ဖော်ပြခဲ့တဲ့ Stephff ရဲ့ ကာတွန်းတွေကို ဒီနေရာတွေမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။