မွန်ပြည်နယ် မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်တွင် နေထိုင်သည့် မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့မှ ဗိုလ်မှူး အဆင့်ရှိသူတဦး၏ နေအိမ်တွင် တရားမဝင် သိမ်းဆည်းထားသည့် လက်နက်များကို ဇန်နဝါရီ ၂၉ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့က ပြောဆိုသည်။
ဖြစ်စဉ်မှာ ဗိုလ်မှူးချုပ် နိုင်အိုင်ချမ်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့တခုဖြစ်သည့် မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသူ ဦးမင်းမြင့်နိုင် (ခေါ်) နိုင်ကိုနိုင်၏ နေအိမ်မြေအောက်ခန်းနှင့် ကားပေါ်တွင် တရားမဝင် သိမ်းဆည်းထားသည့် ၉ မမ ပစ္စတို၊ ပွိုင့် ၃၂ ပစ္စတို၊ အေကေ 47၊ အမ် 16 နှင့် လေသေနတ်တလက် အပါအဝင် လက်နက်အတိုအရှည် ၈ လက်နှင့် ကျည်ဆံများကို တွေ့ရှိ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
လက်နက်ဖမ်းဆီးရမိသည့် သတင်းနှင့် ပတ်သက်ပြီး မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲအရာရှိတဦးက “သတင်းရလို့ ဝင်ဖမ်းတာ။ သူက မွန်ငြိမ်းချမ်းကာကွယ်ရေး အဖွဲ့ကလို့ ပြောတယ်။ လက်နက်တွေကလည်း သူတို့တပ်ကို ပေးရမယ့်ပစ္စည်းတွေ ဖြစ်တယ်။ ဝယ်ပြီးပို့ပေးရမှာလို့ စစ်ဆေးတွေ့ရှိထားတယ်။ လောလောဆယ်သူ့ကို စခန်းမှာ ချုပ်ထားတယ်” ဟု ပြောသည်။
ထိုအမှုကို မော်လမြိုင်မြို့နယ် ဇေယျာသီရိမြို့နယ် ရဲစခန်းက လက်နက် (ယာယီ) ပြင်ဆင် အက်ဥပဒေ ပုဒ်မ ၁၉/၁ (က) အရ အမှုဖွင့်အရေးယူကာ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇွန်လကလည်း မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်တွင် နေထိုင်သည့် အောင်ကျော်မိုးနှင့် အောင်ဇော်မိုး ညီအစ်ကို ၂ ဦးထံတွင် တရားမဝင် သိမ်းဆည်းထားသည့် အမဲပစ်ရိုင်ဖယ်၊ ပစ္စတိုနှင့် ခြောက်လုံးပြူး သေနတ်အလက်ပေါင်း ၄၀ ကျော်၊ ဆက်သွယ်ရေးစက် ကိရိယာများနှင့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့နှစ်ဦးအား လက်နက်ကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ ဆက်သွယ်ရေး စက်ကိရိယာ တရားမဝင်ကိုင်ဆောင်မှုနှင့် သာမန်လက်နက်မှု စသည့် ပုဒ်မ ၁၉ (က)၊ ၂၂ (ခ)၊ ၁၉ (ခ)၊ ၁၉ (င) အပါအဝင် ပုဒ် ၅ ခုဖြင့် အမှုဖွင့်စုံစမ်း စစ်ဆေးခဲ့သည်။