ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး တားဆီးနေသည့် ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ ရေး အရေးကြီး အဆိုတရပ် တင်သွင်းမည် ဖြစ်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ်များက အတည်ပြုပြောသည်။
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများကို ဖေဖော်ဝါရီလ ၈ ရက်နေ့ စတင်မည်ဖြစ်ပြီး လတ်တလော ၈ ရက်နေ့ အစည်းအဝေး အစီအစဉ်တွင် ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေး အဆို တင်သွင်းမည့် အစီအစဉ်မပါဝင်ဟု NLD ကိုယ်စားလှယ်တဦးက ပြောသည်။
“အခုလောလောဆယ် ဖေဖော်ဝါရီလ ၈ ရက်နေ့ အတွက် ပြည်ထောင်စုလွှတ်တော် အစည်း အဝေး အစီအစဉ် ဇယား စာရွက်တော့ ရောက်နေပြီ။ ဒါပေမယ့် ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေး အဆို ဆိုတာမျိုးတော့ မပါဘူး။ တနင်္လာနေ့ ၈ ရက်နေ့မှာ ဥပဒေကြမ်းကော်မတီ ဖွဲ့မှာ တွေ အစီ အစဉ်မှာပါနေတယ်။ ကော်မတီတွေဖွဲ့ဖို့ပဲ ပါတယ်။ ဒါပေမယ့်လည်း အရေးကြီး အဆို ဆိုတာမျိုးက အစီအစဉ် ဇယားမှာ ပါလေ့မရှိဘူး။ အဲဒီတော့ အရေးကြီးအဆို ပါရင်လည်း ပါနိုင် တယ်။ ကော်မတီဖွဲ့ပြီးမှ လာနိုင်သလို၊ ပထမဆုံးနေ့မှာလည်း လာနိုင်တယ်။ဒါပေမယ့် အရေးကြီး အဆိုရဲ့ သဘောကတော့ အစီအစဉ်ဇယားမှာ ပါလေ့မရှိဘူး” ဟု ရန်ကုန်တိုင်း ဒေသကြီးမှ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။
ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေး အရေးကြီးအဆိုကို မကြာမီ တင်သွင်းမည်ဖြစ်ပြီး ယင်းသို့ တင်သွင်း ရန်နှင့် ဥပဒေကြောင်းအရ အသေးစိတ်ကိစ္စများကို ညှိနှိုင်းလျက်ရှိကြောင်း ဒေါ်အောင်ဆန်း စုကြည်နှင့် အလွန်နီးစပ်သည့် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦး အတည်ပြု ပြောဆိုသည်။
“ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေးလိုမျိုး အဆိုက မကြာခင် တင်မှာပါ။ အနှေးနဲ့အမြန်ပဲ”ဟု NLD လွှတ်တော်အမတ်က ဆက်လက်ပြောဆိုသည်။
စစ်တပ်ပိုင် မြဝတီ သတင်းစာတွင် ပုဒ်မ ၅၉ (စ) မပြင်ဆင်သင့်ဆိုသည့် ဆောင်းပါးများကို မကြာသေးခင်က ဖော်ပြခဲ့သေးသည်။
ပုဒ်မ ၅၉ (စ)သည် နိုင်ငံသမ္မတအရည်အချင်းသတ်မှတ်ချက်ဖြစ်ပြီး နိုင်ငံခြားသားသား၊ သမီး ၊ ဇနီး၊ ခင်ပွန်း ရှိသူ မဖြစ်စေရ ပြဋ္ဌာန်းထားရာ နိုင်ငံခြားသား သား ၂ ဦးရှိနေသည့် ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရေး တားဆီးလျက်ရှိနေသည့် ပုဒ်မ ၁ ခုဖြစ်သည်။