လိင်ဆက်ဆံမှုမှတဆင့် ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူတဦးကို အမေရိကန်နိုင်ငံမှာ ပထမဆုံးတွေ့ရှိ ကြောင်း တက္ကဆက်ပြည်နယ် ဒါးလက်စ်စီရင်စုရှိ ကျန်းမာရေးဌာန(DCHHS) က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။သူဟာ ဇီကာဗိုင်းရပ်စ် ပြန့်ပွားနေတဲ့ နိုင်ငံတခုကို ခရီးသွားရင်း ကူးစက်ခံထားရသူနဲ့ လိင်ဆက်ဆံရာက ဇီကာဗိုင်းရပ်စ်ကပ်ညှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါးလက်စ်စီရင်စုရှိ ကျန်းမာရေးဌာန(DCHHS) ဒါရိုက်တာ Zachary Thompson ကတော့ “လိင်ကနေ တဆင့် ကူးစက်တတ်တယ်ဆိုတာ ကျနော်တို့ အခုသိရတာပဲ၊ ဒါကြောင့် လူထုကို အသိရှိဖို့ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ပညာပေးလှုပ်ရှားမှုတွေ လုပ်ရမယ်၊ ရောဂါကာကွယ်နိုင်ဖို့ကတော့ လိင်ဆက်ဆံမှု လုပ်မယ်ဆိုရင် ကွန်ဒုံသုံးတာ အကောင်းဆုံးလို့” ဆိုပါတယ်။
လတ်တလောဖြစ်ပွားနေတဲ့ ဇီကာဗိုင်းရပ်စ်ဟာ ဘရာဇီးနိုင်ငံမှတဆင့် လက်တင်အမေရိကနိုင်ငံများကို ပျံနှံနေခြင်းဖြစ်ပြီး အမေရိက၊ ဥရောပနှင့် ပစ္စဖိတ်တောင်ပိုင်းဒေသများအပါအဝင် ကမ္ဘာတလွှားမှာ ကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၂၇ နိုင်ငံရှိ ပြီဖြစ်ပါတယ်။
ခြင်ကနေ ကူးစက်တဲ့ ဇီကာဗိုင်းရပ်စ်ဟာ အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံများလည်း တွေ့ရှိနေရ ပြီဖြစ်သလို၊ ဥရောပတိုက်က အိုင်ယာလန်နိုင်ငံမှာလည်း ရောဂါဖြစ်ပွားသူတွေကို တွေ့ရှိတယ်လို့ သိရပါတယ်။
အခုအခါမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)ကလည်း လက်ရှိဖြစ်ပွားနေသည့် ခြင်မှတဆင့်ကူးစက်သော ဇီကာဗိုင်းရပ်စ်ပိုးနှင့် ပတ်သက်၍ ကမ္ဘာ့တဝှန်း အရေးပေါ်အခြေအနေထုတ်ပြန်ထားပါတယ်။