မြန်မာနိုင်ငံတော်ကို ချမ်းသာကြွယ်ဝသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံဖြစ်ရေန်အတွက် မလို အပ်သော ဥပဒေများကို ပယ်ဖျက်ပြီး လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ သစ်အဖြစ် စတင် တာဝန်ထမ်းဆောင်သည့် မန်းဝင်းခိုင်သန်းက ပြောသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အဖြစ်တင်မြှောက်ခံရပြီးသည့်နောက် လွှတ်တော်သို့ ပြောကြား သောမိန့်ခွန်းတွင် မန်းဝင်းခိုင်သန်းက ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်ပြီး ဖက်ဒရယ် ပြည်ထောင်စု စနစ်ဖြစ်ထွန်းရန် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသားရင်ကြားစေ့ရေး ဆောင် ရွက် ရမည်ဖြစ်ကြောင်း ပြောဆိုသည်။
“ချမ်းသာကြွယ်ဝတဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံဖြစ်အောင် ဆောင်ရွက်ရာမှာ ငြိမ်းချမ်းရေး ရရှိဖို့ တရားဥပဒေစိုးမိုးရေးရရှိဖို့ အမျိုးသားရင်ကြားစေ့ရေး ရရှိဖို့ အထူးပဲလိုအပ်ပါတယ်။ အဲဒီ အတွက် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးတို့ကို ဖော်ဆောင် ပေးမယ့် တရားဥပဒေတွေ လိုအပ်မှာဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကြီးက နိုင်ငံတော်ရဲ့ အာဏာ ၃ ရပ်အနက် ဥပဒေပြုရေး အာဏာ ရရှိထားတဲ့ အဖွဲ့ကြီးဖြစ်တဲ့ အားလေ ျှာ်စွာ ငြိမ်းချမ်းရေး တရားဥပဒေစိုးမိုးရေး၊ အမျိုးသားရင်ကြားစေ့ရေးအတွက် လိုအပ်တဲ့ ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းဖို့၊ မလိုအပ်တဲ့ ဥပဒေများကို ပြင်ဆင်ပယ်ဖျက်ဖို့ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်” ဟု မန်းဝင်းခိုင်သန်းက ဆိုသည်။
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးတည်ဆောက်ရာတွင် လူမျိုးစွဲ၊ ဘာသာစွဲ၊ ပုဂ္ဂိုလ် စွဲ မထားဘဲ နိုင်ငံသားစိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြရန်လည်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ကျနော်တို့ ကိုယ်စားလှယ်ကြီးတို့အနေနဲ့ လူမျိုးစွဲ၊ ဘာသာစွဲ ပုဂ္ဂိုလ်စွဲတွေ မထားဘဲ ငါတို့ဟာ ပြည်ထောင်စုမြန်မာနိုင်ငံသားတွေဖြစ်တယ်။ တမြေတည်းနေ တရေတည်းသောက်တဲ့ ညီအစ်ကို မောင်နှမတွေဖြစ်တယ်လို့ ခံယူပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကြီးဖြစ်ပေါ်ရေးအတွက် လိုအပ်တဲ့ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသား ရင်ကြားစေ့ရေးတို့အတွက် ဖော်ဆောင်ပေးမယ့် ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့၊ တဦးကို တဦး ယုံယုံကြည်ကြည် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ ကြိုးစားပေးကြပါ” ဟု မန်းဝင်းခိုင်သန်းက ပြောသည်။
ယနေ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးကို ပထမဦးဆုံးအကြိမ်အဖြစ် ခေါ်ယူ ကျင်းပခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အဖြစ် NLD ပါတီမှ မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ အဖြစ် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်တို့ကို တင်မြှောက်ခဲ့ကြသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ တို့သည် ပြည်ထောင် စု လွှတ်တော်နာယက နှင့် ဒုတိယနာယကအဖြစ် ၂ နှစ်ခွဲတာ ဆောင်ရွက်ရ မည်ဖြစ်ပြီး ကျန် ၂ နှစ်ခွဲတွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို ပြည်ထောင်စု လွှတ်တော်နာယကနှင့် ဒုတိယနာယက တာဝန်များ လွှဲပြောင်း ပေးအပ်ရမည်ဖြစ်သည်။