၂၀၁၅-၁၆ အယ်နီညိုသည် ယခင် ၁၈ နှစ်တာက ဖြစ်ပေါ်ခဲ့သည့် စံချိန်ကိုချိုးပြီး ရာစုနှစ်အတွင်း အားအကောင်းဆုံး အယ်လ်နီညို ဖြစ်လာမည်ဟု မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က သူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ယနေ့ မနက်ပိုင်းက ရေးသားဖော်ပြခဲ့သည်။ ယခင်စံချိန်ဟောင်း အားအကောင်းဆုံး အယ်လ်နီညိုနှစ်မှာ ၁၉၉၇-၉၈ ဖြစ်သည်။ ယခုနှစ် အယ်လ်နီညို အင်အားက 0.7°C ပိုမြင့်သည်ဟု ဆိုသည်။
အယ်လ်နီညို၏ သက်ရောက်မှုကြောင့် တပြည်လုံးတွင် မိုးလျော့နိုင်ပြီး အပူချိန်များ တိုးလာနိုင်ကြောင်း၊ မိုးလေဝသပညာရှင်များ မှန်းဆထားသည့်အတိုင်း ပူပြင်းခြောက်သွေ့လာမည့် နွေရာသီတွင် ကဏ္ဍ ၃ ခု ဖြစ်သည့် ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ရေရရှိရေးတိုးအတွက် အထူး သတိပြုရန်လည်း ဒေါက်တာ ထွန်းလွင်က တိုက်တွန်းထားသည်။
အယ်နီညိုနှစ်၏ သက်ရောက်မှုကြောင့် ရေရှားပါးမှု တချို့ မြန်မာနိုင်ငံနေရာတချို့တွင် စတင် ခံစားရနေပြီ ဖြစ်ကြောင်း သိရသည်။
သတင်းများအရ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ကျေးရွာတချို့တွင် ၂၀၁၅ ခုနှစ်ကုန်ကတည်းက သောက်သုံးရေ ရှားပါးမှုဒဏ်ကို စတင် ခံစားနေရသလို မကွေးတိုင်းအတွင်းက နေရာတချို့တွင်လည်း သောက်သုံးရေ ရှားပါးမှုဒဏ်ကို စတင်ခံစားနေရပြီ ဖြစ်ကြောင်း သိရှိရသည်။